သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များ ဆန်ပြတ်လပ်မှု ကြုံတွေ့ဖွယ်ရှိ


လိုအပ်တဲ့ရန်ပုံငွေသာ အလျင်အမြန်မရ
ဘူးဆိုရင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်
စခန်းတွေက ဒုက္ခသည်စုစုပေါင်း
၁၄၀,၀၀၀ ကျော်တို့ကို ထောက်ပံ့နေတဲ့ ဆန်အချိုးအစားကို ၅၀% အောက်ထိ လျှော့ချပစ်ရတော့မယ်လို့ ဒုက္ခသည်တွေ
ကို ကူညီထောက်ပံ့နေတဲ့ အဓိကအဖွဲ့
အစည်းတခုက ပြောလိုက်ပါတယ်။ အဲဒီ
အချိုးအစားဟာ လူတယောက် အသက်
ရှင်သန်ဖို့ရာ လိုအပ်တဲ့ အနိမ့်ဆုံး စံသတ်
မှတ်ချက်အောက်ကို လျော့နည်းပါတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို
ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထား
ပါတယ်။

၂၀၀၈ ခုနှစ်အတွင်းမှာ ကမ္ဘာတဝှမ်း စားကုန်ဈေးနှုန်းတွေ တက်ခဲ့တာကြောင့် ဒုက္ခ သည်တွေကိုထောက်ပံ့ဖို့ လျာထားတဲ့ မူလရန်ပုံငွေပမာဏဟာ မလောက်မငဖြစ်ခဲ့ရ
တယ်လို့ဆိုပြီး အရေးပေါ်ရန်ပုံငွေတွေ အမြန်ဆုံးထောက်ပံ့ကြဖို့ မေတ္တာရပ်ခံပန်ကြား လိုက်တဲ့အဖွဲ့ကတော့ TBBC လို့ခေါ်တဲ့ Thai-Burma Border Consortium ဆိုတဲ့အဖွဲ့
ပါ။ ဒီအဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းကိုးခုမှာ ခိုလှုံနေထိုင်
နေကြရတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူ ဒုက္ခသည်ပေါင်း ၁၄၀,၀၀၀ ကျော်ကို
၂၄ နှစ်ကျော်ကြာ ကူညီထောက်ပံ့လာခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ကမ္ဘာရဲ့ အာရုံစိုက်မှုဟာ အခုချိန်မှာ နာဂစ်ဆိုင်ကလုံးဒဏ်သင့်လူထုပေါ်မှာ ရောက်နေ
ပေမယ့် ဒီဒုက္ခသည်တွေကိုလည်း မေ့ထားလို့မရပါဘူးတဲ့။ တကယ်လို့သာ ဒီဒုက္ခသည်
တွေကို TBBC က စားရေရိက္ခာ အလုံအလောက် မထောက်ပံ့နိုင်ရင် သူတို့တွေ စခန်း
အပြင်ထွက်ပြီး အလုပ်ရှာတာတွေဖြစ်လာမှာမို့ ဖမ်းဆီးခံရမှာ၊ မတရားပြုကျင့်ခံရမှာ၊ အသုံးချခံရမှာတွေအပြင် မြန်မာနိုင်ငံဆီ ပြန်ပို့ခံရမယ့် အန္တရာယ်တွေနဲ့ ကြုံရနိုင်ပါ
တယ်လို့ သတိပေးထားပါတယ်။ ဒီထဲမှာမှ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုး
သမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အန္တရာယ်အကြုံရနိုင်ဆုံးလူတွေ ဖြစ်နေပါတယ်
တဲ့။

အကူအညီပေးဖို့အတွက် အလှူရှင်တွေအားလုံးကို အကြောင်းကြား မေတ္တာရပ်ခံထားပါ
တယ်လို့ TBBC ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဂျက်ခ် ဒန်းဖို့ဒ် (Jack Dunford) ကပြောပါတယ်။

“အမေရိကန်အစိုးရ၊ ကနေဒါ၊ စပိန်နိုင်ငံတို့နဲ့ ပြောဆိုဆွေးနွေးတဲ့ ရလဒ်တွေကို
ကျနော်တို့ စောင့်နေဆဲဖြစ်ပေမယ့် တုံ့ပြန်မှုကတော့ ခုချိန်ထိ နှေးကွေးနေဆဲပါ။
ဒါ့အပြင် ဆန်ထောက်ပံ့ဖို့ ဒါမှမဟုတ် ဆန်ဖိုးကို မျှဝေကျခံပေးဖို့အတွက် ထိုင်းအစိုးရ
ကိုလည်း ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။” လို့ ဂျက်ခ် ဒန်းဖို့ဒ်က ပြောခဲ့ပါတယ်။

လက်ရှိမှာ မုန်တိုင်းဒုက္ခသည်တွေပေါ် ကမ္ဘာက အာရုံစိုက်နေတာကို မလွှဲပြောင်းချင်
ပါဘူး၊ သူတို့အတွက် လိုအပ်ချက်က အရမ်းကြီးမားပါတယ်လို့ဆိုပေမယ့် …

“တချိန်ထဲမှာပဲ ထိုင်းနယ်စပ်မှာ တည်ငြိမ်မှုရှိဖို့အတွက် ဒုက္ခသည်စခန်းတွေ မပျက်
မစီးရှိနေဖို့က အရေးကြီးတယ်လို့ ကျနော်တို့ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့
မြန်မာနိုင်ငံမှာ ဘာတွေဖြစ်မယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ အခြေအနေက ပိုဆိုး
လာမယ်ဆိုရင် မြန်မာနိုင်ငံကလူတွေ ထိုင်းနယ်စပ်ထွက်ပြေးလာတာကို ကျနော်တို့
မြင်ရဦးမှာမို့ ဒီအချိန်ကာလအတွင်း တည်ငြိမ်မှုရှိဖို့ အရေးကြီးပါတယ်။” လို့ ဂျက်ခ်
ဒန်းဖို့ဒ်က သုံးသပ်ပြပါတယ်။

အခုချိန်ထိတော့ မုန်တိုင်းဒဏ်သင့်တဲ့လူတွေ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း
တွေဆီ ထွက်ပြေးလာတယ်ဆိုတဲ့သတင်းတွေကို တိတိကျကျ မရသေးပါဘူး။ ဒါပေ
မယ့် ဒုက္ခသည်စခန်းတွေထဲက လူအများအပြားဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ ဆွေမျိုး
သားချင်းတွေ ရှိကြတာမို့ မြစ်ဝကျွန်းပေါ်ဒေသ အခြေအနေက မတည်မငြိမ်ဖြစ်လာ
မယ်ဆိုရင်တော့ ပြောမရပါဘူးလို့ ဂျက်ခ် ဒန်းဖို့ဒ်က ပြောပါတယ်။ ဒါပေမယ့် အဲဒီလို လူတွေထွက်လာခဲ့မယ်ဆိုရင် သူတို့ကို ဒုက္ခသည်စခန်းတွေမှာ လက်ခံမယ်၊ လက်မခံ ဘူးဆိုတာကတော့ သီးခြားကိစ္စတခုဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။

လိုအပ်တဲ့ရန်ပုံငွေ အချိန်မီရမယ်၊ မရဘူးဆိုတဲ့အပေါ် ဘယ်လောက်ထိ အကောင်း
မြင်ပါသလဲဆိုတော့ ဂျက်ခ် ဒန်းဖို့ဒ်က …

“ကျနော်အိပ်ရာကနိုးလာတဲ့ တချို့မနက်ခင်းတွေမှာ အရမ်းကို စိတ်ဓာတ်ကျ အဆိုးမြင်
လွန်းပြီး တချို့မနက်ခင်းတွေမှာကျတော့လည်း ပိုပြီးအကောင်းမြင်တာတွေ ရှိပါတယ်။
အားလုံးက တုံ့ပြန်လုပ်ဆောင်မယ်ဆိုရင်တော့ ကျနော်တို့ ဖြေရှင်းနိုင်မှာပါ။ ဒါကို
ကျနော် သေချာပေါက်ပြောနိုင်ပါတယ်။” လို့ ဖြေခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာဖွ့ံ့ဖြိုးတိုးတက်မှုဌာန
(DFID) ဆီကနေ ရန်ပုံငွေ ဒေါ်လာ ၅၀,၀၀၀ နောက်ထပ်ရခဲ့တဲ့အတွက် နည်းနည်း အားတက်ခဲ့ရပါတယ်လို့လည်း သူကပြောပါတယ်။ ဒါ့အပြင် ဆန်ဈေးဟာလည်း
တတန်ကို ထိုင်းငွေ ၂၅ ဘတ်ကနေ ၂၁ ဘတ်ထိ နည်းနည်းကျသွားတဲ့အတွက်လည်း
လက်ရှိမှာ လိုငွေပြနေတာ အတန်ငယ်လျော့ကျသွားပါတယ်လို့ TBBC ရဲ့ အမှုဆောင်
ညွှန်ကြားရေးမှူး ဂျက်ခ် ဒန်းဖို့ဒ်က ပြောပြခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခ
သည်တွေဟာ မြန်မာနိုင်ငံတွင်းမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတာ၊ မတော် မတရားပြုကျင့်ခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာ၊ သူတို့ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခံရတာ စသည်ဖြင့် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ကြုံတွေ့ခဲ့ကြရသူတွေဖြစ်တယ်လို့ TBBC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG