မြန်မာစစ်အစိုးရက သူတို့ဦးစီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည် ပြုလိုက်ပြီဆိုတဲ့အကြောင်း မနေ့ကပဲ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ
မဲလိမ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ မကျေနပ်မှုတွေ ထွက်နေပေမယ့်လည်း အာဏာပိုင်တွေရဲ့ အရေးယူဆောင်ရွက်တာတွေမရှိဘဲ အခုတော့ ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပါပြီ။ မြန်မာစစ်အစိုးရရဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကိုသွားမယ့် လမ်းပြမြေပုံကတော့ တဆင့်ပြီးတဆင့်သွားနေတာ လာမယ့် ၂၀၁၀ ခုနှစ်မှာ နောက်တကြိမ် ရွေးကောက်ပွဲ ထပ်လုပ်ပါလိမ့်မယ်။
ဒီပုံအတိုင်းဆိုရင် မြန်မာ့နိုင်ငံရေးဟာ တကယ်ပဲ ဒီမိုကရေစီပေါ်ထွန်းရေးကို ဦးတည်
နေပြီလား။ လွတ်လပ်ပြီး တရားမျှတပါတယ်ဆိုတဲ့ ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲရဲ့
ရလဒ်က ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေကို သိနိုင်ဖို့ ပြည်ပရောက် မြန်မာ့အရေး ဆောင်ရွက်သူတွေနဲ့ လေ့လာသုံးသပ်သူတချို့ကို ကိုကျော်အောင်လွင်က ဆက်သွယ်
မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ပထမဦးဆုံး NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းရဲ့ တုံ့ပြန်ချက်ကတော့ …
“ကျနော်တို့အနေနဲ့ ဘယ်လိုမှ လက်ခံလို့မရတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ဒါက
ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ကို ဦးတည်မှာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ပြဿနာကို
လည်း ဖြေရှင်းနိုင်မယ့် အခြေခံဥပဒေမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့က ကန့်ကွက်
ထားပြီးသား။ ဆိုင်ကလုံးမုန်တိုင်း မကျခင်ကတည်းက မြန်မာပြည်ရဲ့အခြေအနေက
ယိမ်းယိုင်ပြီး စီးပွားရေး၊ လူမှုရေး အားလုံးထိုးကျနေတာ။ ဒါကြောင့် ဒီတိုင်းသာ
ဆက်သွားရင် အခြေအနေတွေပိုဆိုးလာပြီး နောက်ဆုံး တပ်မတော်ကိုယ်တိုင် သိက္ခာ
ကျပြီး ဒုက္ခရောက်နိုင်မယ့် အခြေအနေကို မြင်တယ်။”
နိုင်ငံတကာ အခြေခံဥပဒေဆိုင်ရာ ကိစ္စတွေကို အထူးလေ့လာထားတဲ့ အမေရိကန်
ရောက် ဒေါက်တာ အင်ဒရူး ငုံကြုံးလျှံကတော့ မြန်မာပြည်နိုင်ငံရေးဟာ ဒီမိုကရေစီကို ဦးတည်နေတယ်ဆိုပေမယ့် ပြည်သူတွေလိုချင်နေတဲ့ ဒီမိုကရေစီတော့ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ထဲက တခုချင်းဖြိုခွဲလာတာ
အခု နောက်ဆုံးအဆင့်ရောက်နေပြီလို့ ကျနော်ထင်တယ်။ နိုင်ငံရေးပါတီတွေအားလုံး
ကို ဖြိုခွင်းလိုက်တဲ့အချိန်ကျရင် ၉၀ ရွေးကောက်ပွဲကလည်း သူ့ဘာသာသူ ပျောက်
သွားမယ်လို့ ယူဆပါတယ်။”
လမ်းပြမြေပုံ ၇ ချက်က တဆင့်ပြီးတဆင့်တက်လာတာ ရွေးကောက်ပွဲပြီးရင်တော့ မြန်မာစစ်အစိုးရက အကောင်အထည်ဖော်မယ့် ဒီမိုကရေစီဆိုတာ ဖြစ်လာတော့
မယ်လို့ ယူဆလို့ရနေပါပြီလား။
“အရင်တုန်းကလည်း မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီးတော့
တိုင်းပြည်ကို ဇောက်ထိုးမိုးမျှော်ကျသွားအောင် လုပ်သွားတယ်။ အခုလည်း မြန်မာ့
နည်း မြန်မာ့ဟန်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုပြီး နာမည်ပေးထားတော့ သူတို့
လိုချင်တဲ့ ဒီမိုကရေစီတော့ ရမှာပါ။ ဒါပေမယ့် ပြည်သူလိုချင်တဲ့ ဒီမိုကရေစီတော့
ဘယ်လိုနည်းနဲ့မှ မရနိုင်ပါဘူး။”
မြန်မာ့အရေးသုံးသပ်သူ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်ကလည်း ဒီအတိုင်း
ဆိုရင် မြန်မာပြည်သူတွေအနေနဲ့ ဒီမိုကရေစီအတုတော့ ရလိမ့်မယ်လို့ ဆိုပါတယ်။
လမ်းညွှန်မြေပုံ ၇ ချက်နဲ့သွားရင် တကယ်ပဲ မြန်မာပြည်ဟာ ဒီမိုကရေစီပြောင်းလဲမှု
တွေ ဖြစ်လာမယ်လို့ ဆရာတို့ သုံးသပ်ပါသလား။
“မြန်မာပြည်မှာ ဒီမိုကရေစီလိုချင်တဲ့လူက တကယ်လိုချင်သလား၊ မလိုချင်ဘူးလား
ဆိုတဲ့အပေါ်မှာ ရှိတာကိုး။ သူများလုပ်ပေးမှာကို ထိုင်စောင့်နေရင်တော့ ဘယ်တော့ရ
မလဲ။ ကျနော်တို့ အပြင်လူအနေနဲ့တော့ မြန်မာပြည်မှာ ဒီမိုကရေစီလှုပ်ရှားမှု တကယ်
ရှိသလား၊ တကယ်ပဲ ရွတ်ရွတ်ချွံချွံ လုပ်ရဲတဲ့လူ ရှိသလား၊ အဲဒါမျိုး ကြည့်ရတာပေါ့။
ဥပမာ အင်္ဂလန်မှာ အာဏာရှင်စနစ်ပြုတ်သွားအောင် ဒီအတိုင်း အလကားရတာ
မဟုတ်ဘူး။ ပြည်တွင်းစစ်ဖြစ်၊ စစ်ဒဏ်ကြောင့် လူ ၂ သိန်းလောက်သေပြီးမှ ဥပဒေနဲ့
အုပ်ချုပ်တဲ့ ဘုရင်စနစ်ပေါ်လာတာ။ အမေရိကန်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အင်္ဂလိပ်ဘုရင်ပေးတာကို ထိုင်စောင့်နေရင် အမေရိကန် ဘယ်တော့မှ လွတ်လပ်ရေး ရမှာမဟုတ်ဘူး။”
ဆိုလိုတဲ့သဘောက မြန်မာပြည်မှာ ဒီမိုကရေစီလိုလားသူတွေအနေနဲ့ ဒီမိုကရေစီ
ရလောက်အောင် အားထုတ်မှုတွေ ပြည့်စုံမှုမရှိသေးဘူးဆိုတဲ့ သဘောများလား။
“ဟုတ်ပါတယ်။ ပြည်တွင်းရဲ့အင်အားစုပါပဲ။ အရှေ့တီမောမှာဆိုရင် လွတ်လပ်ရေးရ
အောင် သိန်းနဲ့ချီပြီး အသေခံခဲ့ရတယ်။ မြန်မာပြည်မှာ ရှစ်လေးလုံးအရေးအခင်းဖြစ်
တော့ အားလုံးပြောတာ လူ ၃,၀၀၀ သေတယ်ပြောတယ်။ လူ ၃,၀၀၀ သေလို့ နောက် မလုပ်တော့ဘူးဆိုရင်တော့ ဘယ်တော့မှရမှာ မဟုတ်တော့ဘူး။”
အားထုတ်မှုတွေဟာ မလုံလောက်တဲ့အတွက်ကြောင့် လိုချင်တဲ့ပြောင်းလဲမှုက ဖြစ်
မလာဘူး။ အဲဒီအချိန်မှာ စစ်အာဏာပိုင်တွေဘက်ကလုပ်တဲ့ ပြောင်းလဲမှုကိုပဲ ခံစား ရမယ်ဆိုတဲ့သဘောပေါ့။
“ဟုတ်ပါတယ်”
ဆိုတော့ မြန်မာပြည်မှာ ဒီမိုကရေစီရေး လုပ်ကိုင်သူတွေက ထောင်ထဲမှာလည်း
အများကြီးရှိပါတယ်။ လက်ရှိပြောဆိုနေတာတွေလည်းရှိပါတယ်။ ကြိုးကြားကြိုးကြား
ဆန္ဒပြတာတွေ၊ မကျေနပ်ချက်ဖော်ထုတ်တာတွေ ရှိပါတယ်။ ဒီလိုလူတွေရဲ့ အားထုတ်
မှုတွေကို ဘယ်လိုယူဆပါသလဲ။
“ဒါကတော့ ရှိနေတာပဲ။ သူတို့လုပ်နေတာတော့ သူတို့ယုံကြည်ချက်အတိုင်း လုပ်နေ
တာပေါ့။ ရေရှည်ကြည့်ရမှာပေါ့။ ပြင်သစ်တော်လှန်ရေးဆိုရင်လည်း နှစ်ပေါင်း ၁၀၀
လောက်ကျမှ ဒီမိုကရေစီနိုင်ငံ ပေါ်လာတာလည်းရှိတာပေါ့။ အဲဒီတော့ ချက်ချင်း
လက်ငင်းတော့ မရနိုင်ဘူး။ ဒီလူတွေလုပ်နေတာတွေလည်း အချည်းနှီးတော့ မဖြစ်ပါ
ဘူး။ တနေ့ကျရင် သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေက အများကြီး အကျိုး
သက်ရောက်မှုရှိမှာပါ။ သူတို့က လူနည်းစုဖြစ်ပေမယ့် သူတို့ အနစ်နာခံထားတာတွေ
က ဘယ်တော့မှ အချည်းနှီးမဖြစ်ဘူးဆိုတာတော့ ကျနော်တို့သိပါတယ်။”
အာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုတွေအရပဲဖြစ်ဖြစ်၊ ဒီမိုကရေစီလိုလားသူတွေ ကြိုးပမ်းမှု
တွေ အရပဲဖြစ်ဖြစ်၊ နိုင်ငံတကာရဲ့ တွန်းအားပေးမှုတွေ၊ ထောက်ခံမှုတွေအရပဲဖြစ်ဖြစ်
မြန်မာပြည်ဟာ ဒီမိုကရေစီကို ဦးတည်နေတယ်လို့ ပြောလို့ရပါသလား။
“ဦးတည်တယ်လို့ ပြောမယ်ဆိုလည်း ပြောပေါ့ဗျာ။ ဒါပေမယ့် အခုဖြစ်နေတာ ပြည်သူ
လူထုက ဒီမိုကရေစီ အစစ်လိုချင်တယ်။ အစိုးရက အတုပေးတယ်။ အဲတော့ အတုနဲ့
အစစ်ကြားထဲမှာ ပြိုင်နေရတဲ့သဘောရှိတာပေါ့။ လောလောဆယ်ကတော့ အတုပဲရ
မယ်။ အဲတော့ အတုကနေ အစစ်ရအောင် ကြိုးစားရမယ့်လမ်းပဲရှိတော့တယ်။ အကြမ်း
မဖက်ဘဲ အသွင်ကူးပြောင်းတဲ့နည်းဆိုတာ မြန်မာပြည်မှာ မအောင်မြင်ဘူး။ အကြမ်း
ဖက်တဲ့ လက်နက်ကိုင်နည်းကလည်း မအောင်မြင်သေးဘူး။ ဘယ်နည်းမှ မအောင် မြင်သေးတဲ့အတွက် မြန်မာပြည်အခြေအနေက တော်တော်ကြာဦးမှာပဲ။”
ဒီမိုကရေစီဆိုင်ရာ အပြောင်းအလဲတွေမရှိဘဲ စစ်အစိုးရက တိုင်းပြည်ကို မတရား
သဖြင့် အာဏာသိမ်း အုပ်ချုပ်နေတာ ကြာနေပြီလို့ အများကပြောဆိုနေကြတာ အခု
တော့ မြန်မာ့နိုင်ငံရေးဟာ ပြောင်းလဲနေပါပြီ။ ပြည်သူတွေလိုချင်တဲ့ အပြောင်းအလဲ ဟုတ်မဟုတ်ဆိုတာနဲ့ ကိုယ်လိုချင်တဲ့ အပြောင်းအလဲကို ဘယ်လိုလုပ်ယူကြမလဲ
ဆိုတာကတော့ အားလုံးက ဆုံးဖြတ်ပြီး လုပ်ကိုင်ကြရမယ့်ကိစ္စပဲ ဖြစ်လိမ့်မယ်လို့
သုံးသပ်သူတွေက ယူဆနေကြပါတယ်။