မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွေကလူတွေကို သူတို့နေရပ်တွေဆီ အချိန်အခါမသင့်သေးဘဲ အတင်းအကျပ်ပြန်ပို့ တာမျိုးကို ကုလသမဂ္ဂအနေနဲ့ အတည်ပြု ထောက်ခံချက်မပေးပါဘူုးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီလို လုပ်တာဟာ နောက်ထပ် ဘေးအန္တရာယ်တွေကို ကြုံတွေ့ရစေနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
မုန်တိုင်းဒဏ်သင့်လူထုကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ တဖြည်းဖြည်း အရှိန်မြင့်လာတာနဲ့အမျှ မုန်တိုင်းဒဏ်သင့်လူထု ကိုယ့်ရပ်ကိုယ်ရွာပြန်ပြီး မိမိတို့ အသက်မွေးဝမ်းကျောင်းဘဝတွေ ပြန်တည်ဆောက်နိုင်ရေးဟာ အတော့်ကို အရေးကြီးတဲ့ အခြေ အနေမှာ ရောက်နေပြီလို့ ပြောခဲ့သူကတော့ ကုလသမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာ ကူညီကယ်ဆယ်ရေးရုံး OCHA ရဲ့ အာရှဒေသ ညွှန်ကြားရေးမှူး မစ္စတာ တာရီယဲ စကာ့ဗ်ဒါးလ် (Terje Skavdal) ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မိမိသဘောနဲ့မိမိဖြစ်ရမယ်၊ တိုင်ပင်ညှိနှိုင်းဆောင်ရွက်တဲ့ကိစ္စဖြစ်ရမယ်လို့ သူက ထောက်ပြလိုက်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ကတော့ အတင်းအကျပ် နေရပ်ရင်းပြန်ခိုင်းတာမျိုးကို မထောက်ခံပါဘူးတဲ့။
“ဘာထောက်ပံ့မှု၊ ဘာဝန်ဆောင်မှုမှမရှိဘဲ ပြန်ခိုင်းတာမျိုးကို ကျနော်တို့ မထောက်ခံပါဘူး။ လူတွေကို ပြန်လည်နေရာချထားရာ မှာ ကူညီ ထောက်ပံ့ဖို့လိုပါတယ်။ သူတို့နေရပ်တွေဆီ မပြန်ခင်မှာကို ကျေနပ်လောက်ဖွယ်ရာ အခြေအနေတွေ ဖန်တည်းပေးဖို့ လိုပါတယ်။ လူတွေကို အင်အားသုံးပြန်ပို့တာမျိုးကို လုံး၀ လက်မခံပါဘူး။ ဒီအချက်နဲ့ပတ်သက်ပြီး အာဏာပိုင်တွေကို ကုလသမဂ္ဂ က ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ ကျနော်တို့ ဆက်ပြီး စောင့်ကြည့်သွားပါမယ်။” လို့ မစ္စတာ တာရီယဲ စကာ့ဗ်ဒါးလ်က ပြော သွားပါတယ်။
ဒါ့အပြင် မကြာသေးခင် ရက်ပိုင်းကမှ မြန်မာနိုင်ငံက ပြန်ရောက်လာခဲ့တဲ့ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အာရှဒေသ ညွှန်ကြားရေးမှူး မစ္စ အနုပါမာ ရောင် ဆင်းဂ် (Ms. Anupama Rao Singh) ကလည်း အချိန်အခါ မသင့်ခင် လူတွေပြန်ပို့တာဟာ အတော်လေး အန္တရာယ်ရှိပါတယ်လို့ သတိပေးခဲ့ပါတယ်။
“လူတွေကို အချိန်အခါမသင့်ခင် ပြန်ပို့တာ၊ ပြန်လည်နေရာချထားတာဟာ အတော်လေး စိုးရိမ်ဖွယ်အန္တရာယ်ရှိတယ်လို့ မိမိထင် ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ နေရာဒေသ စတုရန်းမိုင် ရာပေါင်း ထောင်ပေါင်းများစွာဟာ လုံး၀ ရေလွှမ်းမိုးနေပါတယ်။ လူ တွေပြန်သွားရင် တကယ့်အန္တရာယ်က ဘာလဲဆိုတော့ သူတို့နေရာတွေမှာ အသက်ကယ် ထောက်ပံ့ဝန်ဆောင်မှုတွေကို မရ တော့မယ့်အခြေအနေပါ။ ဒါ့ကြောင့် မိမိတို့အားလုံးဟာ ရောဂါဘယတွေနဲ့ ကပ်ဘေးတွေကျရောက်မယ့် ဒုတိယလှိုင်းနဲ့ တကယ့် ကို ရင်ဆိုင်ကြရပါမယ်။” လို့ မစ္စအနုပါမာက အလေးအနက် သတိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထုအတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ရေးမှာ ကုလသမဂ္ဂနဲ့ မြန်မာစစ်အစိုးရကြား သဘောတူညီမှုတွေ ရရှိခဲ့တာ သီတင်းတပတ်ကြာသွားပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုလသမဂ္ဂတာဝန်ရှိသူတွေဟာ မြစ်၀ ကျွန်းပေါ်ဒေသကို လွတ်လွတ်လပ်လပ်နဲ့ မြန်မြန်ဆန်ဆန် သွားရောက်နိုင်ရေးရဲ့ အရေးကြီးပုံကို ဆက်ပြီးတော့ ထောက်ပြ ပြောဆိုနေရဆဲပဲရှိပါသေးတယ်။ မစ္စတာ တာရီယဲ စကာ့ဗ်ဒါးလ် က -
“နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများအဖွဲ့ချုပ် IFRC က ကျွမ်းကျင်သူတွေအပါအဝင် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက ကျွမ်းကျင်သူတွေ မြစ်ဝကျွန်းပေါ်ဒေသဆီကို ဗျူရိုကရေစီယန္တယား အတားအဆီးတွေမရှိဘဲ မြန်နိုင်သမျှ မြန်မြန် ပိုပြီးတော့ အရေအတွက်များများ သွားနိုင်တာကို ကျနော်တို့မြင်လိုပါတယ်။” လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂဝန်ထမ်းတွေ မြစ်ဝကျွန်းပေါ်ဒေသသွားရောက်နိုင်ရေးအတွက် ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမယ့် ကာလကို သီတင်း နှစ်ပတ်ကနေ နှစ်ရက်အထိ အစိုးရကလျှော့ချပေးခဲ့ပေမယ့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအတွက် ဘယ်လောက်ကြာမယ် ဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။
နိုင်ငံတကာကအကူအညီတွေကို မုန်တိုင်းဒဏ်သင့်လူထု ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်ရရှိနိုင်ရေးမှာ အာဏာပိုင်တွေ ကြောင့် နှောင့်နှေးမှုတွေကြုံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကလည်း ရက်အတန်ရှိပါပြီ။ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေဟာ ဒီအချက်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားမှုမရှိပေမယ့် သူတို့ ပြောသလောက် မှာကိုပဲ အဟန့်အတားတွေရှိနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများအဖွဲ့ချုပ် IFRC ရဲ့ အရေးပေါ်အမိုးအကာ ထောက်ပံ့ရေးကဏ္ဍ လုပ်ငန်းညှိနှိုင်းရေး မှူး မစ္စတာ ဂရက်ဂ် မက်ဒေါ်နယ်လ်ဒ် (Mr.Gregg McDonald) က အမိုးအကာတွေဖြန့်ဖြူးနိုင်ရေးဟာ မိမိတု့ိကိုပေးထားတဲ့ ခွင့်ပြုချက်အတိုင်းအတာပေါ်မှာ မူတည်နေပါတယ်၊ ဒါပေမယ့် နောက် သီတင်းခြောက်ပတ်အတွင်းမှာ မုန်တိုင်းသင့်လူထုရဲ့ ၄၀ ရာခိုင်နှုန်းဆီကို ဖြန့်ဖြူးပေးနိုင်ဖို့ စီစဉ်ထားပါတယ်တဲ့။
“ပြည်တွင်းမှာ ဖြန့်ဖြူးရေးဟာ စိန်ခေါ်မှုတရပ်အဖြစ် ရှိနေပါသေးတယ်၊ လုပ်ဆောင်နိုင်စွမ်းကလည်း နိမ့်နေဆဲပါ။ ဒါပေမယ့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ရဲ့ အကျယ်ပြန့်ဆုံးကွန်ယက်နဲ့အတူ အဖွဲ့တွေဟာ သွားလာခွင့်တွေ ပိုရလာနေကြပါပြီ။” လို့ဆိုပါတယ်။
ဇွန်လ ၂ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်တော့မယ်လို့ အစိုးရကကြေညာထားတဲ့အတွက် ယူနီဆက်ဖ်အနေနဲ့ မုန်တိုင်းဒဏ်သင့် ကလေးသူငယ်တွေ ပညာသင်နှစ်တနှစ်လုံး လွတ်မသွားစေဖို့ ဦးစားပေးလုပ်ဆောင်နေတယ်လို့ မစ္စ အနုပါမာကပြောပါတယ်။
“ကလေးသူငယ်တွေအတွက် ပညာရေးဝန်ဆောင်မှုပေးဖို့ ဘယ်လို နှောင့်နှေးမှုမျိုးမဆို၊ ပညာသင်နှစ်တနှစ်လုံး လွတ်သွားနိုင်ခြေ ရှိနေတာမျိုးဟာ ကလေးတွေရဲ့အနာဂတ်အတွက် မကောင်းပါဘူး။ ဒါကြောင့် ပညာရေးဝန်ဆောင်မှုတွေ ပြန်လည် ထူထောင် ရေးကို ဦးစားပေးအဖြစ် မိမိသတ်မှတ်ပါတယ်။” လို့ မစ္စအနုပါမာက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာကြုံနေရတဲ့ လူသားဘေးဒုက္ခကပ်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသမှာဖြစ်ခဲ့တဲ့ အတိုင်းအတာ ပမာဏနဲ့ အတော့်ကို တူတယ်လို့ ဆိုပါတယ်။ လက်တွေ့ လုပ်ကိုင်ရတဲ့အခြေအနေချင်းသာ မတူတာပါတဲ့။ ဒါ့ကြောင့်လည်း ကူညီ ကယ်ဆယ်ရေးအဆင့်ဟာ ပြီးမသွားသေးဘူး၊ နောက်ထပ် လအတော်ကြာ ဆက်သွားရဦးမယ်ဆိုတာကို ကုလသမဂ္ဂ တာဝန်ရှိသူ တွေအားလုံးက ပြောနေကြတာပဲဖြစ်ကြောင်းပါခင်ဗျား။