သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သက်တမ်းထပ်တိုး


ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ နိုင်ငံတကာက ၀ိုင်းပြီး တောင်းဆိုဖိအားပေးမှုတွေ ရှိနေတဲ့ ကြားကပဲ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် သက်တမ်း ထပ်ပြီး တိုးလိုက်ကြောင်း မေလ(၂၇)ရက်နေ့မှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

နောက်ထပ် ဘယ်လောက် ဆက်ဖမ်းချုပ်ထားဦးမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူးလို့ အာဏာပိုင်တစ်ဦးက သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပြီးခဲ့တဲ့ ၁၈နှစ်တာကလအတွင်း ၁၂နှစ်ကျော် နေအိမ်မှာ အကျယ်ချုပ်ချထားတာ ဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်ကစပြီး ၆လ တကြိမ်၊ ဒါမှမဟုတ် ၁နှစ်တကြိမ် အကျယ်ချုပ် သက်တမ်းတွေ တိုးလာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားပြုရှေ့နေ တစ်ဦးဖြစ်တဲ့ ဂျရတ် ဂျန်စာ (Jared Genser) က အခုတခါ အကျယ်ချုပ် သက်တမ်းကို နောက်ထပ် ခြောက်လ တိုးလိုက်တာလို့ ယူဆကြောင်း အေပီ သတင်းဌာနကို ပြောဆိုပါတယ်။

“သူ့ကို နောက်ထပ် သက်တမ်းတိုး ဖမ်းဆီးထားတာဟာ တရားမ၀င်ဘူး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်ဆိုတဲ့ လျောက်လဲချက်ကို ရယူဖို့အတွက် ကုလသမဂ္ဂဆီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကျွန်တော်တို့ တင်မှာဖြစ်ပါတယ်။”လို့ ဂျရတ် ဂျန်စာ က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေဖြစ်တဲ့ နိုင်ငံတော်အား နှောက်ယှက်ဖြတ်ဆီးသူများ၏ အန္တရယ်မှ ကာကွယ်သည့် ဥပဒေအရလည်း လူတစ်ဦးကို ၃နှစ်မှ ၅နှစ်အထိသာ ဖမ်းချုပ်ထားနိုင်ခွင့်ရှိတာပါ။

ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီရေး ထောက်ခံအားပေးသူတွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းချုပ်ထားတဲ့အတွက် မေလ ၂၇ရက်နေ့က ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။

NLD ပါတီဝင်တွေဟာ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အထိန်းအမှတ် အခန်းအနားကို မေလ ၂၇ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ဆန္ဒပြသူတွေဟာ NLD ဌာနချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ချီတက်ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းမှာ ချီတက်သူတွေကို လုံထိန်းတပ်တွေက ကုန်ကားတစင်းထဲ အတင်း တွန်းတင်သွားတာကို မြင်လိုက်ရတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သက်တမ်း ထပ်တိုးလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘုရှ်က အင်မတန် စိတ်မသက်မသာ ဖြစ်ရပါတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဘေးသင့်ဒုက္ခသည်တွေအတွက် တကမ္ဘာလုံးက စာနာမှုနဲ့ ကူညီနေကြတဲ့အချိန် မှာ မြန်မာစစ်အစိုးရအနေနဲ့ စိတ်ကောင်းစေတနာထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ိရာယုဒ (Hassan Wirajuda) က မေလ ၂၇ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG