သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ ကလေးငယ်များ ကျောင်းဖွင့်ချိန် ကျောင်းပြန်မတက်နိုင်


မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရပြီး တလ
အကြာ ဒီနေ့ တနင်္လာနေ့မှာ ဒီနှစ်စာသင်
နှစ်အတွက် မုန်တိုင်းဒဏ်သင့်ခဲ့တဲ့နေရာ
တွေ အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ မူလတန်းကျောင်းတွေကို အာဏာပိုင်တွေ
က ပြန်ဖွင့်လိုက်ပါတယ်။ ဒါပေမယ့်လည်း
မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ ဧရာ
ဝတီတိုင်းက ကလေးငယ်တွေ တော်တော်
များများ ကျောင်းတက်နိုင်ကြမှာ မဟုတ်
ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ဝန်ကြီးကတော့ နှစ်ရက်နေ့ကို ဖွင့်ဖြစ်အောင်ဖွင့်ရမယ်လို့တော့ ပြောထားတယ်။
ကလေးတွေ ကျောင်းပြန်သွားဆိုတော့ ဒုက္ခဖြစ်တဲ့နေရာတွေက ဘယ်သွားနိုင်မလဲ။
အကုန်လုံး ကျောင်းတွေကလည်း ပြိုပျက်နေတာ။ တချို့လည်း မဖြစ်မနေ ကလေး
ပညာရေး နောက်ကျမှာစိုးလို့ ဘုန်းကြီးကျောင်းတွေမှာထားကြတယ်။ ဒါပေမယ့်
များသောအားဖြင့် ဘုန်းကြီးကျောင်းတွေမှာလည်း ပြိုတာ၊ အမိုးလန်တာတွေရှိတယ်။
အဲဒီတော့ လောလောဆယ် မတက်နိုင်ကြသေးပါဘူး။ ရွာကျောင်းတွေဆိုလည်း
ကျောင်းတွေက ပြိုပျက်နေတာပဲ။ ဘယ်လိုမှကို နာလံမထူနိုင်သေးဘူး၊ ကျောင်း
အတွက်။ ရေလွှမ်းတဲ့နေရာကတော့ အထူးပြောစရာမလိုတော့ဘူး၊ စားဖို့တောင်
မနည်းဆိုတော့။”

ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်ဆီးမှုတွေ ကြုံခဲ့ရတာကြောင့် မြန်မာနိုင်ငံ
ပညာရေးဝန်ကြီးဌာနအနေနဲ့ ဧရာဝတီတိုင်းအတွင်းက ကျောင်းတွေတော်တော်
များများ ကျောင်းပြန်ဖွင့်ဖို့ နှောင့်နှေးနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့
နေရာတွေမှာတော့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အကူအညီနဲ့
ဒီနေ့ တနင်္လာနေ့မှာ ကျောင်းတချို့ကို ပြန်ဖွင့်ပေးနိုင်ခဲ့ပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းအတွင်းမှာ ကျောင်းတွေရဲ့ ၈၀% ကနေ
၉၀% လောက်အထိ ပျက်ဆီးခဲ့တယ်လို့ UNICEF အဖွဲ့ကြီးက ပြောပါတယ်။ ဧရာဝတီ
တိုင်းအတွင်း ကျောင်းပေါင်း ၄,၀၀၀ လောက် ပျက်ဆီးခဲ့တဲ့အပြင် သေဆုံးခဲ့သူတွေ
ထဲမှာ ဆရာ၊ ဆရာမ ၁၀၀ လောက်လည်း ပါဝင်တယ်လို့ ပြောပါတယ်။ သေဆုံးခဲ့တဲ့
သူတွေထဲမှာ ကလေးငယ်တွေ အများအပြားပါပေမယ့် ဘယ်နှစ်ယောက် သေဆုံးခဲ့
တယ် ဆိုတာကိုတော့ ပြောဖို့ သိပ်စောနေသေးတယ်လို့လည်း ကုလသမဂ္ဂ အရာရှိ
တွေက ပြောပါတယ်။

ကျောင်းတွေ ပြန်ပြီး ပြုပြင်နိုင်ဖို့အတွက်လည်း UNICEF အဖွဲ့က ဆောက်လုပ်ရေး
ပစ္စည်းတွေ ထောက်ပံ့ပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း မုန်တိုင်းဘေးသင့်ဒေသတွေမှာ ကျောင်းတက်နိုင်တဲ့အရွယ်
ကလေးငယ် ၁,၁၀၀,၀၀၀ ရှိမယ်လို့ UNICEF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်
ကလော့စ် (Michael Klaus) က ပြောပါတယ်။ အဲဒီအထဲက ကျောင်းသူကျောင်းသား တော်တော်များများ ကျောင်းတက်နိုင်ကြဦးမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

မုန်တိုင်းဒဏ်ထိခိုက်ခဲ့တဲ့ ကလေးငယ်တွေ ကျောင်းကို အမြန်ဆုံးပြန်သွားနိုင်ဖို့ အရေး
ကြီးတယ်လို့ UNICEF အဖွဲ့က ပြောပါတယ်။ ကလေးတွေ ကျောင်းကို ပြန်ရောက်တာ
ဟာ သူတို့ရဲ့ ဆုံးရှုံးထိခိုက်ခဲ့တဲ့ ကြေကွဲမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ကုစား
ဖို့ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကလေးတွေကို အခြေအနေ
တွေ ပုံမှန်ဖြစ်အောင် ကူညီဖို့နဲ့ လုံခြုံမှုပေးနိုင်ဖို့ ကျောင်းပရိဝုဏ်ထဲ ပြန်ရောက်ဖို့
လိုတယ်လို့လည်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG