သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးဒဏ်သင့် ဒေသတွေမှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်တွေ ချထား


မြစ်ဝကျွန်းပေါ်ဒေသဘက်မှာပဲ လုံခြုံရေးတွေ ထူးထူးခြားခြား တိုးချထားတာတွေနဲ့ပတ်သက်လို့ စုံစမ်းထားသမျှ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသက လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသထဲမှာ လက်နက်ကိုင် လုံခြုံရေးတွေ ဖြန့်ကြတ် ချထားတာကို ဒေသခံတွေ အကူအညီပေးရေး လုပ်ငန်း လုပ်ကိုင်နေသူတွေ တွေ့ကြရတာပါ။ အထူးသဖြင့် မုန်တိုင်းဘေးဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတခုဖြစ်တဲ့ ဧရာဝတီတိုင်း ဒေးဒရဲဘက်ကို သွားတဲ့ လမ်းတလျှောက်မှာ အထူးသဖြင့် တွေ့ခဲ့ရတယ်လို့ မနေ့ကပဲ အဲဒီဒေသဘက်က ပြန်လာတဲ့ ပြောပြကြပါတယ်။

“ကျမတို့ ဒေးဒရဲသွားတဲ့လမ်းကြောင်းဘက်မှာဆိုရင် ကော့မှူးဘက်ကနေ ကွမ်းခြံကုန်း ကော့မှူးဘက်နေ စပြီးတော့ အဲဒီ လုံထိန်းတပ်တွေ ချထားတာပေါ့။ အဲဒီမှာဆိုလို့ရှိရင် အခုဒီမှာ နယ်စစ်ဆင်ရေး သွားသလိုပဲ လုံထိန်းသားတွေဟာဆိုရင် ဒိုင်းတွေပါ ပါတယ်။ ကားတွေနဲ့ပေါ့လေ။ အဲဒီလိုမျိုးဟာ ဓါတ်တိုင် ၂ တိုင်စာလောက်မှာ ကင်းတဲတွေ ထိုးထိုးပြီးတော့ အဲဒီကားကိုလည်း အဲဒီလိုပဲလေ စောင့်နေတာက အခု ဒေးဒရဲတံတားကို ရောက်တဲ့အထိပဲ။ အဲဒီလိုမျိုး တောက်လျှောက်ကိုပဲ။ ဒီ ကင်းတဲတွေနဲ့ ဓါတ်တိုင် ၂ တိုင်စာလောက်မှာ တပ်စိပ်တစ်စိပ်မှာ ဆိုလို့ရှိရင် စစ်သား ၁၀ ယောက်၊ ၁၅ ယောက်လောက်က လက်နက် အပြည့်အစုံနဲ့ သူတို့ ကင်းတဲတွေက တစ်ခုနဲတစ်ခု လှမ်းကြည့်လို့ရှိရင် မြင်ရတာပေါ့။ ဓါတ်တိုင် ၂ တိုင်စာလောက်မှာ ဆိုတော့။ အဲဒီ တပ်မှူးလောက်ကနေ စပြီးတော့ တော်တော် အင်အားများများနဲ့ တပ်စိပ်လိုက်ကိုပဲ ချထားတယ်။”

“လမ်းမှာ သူတို့ ဓါတ်တိုင် ၂ တိုင်ကြား ၃ တိုင်ကြားလောက်မှာ သေနတ်တွေနဲ့ စောင့်နေတာ တွေ့တယ်။ အဲဒီ ဂတ်တော်တော်များများမှာလည်း တွေ့ပါတယ်။ သူတို့ကို၊”

ဒီလို လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်တာနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဖက်က တစုံတရာ ရှင်းလင်းပြောပြတာမျိုး မရှိတဲ့အတွက် မသိရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အစိုးရနဲ့ အစိုးရက ကျောထောက်နောက်ခံ ပေးထားသူတွေ မပါဘဲ၊ စေတနာ့ဝန်ထမ်း အကူအညီပေးရေး ဆောင်ရွက် နေသူတွေကို အာဏာပိုင်တွေက ကန့်သတ်မှုတွေ၊ တားမြစ်မှုတွေ ရှိနေတဲ့အထဲက ဒါတွေကို ပိုပြီး အရှိန်မြှင့် ဆောင်ရွက်ဖို့ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ယူဆနေကြပါတယ်။

“အခု လုံခြုံရေးတွေ ချထားတယ်။ အကူအညီသွားပေးတဲ့သူတွေ သတိထားဆိုပြီးတော့ ကျနော်တို့ကို တခြားတဖွဲ့ကနေပြီးတော့ လှမ်းပြီးတော့ အကြောင်းကြားတယ်ပေါ့နော်။ အင်အားပြတယ်ပေါ့ဗျာ။ ရှင်းရှင်း ပြောရရင် သူတို့ အဲဒါမျိုး ခြိမ်းခြောက်တယ်။ မင်းတို့တွေ မလာနဲ့တော့။ မင်းတို့ ထပ်လာရင် နိုင်ငံတော်ကို သိက္ခာချမှုနဲ့ မင်းတို့ကို တရားစွဲမယ်။ အဲဒါမျိုး သတင်းတွေ ကြားတော့ လှူမယ့် သူတွေက မသွားရဲတော့ဘူးဖြစ်နေတယ်။”

မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ လုံခြုံရေးတွေ ရုတ်တရက် တိုးမြှင့် ချထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အဲဒီ ဒေသတွေကို ကိုယ်တိုင်သွားရောက် အကူအညီပေးနေသူတွေက နိုင်ငံတကာက အကူအညီပေးလိုသူတွေ အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခွင့်တွေ မရနိုင်လို့ ဝေဖန်ပြစ်တင်မှုတွေ ထွက်ပေါ်နေတဲ့ကြားကပဲ ဒီလို ပြည်တွင်းက တပိုင်တနိုင် ကူညီသူတွေ အနေနဲ့ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာနေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG