သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းတိုက်ခိုက်မှု ဗိုလ်ချုပ်ကြီးသန်းရွှေ ကိုယ်တိုင်အမိန့်ပေး မြန်မာသံအရာရှိဟောင်းပြော


လွန်ခဲ့တဲ့ ၅ နှစ် ၂၀၀၃ ခုနှစ် မေလကုန်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းလုပ်ကြံတိုက်ခိုက်မှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က အမိန့်ပေး ညွန်ကြားခဲ့တာ ဖြစ်တယ်လို့ မြန်မာ စစ်ထောက်လှမ်းရေးနဲ့ သံတမန် အရာရှိဟောင်း ဖြစ်တဲ့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောကြားလိုက်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ ထောက်ပံ့မှုကို ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းနဲ့ လူရမ်းကားတွေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကားတန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာကြောင့် မိုလို့ လူ ၇၀ ထက်မနဲ သေဆုံးခဲ့ရတယ်လို့ အတိုက်အခံ အဖွဲ့ဝင်တွေက ဆိုပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ နောက်ကြောင်းပြန် ပြောကြားချက်ကို ဗီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက တင်ပြထားပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အမဲစက် ထင်ကျန်ရစ်စေမယ့် သွေးစွန်းတဲ့ နေ့ရက်တစ်ရက် ဖြစ်ပါတယ်။ အထက် မြန်မာပြည်ဘက်မှာ နယ်လှည့်စည်းရုံးရေးခရီး ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ယာဉ်တန်းကို ဒီပဲယင်းမြို့နယ်အတွင်း ညမှောင်မိုက်ချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ လူရမ်းကားတွေပါ ဝိုင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့ကြတာပါ။ ဒီမတိုင်ခင် ရက်တွေမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးခရီးစဉ်တလျှောက် ဒီလူစုတွေရဲ့ သဲသဲမဲမဲ လိုက်နောက်ယှက်မှုတွေ ရှိနေခဲ့ပေမယ့် ဒီလောက်ထိတော့ သွေးချောင်းစီး တိုက်ခိုက်မှုကို ကျူးလွန်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒါဟာ တကယ့်ကို ရက်ရက်စက်စက် စီမံလုပ်ကြံမှု တစ်ခုသာ ဖြစ်ပါတယ်လို့ မြန်မာ စစ်ထောက်လှမ်းရေး အရာရှိဟောင်းနဲ့ သံတမန်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်မှူး အောင်လင်းထွဋ်က ဗီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“အမှန်တိုင်း ပြောရရင်တော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရှင်းရှင်းပြောရရင်တော့ အသေ လုပ်ကြံတာပဲခင်ဗျ။ ကျနော် သိသလောက်ပေါ့လေ။ နောက်ပိုင်း ကျနော်တို့ ပြန်ပြောကြတဲ့ အခါမှာပေါ့။ အဲဒီတော့ ကံကောင်းတာက ဒေါ်အောင်ဆန်းစုကြည်ကားဟာ ထိပ်ဆုံးက ဖြစ်ပြီးတော့မှ နောက်ဆုံး သူ့ကားက မောင်းပြီးတော့မှ ပြေးပြီး ထွက်သွားနိုင်တယ်လို့ သိရတယ်။ နောက်ပိုင်းမှာ ကျနော်တို့ ရဲစခန်းတစ်ခုမှာ သွားပြီးတော့ သတင်းပို့တယ်လို့ ကျနော်တို့ သိပါတယ်။ ရဲစခန်း ရောက်တဲ့အခါကျတော့ ကျနော်တို့ ထောက်လှမ်းရေးတပ်ဆွယ်က လူတွေက နေပြီးတော့ သတင်းပို့တယ်လို့ သိရပါတယ်။ နောက်ပိုင်း အန္တရာယ် ရှိတာနဲ့ ရဲစခန်းကနေပြီးတော့မှ တနေရာကို ရွှေ့တယ်လို့ ကျနော်တို့ သိတယ်။ တပ်ကို ရွှေ့တယ်လို့ သိတယ်။ ကျနော် သိသလောက်ပေါ့နော်။ အဲဒီ တပ်ထဲကျမှ ကျနော်တို့ မိထ္ထီလာ လေတပ်က တပ်လေယာဉ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ညတွင်းချင်းပဲ ရွှေ့သွားတယ်ဆိုပြီးတော့မှ ကျနော်တို့ သိပါတယ်။”

ဒီပဲယင်းလုပ်ကြံတိုက်ခိုက်မှုမှာ လူပေါင်း ၇၀ ထက်မနဲ သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ပရောက် အတိုက်အခံတွေရဲ့ စုံစမ်း ထွက်ဆိုချက်တွေမှာ ဖော်ပြခဲ့ကြပါတယ်။ စစ်အစိုးရ ကတော့ သေဆုံးသူ ၄ ယောက်ပဲ ရှိပါတယ်လို့ ကနဦး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စအတွက် တရားဝင် အရေးယူစုံစမ်းမှုတွေလည်း အခုချိန်ထိ လုပ်မလာခဲ့ပါဘူး။

တကယ်တမ်းမှာ ဒီအဖြစ်အပျက်ဟာ အထက်က ညွှန်ကြားချက်အမိန့်နဲ့ အကွက်ချ စီစဉ်ခဲ့တဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်တယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က အခိုင်အမာ ပြောပါတယ်။ ဝန်ကြီး ဦးအောင်သောင်း ဦးစီးတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ လူရမ်းကားတွေ တဖြည်းဖြည်း အတင့်ရဲ ကြမ်းတမ်းလာပြီး ဒေါ်အောင်ဆန်းစုကြည် တို့ကို တိုက်ခိုက်မယ့်အဆင့်ထိ ရောက်လာနေတာကို နယ်မြေခံစစ်တပ်နဲ့ ထောက်လှမ်းရေးကတောင် စိုးရိမ်မကင်း ဖြစ်လာရပြီး အဲဒီအချိန်က ရန်ကုန်မှာရှိတဲ့ ထောက်လှမ်းရေးမှူးချုပ် ရုံးကို အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို သွားရောက်ပြီး သတင်းပို့ မေးမြန်းခဲ့တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒါဟာ သူကိုယ်တိုင် ညွှန်ကြားထားတဲ့ကိစ္စ ဖြစ်တယ်လို့ ဖြေကြားခဲ့ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ပြောပါတယ်။

“ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကနေပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး အခြေအနေ ဒီလိုဖြစ်တယ် ဆိုပြီး သူ ပြောပြတဲ့အခါကျတော့ - အေး ဘာဖြစ်လဲကွာ ငါ ခိုင်းထားတာ ဆိုပြီးတော့မှ သူက အဲဒီလို ပြန်ပြောပါတယ်။ ပြန်ပြောတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ဘာထပ်ပြောလိုက်လဲဆိုတော့ - ဗိုလ်ချုပ်မှူးကြီး၊ အဲဒီလို လုပ်မယ်ဆိုလို့ရှိရင် အားလုံး ရှုပ်ထွေးကုန်လိမ့်မယ်။ ကျနော်တို့ မြန်မာ့နိုင်ငံရေးရော၊ ကျန်တဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေပိုင်းမှာပါ အားလုံးက ရှုပ်ပြီးတော့ ရှင်းမရတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ် ဆိုပြီးတော့မှ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောပါတယ်။ ပြောတော့အခါကျတော့ ဒီအဘိုးကြီးက ဘာပြန်ပြောလဲဆိုတော့ - အေး အဲဒါဆိုလည်း မင်းတို့ဘာသာ မင်းတို့ ကြည်လုပ်ကြပေါ့ကွာ ဆိုပြီးတော့မှ ပြောပြီးတော့မှ အဲဒီ စကားပြောတဲ့နေရာကနေပြီးတော့ အပြင်ကို ထွက်သွားတယ်ဆိုပြီးတော့ ကျနော် သိရပါတယ်ခင်ဗျ။”

မြန်မာစစ်တပ်မှာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန်ကိုပဲ နာခံတဲ့ လက်အောက်ခံ အဆင့်ဆင့်နဲ့ ဖွ့ဲစည်းထားတာမို့ သူ့ရဲ့ တိုက်ရိုက်အမိန့်ကို ရထားတဲ့ လူတစ်စုရဲ့ လက်ရောက်ကျူးလွန်မှုကို ကျန်တဲ့အရာရှိကြီးတွေလည်း ဟန့်တားဖို့ ဘာမှ မတတ်နိုင်ခဲ့ကြောင်းကို ဗိုလ်မှူး အောင်လင်းထွဋ်က ထပ်ပြီး ရှင်းပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်မျှတတဲ့ ကော်မရှင် အဖွဲ့တစ်ခု စုံစမ်းပြီး စစ်ဆေးမှုတွေ လုပ်စေခဲ့မယ်ဆိုရင်တော့ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အမှုမှန်တွေ ပေါ်လာမှာတော့ မလွဲပါဘူး။

မြန်မာစစ်ထောက်လှမ်းရေးကနေ နိုင်ငံခြားရေးဌာနကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ပြီး ၂၀၀၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု မြန်မာသံရုံး ယာယီတာဝန်ခံ သံမှူးကြီး အဖြစ်ကနေ နိုင်ငံရေး ခိုလုံခဲ့သူဖြစ်တဲ့ ဗိုလ်မှူး အောင်လင်းထွဋ်ရဲ့ ဒီပဲယင်း အရေးအခင်းအကြောင်း ကြားသိရသမျှ ပြန်ပြောင်းပြောပြချက် အသေးစိတ်ကို တနင်္ဂနွေနေ့ မြန်မာ့ဒီမိုကရေစီ ရေးရာကဏ္ဍမှာ နားဆင်နိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG