သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရရဲ့ မုန်တိုင်းလွန် လုပ်ရပ်များ ရာဇဝတ်မှု မြောက်သော လျစ်လျူပြုမှုဟု အမေရိကန် ဝေဖန်


မြန်မာ စစ်အစိုးရအနေနဲ့ နိုင်ငံတကာက အကူအညီ ပေးမှုတွေအပေါ် ကန့်သတ်ထားချက်တွေကို ရုတ်သိမ်း မပေးဘူးဆိုရင် လူတွေ အများကြီး ထပ်မံ သေဆုံးနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီး Gatesက ပြောဆို လိုက်ပါတယ်။ မစ္စတာဂိတ်ရဲ့ အာရှ ခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဒေသ လုံခြုံရေး အစည်းအဝေးမှာ အခုလို ပြောဆို လိုက်တာ ဖြစ်ပါတယ်။ ဘန်ကောက်ဗျူရို က ဗွီအိုအေသတင်းထောက် Luis Ramirez သတင်းပေးပို့ထား တာကို ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့လက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်း ဒဏ်ကြောင့် လူပေါင်း တသိန်း သုံးသောင်း လေးထောင်ကျော် သေကြေ ပျောက်ဆုံးခဲ့ ရတယ်ဆိုပြီး ကုလသမဂ္ဂက ပြောဆိုခဲ့တဲ့ အတွက် အာရှ ဒေသဆိုင်ရာ လုံခြုံရေး အစည်းအဝေးရဲ့ ဆွေးနွေးမှု အစီအစဉ်တွေမှာ မြန်မာ နိုင်ငံအရေးကတော့ ထိပ်ဆုံးမှာ ရှိနေတာပါ။

မြန်မာ စစ်အစိုးအနေနဲ့ နိုင်ငံတကာက အကူအညီ အထောက်အပံ့ ပစ္စည်းတွေ၊ ကယ်ဆယ်ရေး လုပ်သားတွေကို လက်ခံခဲ့တယ်ဆိုပေမဲ့ တကယ် ဒုက္ခရောက်နေရတဲ့ သူတွေဆီ အကူအညီတွေ ရောက်ဖို့က တားမြစ် ပိတ်ပင်မှုတွေ ရှိနေပါသေးတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Gates ကတော့ မြန်မာစစ်အစိုးရအနေနဲ့ ဒီလိုသာ ဆက်လုပ် နေရင် လူတွေအများကြီး ထပ်မံ သေဆုံးရလိမ့်မယ်လို့ ဝေဖန် ကောက်ချက် ချခဲ့ပါတယ်။ ဒီလို ပြည်သူပြည်သားတွေ ဒုက္ခရောက် သေဆုံးနေရတာကို လျစ်လျူ ပြုနေတာဟာ စစ်အစိုးရအနေနဲ့ ရာဇဝတ်မှု ကျွန်နေ သလို ဖြစ်တာကြောင့် မြန်မာစစ် ခေါင်းဆောင်တွေရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ မူဝါဒဟာ ရာဇဝတ်ပြစ်မှု မြောက်တဲ့ လျစ်လျူပြုမှု မူဝါဒဖြစ်တယ်လို့ သုံးနှုန်းပြောဆိုခဲ့ပါတယ်။

သောက်ရေသန့်၊ ဆေးဝါးနဲ့ ရဟတ်ယဉ်တွေ တင်ဆောင်ထားတဲ့ အမေရိကန် စစ်သေင်္ဘော လေးစီးဟာ မြန်မာကမ်းလွန် အန်ဒမန်ပြင်လယ်ပြင်မှာ အဆင်သင့် ရပ်ဆိုင်းထားပြီး အမေရိကန်ဘက်က အကူအညီ တွေပေးဘို့ ကမ်းလှမ်းထားချက်အပေါ် မြန်မာစစ်အစိုးရဘက်က ခွင့်ပြုခဲ့ရင် မုန်တိုင်း ဒစ်ပြင်းပြင်း ထန်ထန်ခံခဲ့ရတဲ့ နေရာဒေသတွေအထိ ရဟတ်ယဉ်တွေနဲ့သွားရောက်ကူညီဘို့ အသင့်ရှိနေတာပါ၊

ဒီကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ပြန်လည်ရုတ်သိမ်းဘို့အတွက်ကတော့ ခုထိ မဆုံးဖြတ်ရ သေးဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပြီး ရက်ပိုင်းအတွင်း ဆုံးဖြတ်ဘို့ရှိပါတယ် လို့လဲ ဆိုပါတယ်၊ ဒါ့အပြင် မြန်မာစစ်အစိုးရဘက်ကတော့ သူတို့ ကမ်းလှမ်းချက် အပေါ် လက်မခံတာကတော့ ရှင်းနေပါ တယ်လို့လည်း ဝန်ကြီး ဂိတ်က ပြောဆိုခဲ့ပါတယ်၊

ဒီလိုပြောဆိုမှုကြားထဲကပဲ အကူအညီအထောက်အပံ့တွေဟာ ရာနဲ့ထောင်နဲ့ ချီနေတဲ့ လေဘေး ဒုက္ခ သည်တွေဆီ ရောက်ရှိနေပြီး အခုဆိုရင် မြန်မာစစ်အစိုးရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေဟာ ကယ်ဆယ် ရေး လုပ်ငန်းတွေ ပြီးဆုံးသွားလို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ဘို့ အာရုံစူး စိုက်နေ ပါပြီလို့ မြန်မာစစ်အစိုးရ ဒုတိယကာကွယ်ရေး ဝန်ကြီး အေးမြင့်က အဲ့ဒီ အစည်းအဝေးမှာပဲ ပြောဆိုခဲ့ပါတယ်၊

မြန်မာစစ်အစိုးရက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်းတထောင့် တရာကျော် ကုန်ကျမယ်လို့ ဆိုပါတယ်၊ ဒါပေမဲ့ ဘယ်လို လုပ်ငန်းတွေ လုပ်ဆောင်မှာကြောင့် ဒီလောက် ငွေကြေးကုန်ကျနိုင်တယ်ဆိုတဲ့ အစီရင်ခံစာ တခုကိုမှတော့ မြန်မာစစ်အစိုးရက တင်ပြပြောဆိုတာမျိုး မရှိပါဘူး၊ ဒါကြောင့် လေ့လာသုံးသပ်သူ ပညာရှင်တွေကတော့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေ အဲ့ဒီနေရာတွေကို သွားရောက်ခွင့် မပြုသေးသရွေ့ ခန့်မှန်းထုတ်ဖေါ် ပြောဆို ဘို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG