သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒဏ်ခံရတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ ကုလဒေသခံ ကယ်ဆယ်ရေးရုံး နှစ်ရုံးဖွင့်


ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့နေရာမှာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ စခန်းရုံး နှစ်ရုံး ဖွင့်လှစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားပါတယ်။ မုန်တိုင်ဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ဒေသတွေက ကူညီစောင့်ရှောက်မှုတွေ အခုထိ လိုအပ်နေတဲ့ ဒုက္ခသည် ခန့်မှန်းချေ ၁ သန်းအတွက် ကယ်ဆယ် ကူညီရေးပစ္စည်းတွေ ပေးပို့တဲ့နေရာမှာ တကယ့်အခက်အခဲတွေ ကြီးကြီးမားမား တွေ့ကြုံနေရတယ်လို့ မြစ်ဝကျွန်းပေါ်ဒေသကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့တွေက ပြောကြားပါတယ်။

မေလဆန်းက တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို ပျက်ဆီးနေတဲ့ သူတို့ရဲ့ နေအိမ်တွေဆီ အတင်းအကြပ် စစ်အာဏာပိုင်တွေက ပြန်ပြီး ပို့နေတယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မေလဆန်းတုန်းက ဒုက္ခသည်တွေ နေထိုင်ဖို့ အိမ်ဆောက်ဖို့ ဝါးလုံးနဲ့ အမိုးအကာတွေအတွက် တာပေါ်လင်စတွေကလွဲလို့ တခြား ဘာမှမပေးဘဲ ပျက်ဆီးနေတဲ့အိမ်တွေဆီ ပြန်ခိုင်းနေတာလို့ ကုလသမဂ္ဂက ကယ်ဆယ်ကူညီရေး အဖွဲ့တွေကို မျက်မြင်သက်သေတွေက ပြောကြပါတယ်။

ဒုက္ခသည်စခန်းတွေကို စစ်အစိုးရက ပိတ်ပစ်တယ်လို့ ကုလသမဂ္ဂ အကြီးတန်း ကိုယ်စားလှယ်တွေ ဆီက သီးခြား အတည်ပြုချက် မပေးကြပေမယ့် ဒုက္ခသည်တွေဆီ ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်အောင် ပူးပေါင်းဆောင်ရွက်နေသူ အရာရှိကတော့ မုန်တိုင်းဒဏ်သင့်တဲ့ဒေသတွေအတွင်း အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းနေတာတွေအတွက် လုံး၀ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောကြားပါတယ်။

အမေရိကန်အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်များအဖွဲ့ ဒုက္ခသည်တွေကို အခုလို အဓမ္မ ရွှေ့ပြောင်းခိုင်းနေတာတွေကို ရပ်ပစ်ဖို့ သောကြာနေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။

ရိုက်တာသတင်းတစ်ပုဒ်မှာတော့ ရန်ကုန်ဒေသ ပြင်ပက ဆိုင်ကလုန်းဒဏ်ခံရတဲ့ သူတွေနေထိုင်တဲ့ စခန်းပေါင်း ၄၀ လောက်ကို ဒုက္ခသည်တွေ မနေအောင် ရှင်းပစ်လိုက်ပြီး နေရာတွေ ရွှေ့ပြောင်း ခိုင်းတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီဒုက္ခသည်တွေကို သူတို့နေရင်းရပ်ကို ပြန်ပို့မှ အတည်တကျ ပိုပြီး ဖြစ်မယ်လို့ မြန်မာအစိုးရ အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကိုပါ ထည့်သွင်း ရေးသားထားပါတယ်။ မြန်မာစစ်အစိုးရဟာ ဒီသတင်းပတ်အစောပိုင်းမှာ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအလုပ်သမားတွေ မြန်မာနိုင်ငံထဲ ဝင်ရောက်ခွင့်ကို ဗီဇာ ပေးအပ်ခဲ့ပါတယ်။

ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ အာရှ အကြီးအကဲကတော့ မုန်တိုင်းဒဏ် ခံရတဲ့ မြစ်ဝကျွန်းပေါ် ဒေသဟာ အခုထိ ဆိုးရွားနေဆဲဖြစ်ပြီး အဲဒီဒေသ အခြေအနေဟာ ၂၀၀၄ ခုနှစ်က ဆူနာမီးဒဏ် ခံရတုန်းက အခြေအနေလို သိပ်ကို ဆိုးရွားနေပါတယ်လို့ ပြောပါတယ်။ မြန်မာစစ်အစိုးရကတော့ သူတို့တောင်းတဲ့ ငွေပမာဏ ၁၁ ဘီလီယံကို မပေးဘဲ သန်းပေါင်း ၁၅၀ လောက်သာ ပေးဖို့ နိုင်ငံတကာကနေ ဆုံးဖြတ်ကြတဲ့အတွက် ပြစ်တင် ဝေဖန်လိုက်တဲ့အပြင် နိုင်ငံတကာ ကယ်ဆယ်ရေး ပစ္စည်းတွေထဲက ချော့ကလက် လက်ဆောင်တွေ မလိုဘဲ မုန်တိုင်းဒဏ်သင့်ဒေသက လူထုဟာ အသီးအရွက်နဲ့ ငါးစားပြီး အသက်ရှင်နေနိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အခုလို အလှူရှင်တွေ လှူကြတဲ့အထဲမှာ ချော့ကလက်တောင့်တွေ မပါတဲ့အပြင် မုန်တိုင်းသင့်ဒေသ တခုလုံး ရေငန်တွေ လွှမ်းမိုးနေတာမို့ အခုလို တုံ့ပြန်မှုအတွက် အေပီသတင်းက ဝေဖန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG