သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုဆိုးလာဟု လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ဖော်ပြ


ကုလသမဂ္ဂရဲ့ တကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပြဌာန်းခဲ့တာ နှစ် ၆၀ပြည့်ခဲ့ပေမယ့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ တော်တော်များများဟာ အဲဒီကြေညာချက်စာတမ်း လိုက်နာမှုမရှိဘဲ လူ့အခွင့်အရေးတွေ ချိုးဖောက် နေဆဲပဲ ဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့နှစ်ပတ်လည် အစီရင်ခံ စာမှာ ဖော်ပြ လိုက်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ ၂၀၀၇ခုနှစ် လူ့အခွင့်အရေး နှစ်ပတ်လည် အစီရင်ခံမှာ ဖော်ပြ ထားတဲ့ မြန်မာနိုင်ငံရဲ့ အခြေ အနေကို တင်ပြပါမယ်။

၂၀၀၇ခုနှစ်က ရွှေဝါရောင် တော်လှန်ရေး အတွင်း ရဟန်းရှင်လူ ပြည်သူလူထုကို အကြမ်းဖက် နှိမ်နှင်းတာတွေ ဖမ်းဆီးတာတွေကို အဲဒီအစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။ မြန်မာနိုင်ငံအ တွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိတာတွေ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေ ကို ဥပဒေမဲ့ မတရား နှိပ်ကွပ်နေတာတွေ၊ တိုင်းရင်းသား လူနည်းစုတွေ အပေါ် ဖိနှိပ်နေတာတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက်ထိန်းသိမ်းထားတာတွေ၊ ရွှေဝါရောင် တော်လှန်ရေး ကြီး အပြီး စာရင်းမရှိ ပျောက်ဆုံးနေသူတွေရဲ့ အရေး၊ အကျဉ်းထောင်တွေအတွင်း ယိုယွင်းနေတဲ့ အခြေအနေတွေ၊ အချုပ်ကျခံ၊ အထိန်းသိမ်းခံနေရတဲ့ အချိန်မှာ နှိပ်စက်ခံရလို့ သေဆုံးရတာတွေကို မှတ်တမ်းတွေ၊ နာမည်တွေနဲ့တကွ ဖော်ပြထားတာပါ။

မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြုပြင်ပြောင်းလဲလာအောင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို မျက်ချည်မပြတ် ဖိအား ပေးသွားမှာ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ တဦးဖြစ်တဲ့ ဘန်ဂျမန် ဇဝါစကီး က ဗွီအိုအေကို ပြောပြပါတယ်။

“နှစ်ပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံရဲ့ဖိနှိပ်အုပ်ချုပ်မှုတွေ ပြောရရင် အရင် အခြေအနေ မျိုးလို့တောင် ပြောလို့ မရပါဘူး။ ပိုဆိုးလာတယ်လို့ ပြောရမှာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကုလသမဂ္ဂက မြန်မာ့အရေးကို အမြဲတစေ ဆွေးနွေး ဖြေရှင်းရမယ့် အစီအစဉ်မှာ ရှိနေအောင် လုပ်ဆောင်နေဖို့ အရေးကြီးပါတယ်။ အနောက်နိုင်ငံတွေနဲ့ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံအရေး ဆုံးဖြတ်ချက်တွေ ချရုံတင်မဟုတ် ဘဲနဲ့ ပြတ်ပြတ်သားသား အရေးယူတာမျိုးတွေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂတခု လုံးနဲ့ လူ့အခွင့်အရေး ကောင်စီတွေက မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးကို ကာကွယ်နိုင် အောင် လုပ်ဆောင်ဖို့ ဆက်ပြီး တိုက်တွန်းသွားမယ်ဆိုတာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ကြီးအနေနဲ့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၈၀၀ကျော်ကို လွှတ်ပေးဖို့အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ကုလသမဂ္ဂနဲ့ အခြား ကမ္ဘာ့နိုင်ငံတွေကနေပြီး အမြဲတောင်းဆိုနေပေမယ့် နိုင်ငံရေး အကျဉ်းသား တွေကိုလည်း လွှတ်မပေးတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ် အကျယ်ချုပ်သက်တမ်း ထပ်တိုးလိုက်တဲ့ အပေါ်မှာလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

သဘာ၀ ဘေးအန္တရယ် ကျရောက်လို့ အတိဒုက္ခရောက်နေရတဲ့ ပြည်သူလူထုကို စစ်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း ဘန်ဂျမန် ဇဝါစကီးက အခုလို ဝေဖန်လိုက်ပါတယ်။

“ဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြားမှာ မြန်မာနိုင်ငံကို ပိုပြီး သိလာနေကြပါတယ်။ စီးပွားရေး။ လူမှုရေး ယဉ်ကျေးမှုစတဲ့ ဘက်ပေါင်းစုံက မြန်မာပြည်သူတွေရဲ့ အခွင့်အရေး အားလုံး ချိုးဖေါက်ခံနေရပါတယ်။ ဒုက္ခသည်တွေကို ကူညီခွင့်၊ ဒုက္ခသည်တွေအနေနဲ့ ခိုလှုံ နေထိုင်ခွင့်နဲ့ ရပ်တည်ခွင့် ဒီအခြေအနေမှာ အားလုံး ဆုံးရှုံးနေတာကို တွေ့ရမှာပါ။ ”

နာဂစ်ဆိုင်လုံး မုန်တိုင်းကြောင့် လူတွေ ဒုက္ခရောက်နေကြတဲ့ အထဲမှာ ကယ်ဆယ်ရေးကို အသာဘေးချိတ်ပြီးတော့ အာဏာတည်မြဲရေး အတွက် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ လူ့အခွင့်အရေးအတွက် အာမခံချက်မရှိတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ သုံးသပ်ချက်က ဒီလိုပါ။

“ဖွဲ့စည်း ပုံအခြေခံဥပဒေ အသစ်က စိုးရိမ်စရာ ကောင်းပါတယ်။ လူ့အခွင့်အရေးကို အကာအကွယ် မပေးရုံတင် မဟုတ်ဘဲ၊ မြန်မာ စစ်အစိုးရထဲက လက်ရှိနဲ့ နောင် လူ့အခွင့်အရေး ချိုးဖေါက်ခဲ့သူ တွေကို အပြစ်ပေး အရေးယူတာမျိုးမလုပ်ဘဲ လွတ်ငြိမ်းခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံမျိုးလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို အတည်ပြုသည်ဖြစ်စေ။ အတည်မပြုသည်ဖြစ်စေ လူ့အခွင့်အရေး ကို ထည့်သွင်းစဉ်းစားမထားတဲ့ ဖွဲ့စည်းပုံပါ။ အခုအခြေအနေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီဖွဲ့စည်းပုံကို လက်မခံပါဘူး။ ဒီဖွဲ့စည်းပုံက လူ့အခွင့်အရေးကို ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။”

လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံအတော်များများရဲ့ အစိုးရတွေဟာ လူထုကို တောင်းပန်ဖို့ တာဝန်ရှိတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် အိုင်ရင်းခန်းက ပြောပါတယ်။ ဒါပေမဲ့ အဲဒီအစိုးရတွေရဲ့ မတရားမှုတွေကို ဖော်ထုတ်ပြီး တရားမျှတရေး၊ လူ့အခွင့်အရေးအတွက် တောင်းဆိုခဲ့ကြတဲ့ ကမ္ဘာတဝန်းက လူထုကို ချီးကျူးလိုက်ပါတယ်။

“၂၀၀၇ခုနှစ်ကို ကျမတို့ ပြန်ကြည့်ရင် မြန်မာပြည်က သံဃာတော်တွေ၊ ပါကစ္စတန်က ရှေ့နေတွေကို အထူးမှတ်တမ်းတင်ကြရမှာပါ။ တကယ်တော့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အစိုးရတွေကို အရှက်ခွဲနိုင်ခဲ့တဲ့ သူတွေဟာ လမ်းမပေါ်က လူထုပါပဲ။”

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅၀ရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို လေ့လာပြီး ဒီအစီရင်ခံ စာကို ပြုစုထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ဂွာတာနာမို ပင်လယ် အော်နဲ့ အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ရုံးတင်စစ်ဆေးတာတွေ မရှိဘဲနဲ့ အကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်းထားတာတွေနဲ့ စစ်ဆေးမေးမြန်းတဲ့ နည်းစနစ်တွေကိုေ၀ ဖန်ထားသလို သေဒဏ်အပြစ်ပေးတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ သဘောတူညီချက်ကို လိုက်နာကျင့်သုံးဖို့ ပျက်ကွက်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၈ခုနှစ်က အတည်ပြု ပြဌာန်းခဲ့တဲ့ ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းဟာ ထူးခြား ပြောင်မြောက်တဲ့ ခေါင်းဆောင်မှုကနေ ပေါ်ထွက်လာတာမို့ လူသားတိုင်း တန်ဖိုးထား လိုက်နာရမှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတကတော် အယ်လီနာ ရုစဗက်က ပြောခဲ့ဖူးပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG