သုံးရလွယ်ကူစေသည့် Link များ

မုန်တိုင်းသင့် ကလေးများ ကျောင်းပြန်တက်ဖို့ ခက်ခဲနေ


ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတဲ့ ဒုက္ခသည်တွေ အနေနဲ့ ဘေးလွတ်ရာဒေသတွေက စာသင်ကျောင်း ဘုန်းကြီးကျောင်းတွေလို နေရာတွေမှာ ခိုလှုံနေကြပေမဲ့ အခုတော့ ကျောင်းဖွင့်ရာသီ ရောက်တော့မှာ ဖြစ်တာကြောင့် နေရပ်ရင်း ပြန်ကြဖို့ အာဏာပိုင်တွေက ဖိအားပေး စေခိုင်းမှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ စေတနာ့ ဝန်ထမ်း ကူညီနေသူတွေက ပြောကြပါတယ်။ ဒါပေမဲ့ ဒီလို ပြန်ခိုင်းနေတဲ့ နေရပ်ရင်း ဒေသတွေမှာတော့ နေထိုင်စားသောက်ဖို့ အခြေခံ လိုအပ်ချက်တွေကတော့ ချို့တဲ့ နေဆဲလည်းဖြစ်ပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦးက တင်ပြပေးပါတယ်။

မြန်မာနိုင်ငံမှာ ဒီတပတ်ထဲ ကျောင်းတွေ ပြန်ဖွင့်တော့မှာ ဖြစ်တာမို့ လေမုန်တိုင်း ဘေးဒဏ်ခံရသူတွေ အနေနဲ့ သူတို့ခိုလှုံနေတဲ့ စာသင်ကျောင်းတွေက ထွက်ခွာဖို့ အာဏာပိုင်တွေက ဖိအားပေး စေခိုင်းမှုတွေ ရှိနေတယ်လို့ ပြောပြကြတာပါ။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းထဲက မြို့တွေ၊ ရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတွေလို နေရာတွေမှာ ခိုလှုံနေတဲ့ လေမုန်တိုင်း ဒုက္ခသည်တွေ ကျောင်းဖွင့်ရာသီ မတိုင်မီ ခိုလှုံရာနေရာတွေက ထွက်ခွာကြဖို့၊ နောက် လေမုန်တိုင်းသင့် မိသားစုတွေက ကလေးတွေ နေရပ်ရင်းပြန် ကျောင်းတက်ကြဖို့ အာဏာပိုင်တွေက စေခိုင်းနေတာလို့ စေတနာ့ဝန်ထမ်း ကူညီလုပ်ဆောင်နေသူတွေက ပြောပြကြတာပါ။

“မအူပင်မှာဆို အကုန် မောင်းထုတ်လိုက်ပြီရှင့်။ သူတို့တွေ ကျောင်းတွေ ၂ရက်နေ့က စပြီး ဖွင့်တော့မှာမို့ အကုန်လုံးကို ပြန်လွှတ်လိုက်ပြီရှင့်။ သူတို့ဆီမှာ ဘာမှ မရှိဘူး။ ဘာပစ္စည်းမှလည်း မရှိဘူး။ တချို့ ဟိုတနေ့က ရောက်တဲ့နေရာမှာ သူတို့ကို ပြန်လွှတ်လိုက်တာ သွားသာသွားရတယ်တဲ့။ သူတို့မှာ ဘာပစ္စည်းမှ မရှိဘူး။ ဆန်လေး တစ်ပြည်ပဲ ရသေးတယ်။ အားလုံးစုပြီး ဘုန်းကြီးကျောင်းတွေမှာပဲ နေနေရတယ်ပေါ့။ ရွာထဲမှာ ဘုန်းကြီးကျောင်းလေးတွေ ကျန်နေခဲ့တာရှိတယ်။ ကျန်တဲ့ ရွာလေးတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ စုနေကြတာရှင့်။ မအူပင်မြို့ပေါ်က ဘုန်းကြီးကျောင်းက လူတွေကို ပြန်လွှတ်လိုက်ပြီရှင့်။ ဒေးဒရဲက ဘုန်းကြီးကျောင်းက လူတွေလည်း ပြန်လွှတ်လိုက်ပြီရှင့်။ ဘိုကလေးဘက်ကလူတွေများတယ်။”

“ကျောင်းကို ၂ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ကျွန်တော်တို့ ကြားတယ်။ ကျွန်တော်တို့ ကြားတော့ အလုံ ခရစ်ယာန် ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ လပွတ္တာ ဒုက္ခသည်တွေကို နှင်ထုတ်လိုက်တာတော့ ကျွန်တော်တို့ သိတယ်။ အားလုံးပေါင်း အိမ်ထောင်စု (၅၀၀)လောက်ရှိမယ်။ အဲဒါတွေလည်း နှင်ထုတ်တယ်။”

မုန်တိုင်းဒဏ်ကြောင့် ကျောင်းသား ၁ သန်းကျော် စာသင်ကြားနေတဲ့ ကျောင်းပေါင်း ၄ ထောင် လောက် ပျက်စီးခဲ့ပြီးတော့ ကျောင်းဆရာ၊ ဆရာမ အနည်းဆုံး တရာကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ် ရံပုံငွေအဖွဲ့ (Unicef) က ခန့်မှန်းတွက်ချက် ထားတာပါ။ ဒီလို ဆိုးဆိုးရွားရွား ဒဏ်ခံခဲ့ရတဲ့နောက် ကလေးငယ် တွေကို ကျောင်းပြန်တက်ဖို့ အာဏာပိုင်တွေက အခုလို စေခိုင်းနေပေမဲ့လည်း အခုကျောင်းဖွင့်ရာသီ ကျောင်းပြန်တက်နိုင်မယ့် အခြေအနေတွေကတော့ မရှိဘူးလို့ လေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသူတွေက ပြောကြတာပါ။

“အိမ်တွေက မရှိတော့ဘူးဗျ။ ပြန်ဆောက်စရာ ဝါးလုံးတွေကအစ ရေထဲမျောကုန်တယ်။ နောက် ဘိုကလေး ဘက်လည်းရောက်တယ်။ ဓနိပင်တွေရှိတာ၊ ဓနိပင်တွေပါ အကုန်လုံး ပျက်ကျပြီးတော့ ထူစရာ တိုင်လည်း မရှိဘူး။ မိုးစရာ အမိုးလည်း မရှိတဲ့ နေရာဗျာ။ ဘယ်လိုလုပ် အဆင်ပြေမလဲဗျ။ အခုချိန်ထိ ကျွန်တော်တို့ သွားတဲ့အချိန်မှာ အကူအညီဆိုတာ မယ်မယ်ယယ မရသေးဘူး။ ဒါအစိုးရမှမဟုတ်ဘူး။ UN အဖွဲ့အစည်းတွေဆီကအစ တခုမှ မရသေးတဲ့ ရွာတွေက အများကြီးဗျ။ အဲဒါကြောင့် အကူအညီတွေကို စနစ်တကျနဲ့ အမြန်ဆုံးနဲ့ အများဆုံးရောက်မှကို အဆင်ပြေမယ့် သဘောရှိတယ်။”

ဒီလို ခိုလှုံရာနေရာတွေက ထွက်ခွာရလို့ တပူပေါ် နှစ်ပူဆင့် အခက်ကြုံနေရတဲ့ ရန်ကုန်မြို့က လေဘေးဒုက္ခသည် တယောက်က သူ့ရဲ့ အကူအညီမဲ့ ဖြစ်နေရပုံကို အခုလိုဆိုပါတယ်။

“ကျွန်တော်လည်း ပြန်ပြီးတော့ မဆောက်နိုင်သေးဘူး။ လုပ်ငန်းကိုင်ငန်းကလည်း အဆင်မပြေဘူး။ ဘယ်မှာ သွားလုပ်လုပ် အဆင်မပြေတဲ့အတွက် ကျွန်တော့် အိမ်ကိုလည်း ပြိုတဲ့အတိုင်းပဲ ဖျက်တောင်မဖျက်ရသေးဘူး။ ဒီအတိုင်းပဲ ကျွန်တော် ထားထားရတယ်။ အခုချိန်မှာ အရေးကြီးဆုံးကတော့ အိမ်ပြန်ဆောက်နိုင်ဖို့နဲ့ စားဝတ်နေရေးပဲ အရေးကြီးတာပါပဲ။ အလုပ်မလုပ်နိုင်ကြသေးတဲ့အတွက် အဓိကကတော့ စားရေးနဲ့ နေရေးပေါ့။ အဲဒါပဲ ခက်ခဲနေတာပါ။ အရင်တုန်းက ဆိုရင်တော့ ဘုန်းကြီးကျောင်း ဓမ္မာရုံက လက်ခံထားတယ်ပေါ့။ အခု ဘုန်းကြီးကျောင်း ဓမ္မာရုံကလည်း လက်မခံတော့ဘူး။ ကိုယ်အိမ်ကို ကိုယ်ပြန်နေရတော့လည်း မိုးတွေ၊ လေတွေ လာပြီဆိုရင် ဖြစ်သလို ကြုံသလိုပဲ မိုးရေထဲမှာ နေရတယ်။ အိပ်ရတယ်။ ဒီလိုပဲ မိုးရေထဲ စားသောက် အဲဒီလိုပဲ လုပ်နေရတယ်။ ဘယ်မှာမှ တည်းခိုစရာမရှိတော့ဘူး။”

ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်က လေဘေးဒဏ်သင့် ဒုက္ခသည် တဦးဖြစ်ပါတယ်။ လေဘေးဒဏ် သင့်သူတွေကို အခုလို ခိုလှုံရာနေရာတွေကနေ ဖယ်ရှားဖို့ ဆောင်ရွက်နေတာတွေဟာ အတင်းအကျပ် သဘောမဟုတ်ပဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်မယ်ဆိုရင်တောင် ဒါဟာ မသင့်တော်တဲ့ လုပ်ရပ် ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ် ရံပုံငွေအဖွဲ့ (Unicef) က ဝေဖန် ပြောဆိုထားပါတယ်။ အရေးပေါ် အကူအညီတွေ ထိထိရောက်ရောက် မရနိုင်သေးချိန်၊ ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်သေးခင် ဒီလို ကျောင်းဖွင့်ဖို့ အာဏာပိုင်တွေရဲ့ စီစဉ်မှုဟာ အကျိုးမရှိတဲ့ လုပ်ရပ်အဖြစ် စေတနာ့ဝန်ထမ်း ကူညီသူတွေက ရှုမြင်ကြတာပါ။

“အဲဒီမှာ ကျွန်တော်တို့ သွားသမျှရွာတွေ အကုန်လုံးမှာလေး ပြိုပျက်နေတာပဲ။ ဘယ်လိုမှလည်း နေစရာမရှိဘူး။ ဘယ်လိုမှလည်း ထားလို့မရဘူး။ အဲဒါကို သူတို့ ဘယ်လို ပြန်ဖွင့်မလဲတော့ မသိဘူးပေါ့။ နောက်ပြီးတော့ ကျွန်တော် သွားတဲ့ရွာ ကြုံပေါ်ရွာမှာ အိမ်ထောင်စု ၂၆ စု ကိုလည်း ဒုက္ခသည်စခန်းပြန်ပို့လိုက်တာပဲ။ ဘာအကြောင်းပြချက်နဲ့ ပို့လိုက်လည်း၊ ဘာကြောင့် ပြန်ခိုင်းလိုက်မှန်း မသိဘူး။ သူတို့မေးကြည့်တော့လည်း ရေရေရာရာ မသိဘူးဗျ။ အတင်း ကားပေါ် တက်တက်ဆိုပြီး ကားပေါ်တင်၊ နောက် မော်တော်ပေါ် တက်တက် ဆိုပြီး မော်တော်ပေါ်တင်။ သူတို့ကို တာပေါ်လင် အစလေးတွေတော့ ပေးလိုက်တယ် ပြောတယ်။ ကျန်တဲ့ အကူအညီတွေကိုတော့ မပေးလိုက်ဘူး။ သူတို့မှာ ကလေးတွေ ပါတယ်။ ကလေးဆိုတာလည်း

မိစုံဖစုံ ကျန်ခဲ့တဲ့ ကလေးဆို တော်သေးတယ်။ ကျွန်တော်တို့ သွားတဲ့ရွာမှာ မိဘမဲ့ ကလေး (၁၀)ယောက်ရှိတယ်။ ဒီကလေးတွေအတွက်ကို ကြပ်ကြပ်မတ်မတ် မလုပ်ပေးဘဲနဲ့ ဒီလိုမျိုး ဇွတ်အတင်း ကျောင်းဖွင့်ဖို့ လုပ်နေတာက ကလေးတွေကို ပညာတတ်စေချင်လို့ မဟုတ်ဘူး။ ကလေးတွေကို နှိပ်စက်နေတာနဲ့ တူတယ်ဗျ။”

ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်သေးခင်၊ နိုင်ငံတကာ အကူအညီတွေကိုလည်း အပြည့်အ၀ လက်မခံသေးချိန် လေဘေးဒုက္ခသည်တွေကို အာဏာပိုင်တွေက ကျောင်းဖွင့်ရာသီ နေရပ်ရင်း ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် ဝေဖန်မှု တွေ ထွက်ပေါ်လာနေတာပါ။ မနေ့တုန်းကလည်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch) က ထောင်ချီတဲ့ မုန်တိုင်းဘေး သင့်သူတွေကို အရေးပေါ် ခိုလှုံရာ နေရာတွေကနေ ဖယ်ရှားပြီး ပျက်စီးမှုတွေ ရှိခဲ့တဲ့ နေရပ်တွေကို အတင်းအကျပ် ပြန်ပို့ပေးနေတယ်ဆိုပြီး ဝေဖန်ပြောဆို ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG