သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပအကူအညီ လက်ခံရေး နှောင့်နှေးမှုကြောင့် လူ့အသက်ပေါင်းများစွာ ပိုမိုဆုံးရှုံးခဲ့ရဖွယ်ရှိ


မေလဆန်းတုန်းက ဆိုင်ကလုန်းလေမုန်တိုင်း တိုက်ခတ် ခဲ့တဲ့နောက် အကူအညီပေးရေး လုပ်ငန်းတွေကို မြန်မာ စစ်အစိုးရက လက်မခံ ငြင်းဆန်ခဲ့တာကြောင့် လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရဖွယ်ရှိတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောဆိုလိုက်ပါတယ်။ စစ်အစိုးရက မုန်တိုင်းဒဏ် ခံရသူတွေကို ခိုလှုံရာနေရာတွေက မောင်းထုတ်ပြီး သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေဆီ ပြန်ကြဖို့ ဖိအားပေးမှုတွေ ရှိနေတာကြောင့် စိုးရိမ် ပူပမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ကာကွယ်ရေး ဝန်ကြီးက အခုလို ပြောဆိုလိုက်တာပါ။ ဒီအကြောင်း ဗီအိုအေ အရှေ့တောင်အာရှ ဗျူရို ကနေ ရွန် ကိုဘင် (Ron Corben) သတင်းပေးပို့ ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် က စင်္ကာပူမှာ ဒီကနေ့ စနေနေ့ ကျင်းပခဲ့တဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကာကွယ်ရေးဝန်ကြီးတွေရဲ့ နှီးနှောဖလှယ်ပွဲမှာ အခုလို ခတ်ဘွင်းဘွင်း ပြောလိုက်တာပါ။ ပြည်ပက အကူအညီတွေ ပေးဖို့ပြောနေတာကို မြန်မာစစ်အစိုးရက မသိသလို မမြင်သလို လုပ်နေတယ်ဆိုပြီး ဝေဖန်စွပ်စွဲ လိုက်တာပါ။ ဒီလိုကပ်ဆိုးကြရောက်လို့ ကြေကွဲဖွယ်ရာ အခြေအနေတွေနဲ့ ကြုံခဲ့ရတဲ့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊ အခုလို နိုင်ငံတကာနဲ့ ဒေသတွင်းက အကူအညီတွေပေးမယ့်ကိစ္စကို စစ်အစိုးရက ငြင်းပယ်လိုက်တာက ဆန့်ကျင်ဖက် လုပ်ရပ်ဖြစ်နေတယ်ဆိုပြီး သူက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ဆူနာမီ ရေလှိုင်းဒဏ် ခံခဲ့တာ၊ မနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီလိုပဲ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ အခြေအနေမျိုးတွေကို တုံ့ပြန် ဆောင်ရွက်တာတွေနဲ့ ကွဲလွဲနေတယ်ဆိုပြီး ဝန်ကြီး ဂိတ်စ် က ပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ အခြေအနေက အများကြီးကို ကွာခြားပါတယ်၊ အသက်တွေ ထောင်သောင်းချီ ပေးဆပ်ရတာပါ။ အမေရိကန် ပြည်ထောင်စုအပြင် တခြား နိုင်ငံအများအပြား ဟာလည်း သူတို့ရဲ့ ကျိုးပမ်းမှုတွေမှာ အဟန့်အတားတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ခံစားချက်တွေ ရှိကြတာပါ။”

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံလိုက်ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို သွားရောက်ခွင့်ရဖို့ ကိစ္စတွေမှာ ဗျူရိုကရေစီ နည်းတွေနဲ့ နှောင့်နှေးမှုတွေကို ရင်ဆိုင်နေဆဲ ဖြစ်တယ်ဆိုပြီး၊ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားတွေက ပြောဆိုနေကြတာပါ။

မုန်တိုင်းဒဏ်ကြောင့်လည်း အနည်းဆုံး လူပေါင်း ၇၇,၀၀၀ သေကြေခဲ့ကြရပြီး၊ ၅၆,၀၀၀ လောက် ပျောက်ဆုံးနေခဲ့သလို လူပေါင်း ၂ သန်း ကျော်ဟာဆိုရင်လည်း အစားအစာ၊ ခိုလှုံရာနဲ့ ဆေးဝါး အကူအညီတွေ ရဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ် နိုင်ငံက ရေတပ် သင်္ဘောတွေဟာ ဆိုရင်လည်း အရေးပေါ် အကူအညီတွေပေးဖို့ ဘင်္ဂလား ပင်လယ်အော်ထဲမှာ ရောက်ရှိနေခဲ့ကြပေမယ့်၊ မြန်မာစစ်အစိုးရက ဒါတွေကို လက်မခံ ငြင်းဆန်ခဲ့တာပါ။ ဆိုင်ကလုန်း ဖြစ်ပြီးပြီးချင်း အာရှဒေသတွင်းနိုင်ငံတွေက အကူအညီတွေပေးဖို့ စစ်တပ်သုံး ရဟတ်ယာဉ်တွေ ထောက်ပံ့ကူညီဖို့ ကမ်းလှမ်းခဲ့တာကိုလည်း ပယ်ချထားတာပါ။ အကူအညီပေးရေး လုပ်ငန်းတွေ ကြန့်ကြာနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝန်ကြီး ဂိတ်စ် ရဲ့ စိုးရိမ်မကင်းပြောဆိုမှုကို ဒေသတွင်း နိုင်ငံတွေကလည်း လက်ခံခဲ့ကြတာပါ။ တကယ်တော့ ဒုက္ခရောက်နေတဲ့ လူပေါင်း ၂ သန်းကျော်ရဲ့ ရာခိုင်နှုန်း ၃၀ လောက်သာ လိုအပ်တဲ့ ထောက်ပံ့မှုတွေ ရတယ် ဆိုပြီးတော့လည်း နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။ အရေးပေါ် အကူအညီတွေ အကြီးအကျယ် လိုအပ်နေသူတွေ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့ အကန့်အသတ်မရှိ လုပ်ပိုင်ခွင့်တွေ ရဖို့လိုတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး ဘေလ် ပက်တာဆန် (Bill Paterson) က ဆိုပါတယ်။

“ရောဂါကူးစက်ပျံ့ပွားနိုင်တဲ့ အခြေအနေဆိုးတွေအောက်မှာ သူတို့တွေ နေထိုင်နေကြရတာပါ။ အိုးအိမ်တွေ လက်လွှတ် ဆုံးရှုံးခဲ့ကြရသလို၊ သူတို့အနေနဲ့ မိသားစုတွေလည်း ဆုံးရှုံးထားကြတာပါ။ ဒီလိုနေရာတွေကို အမြန်ရောက်ဖို့ ဆိုတာက တကယ့်ကို အရေးကြီးပါတယ်။ ဆိုင်ကလုန်းဒဏ် ခံရချိန်ကစပြီး အကူအညီ အထောက်အပံ့တွေ ဖြန့်ဖြူးမပေးနိုင်လို့ အများအပြားဟာလည်း အသက်ဆုံးရှုံးဖွယ်ရာ ရှိပါတယ်။”

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန် ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အလှူရှင် ညီလာခံမှာတော့ နိုင်ငံတကာက ကယ်ဆယ်ရေး လုပ်သားတွေ လုပ်ပိုင်ခွင့် ရဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့အတူ ကုလသမဂ္ဂ က စစ်အစိုးရနဲ့ သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ ဒီအတောအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ကတော့ မြန်မာအာဏာပိုင်တွေဟာ ထောင်ချီတဲ့ မုန်တိုင်းဘေးသင့်သူတွေကို အရေးပေါ် ခိုလှုံရာ နေရာတွေကနေ ဖယ်ရှားပြီး မြစ်ဝကျွန်းပေါ် ဒေသက မုန်တိုင်းကြောင့် ပျက်စီးမှုတွေ အကြီးအကျယ် ရှိခဲ့တဲ့ နေရပ်ရင်း ကျေးရွာတွေကို အတင်းအကျပ် ပြန်ပို့ပေးနေတယ် ဆိုပြီး ဝေဖန်ပြောဆို လိုက်ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG