သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမှု သမ္မတဘုရှ် လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ရဲ့ နေအိမ်အကျယ်ချုပ်သက်တမ်းကို မြန်မာစစ်အစိုးရက ထပ်တိုးလိုက်တဲ့အပေါ် အမေ ရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ အပြင်းအထန်
ဝေဖန်လိုက်ပါတယ်။ အခုလို မြန်မာစစ်အစိုးရ
အပေါ် ဝေဖန်မှုတွေ ရှိပေမယ့်လည်း မြန်မာ
ဆိုင်ကလုံး ဒုက္ခသည်တွေအတွက် အကူအညီ
တွေကိုတော့ အမေရိကန်ပြည်ထောင်စုက ဆက်ပေးသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ
ဘုရှ်က ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေး
ဌာနကနေ ဗွီအိုအေသတင်းထောက် ဒေးဗစ်
ဂေါလ်လပ်စ်တ် (David Gollust) သတင်းပေးပို့ထားတဲ့အတိုင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာစစ်အစိုးရလက်ကိုင်တုတ် အဖွဲ့အစည်းတွေက အကြမ်းဖက်
တိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ အချိန်ကတည်းကစလို့ မြန်မာ
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားသလို
အခုလို ဆက်ပြီး အကျယ်ချုပ်သက်တမ်း တိုးလိုက်တဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်
စုအနေနဲ့ သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ သမ္မတဘုရှ်က ဆိုပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့ဲအစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝ
တဲ့ တွေ့ဆုံဆွေးနွေးမှုစတင်ဖို့ သမ္မတဘုရှ်က ကြေညာချက်တစောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် မြန်မာစစ်အစိုးရက အာဏာလွှဲမပေး
ခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ပဲ အများ
အားဖြင့် ရှိနေခဲ့တာပါ။

မြန်မာစစ်အစိုးရက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်
ချုပ်သက်တမ်းကို တိုးလိုက်တာဟာ သူတို့လုပ်နေကြအရာတခု လုပ်လိုက်တာဖြစ်လို့ အံ့သြစရာမဟုတ်ပေမယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်တော့ ဒါဟာ ဝမ်းနည်း
စရာအချက်ပါလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean
McCormack) က မှတ်ချက်ချ ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဆက်လက်ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုက အပြင်းအထန် ဝေဖန်ရှုတ်ချပေမယ့် ဒီ့အတွက်ကြောင့် မြန်မာ
နိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရရဲ့ ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုတွေကိုတော့ ထိခိုက်မှာမဟုတ်ပါဘူးလို့ အမေရိကန်သမ္မတဘုရှ်က ပြောဆို
ခဲ့သလိုပဲ ရှောင် မက်ကောမက်ကလည်း ဒါကို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ ဒီကိစ္စနှစ်ခုကို ခွဲခြားထားပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဆိုးဝါးတဲ့
လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အရင်ကတည်းက လူသိ
ရှင်ကြား ပြောဆိုနေခဲ့ကြတဲ့အတိုင်း အခုလည်း ဒီအတိုင်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ ဆက်ပြီး ဝေဖန်ပြောဆိုမှုတွေကို လုပ်သွားမှာပါ။
ဒါပေမယ့် မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ကျနော်တို့ အခုလို ဝေဖန်
ပြောဆိုနေတဲ့ တချိန်တည်းမှာ မြန်မာနိုင်ငံသားတွေအတွက် အခုအချိန်မှာ တကယ့်ကို
လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ၊ အထောက်အပံ့တွေပေးဖို့ ကျနော်
တို့ ဆက်ပြီးကြိုးစားသွားမှာပါ။”

မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ အမေ ရိကန်ပြည်ထောင်စုက ကူညီဖို့ ကတိပြုထားသလို အခြေခံလိုအပ်ချက် အထောက်အပံ့ ပစ္စည်းတွေကိုလည်း လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် မုန်တိုင်း
ဒုက္ခသည်တွေ အမှန်တကယ်လိုအပ်နေတာကို ကူညီနိုင်ဖို့ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး
သင့်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမေရိ
ကန် ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုတော့ မြန်မာစစ်အစိုးရက လာရောက်ခွင့်မပြုပါ
ဘူး။ အဲဒီဒေသက ဒုက္ခသည်တွေကို အမေရိကန်စစ်ဖက်က အထောက်အပံ့ပစ္စည်းတွေ တိုက်ရိုက်ဖြန့်ဝေခွင့်ကိုလည်း မြန်မာစစ်အစိုးရက ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းကြီးက ကမကထပြု ကြီးမှူးကျင်းပ
ခဲ့တဲ့ အလှူရှင်များညီလာခံမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ သန်းနဲ့ချီတဲ့ မုန်တိုင်းဒုက္ခသည်တွေကိုကူညီဖို့ အမေရိကန်အနေနဲ့ အထောက်အပံ့ပစ္စည်းတွေနဲ့
အတူ ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ကမ်းလှမ်းထားတဲ့အကြောင်း အမေ
ရိကန် နိုင်ငံခြားရေးဌာနက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီ
ခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့အပတ်က ကတိပြုထားတဲ့အတိုင်း ဒါကို
ချက်ချင်း အကောင်အထည်ဖော်ဖို့ကိုလည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

အများဝေဖန်ခံနေရတဲ့ မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည် ပြုနိုင်ရေးအတွက် မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ရွှေ့ဆိုင်းထားတဲ့ လူထုဆန္ဒခံယူပွဲကို မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့စနေနေ့က အပြီးသတ် ဆန္ဒကောက်ယူခဲ့တဲ့အပေါ်မှာလည်း စိတ်ပျက်မိတဲ့အကြောင်း ဒီကြေညာချက်ထဲမှာ ဆက်လက်ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG