သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူညီရေးအတွက် မြန်မာစစ်အစိုးရ၏ အဟန့်အတားများကို ကုလထိပ်တန်း အရာရှိက ပြစ်တင်ဝေဖန်


မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒုက္ခသည်တွေအတွက် ကမ်းလှမ်းတဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို ကန့်သတ်ပိတ်ပင်နေတဲ့ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လူးဝီ(စ်) အာဘော်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လူးဝီ(စ်) အာဘော က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သူ နောက်ဆုံးအနေနဲ့ အဆိုပြုချက် တွင်းသွင်းစဉ်မှာ အခုလို ပြစ်တင်ဝေဖန်သွားခဲ့တာပါ။ လူးဝီ(စ်) အာဘော ဟာ ဒီလကုန်မှာ သူ့ရဲ့ လက်ရှိ ရာထူးဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရာထူးနဲ့ တာဝန်တွေကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဂျနီဗာမြို့ကနေ ဗီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ကြီးမားတဲ့ သဘာ၀ ဘေးအန္တရာယ် ကပ်ဆိုးကြီးတွေ ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လူးဝီ(စ်) အာဘော က အလေးအနက်ထား ပြောကြားသွားခဲ့ပါတယ်။ တရုတ်နိုင်ငံက မြေငလျင်နဲ့ မြန်မာနိုင်ငံက မုန်တိုင်းကြောင့် သေဆုံးခဲ့ကြသူတွေနဲ့ ဒုက္ခရောက်ကြရသူ သန်းပေါင်းများစွာ တို့အတွက် အလွန် ဝမ်းနည်းကြေကွဲရတဲ့အကြောင်း သူက ပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာပဲ မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ တာဝန်မဲ့ လုပ်ဆောင်ချက်တွေ၊ တုံံ့ပြန်မှုတွေအပေါ် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။

“အခုလို သဘာ၀ ဘေးဒုက္ခကြီး ရင်ဆိုင်ရတဲ့အခါ ကိုယ့်နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဘယ်နိုင်ငံရဲ့ အစိုးရက တခြား အကူအညီကို မလိုဘဲ ကိုယ်နိုင်တယ် ဆိုပြီး တုံ့ပြန်နိုင်စွမ်း မရှိကြပါဘူး။ ဒါကြောင့် နိုင်ငံတကာ အကူအညီ လက်ခံရေးဟာ အရေးကြီးလှပါတယ်။ ဘေးဒုက္ခရောက်သူတွေဖက်ကကြည့်ရင် အကူအညီ တောင်းပိုင်ခွင့် ရှိကြသလို အစိုးရတွေရော နိုင်ငံတကာ လူ့အဖွဲ့အစည်းကရော တတ်နိုင်သမျှ ကူညီကြရဖို့ တာဝန်လည်း ရှိပါတယ်။”

မြန်မာစစ်အစိုးရရဲ့ အခုလို တာဝန်မဲ့ လုပ်ဆောင်ချက်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နုတ်ဆိတ်နေကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း သူက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ “မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် အကူအညီကိုပေးဖို့ နိုင်ငံတကာက ကမ်းလှမ်းခဲ့တာကို မြန်မာအာဏာပိုင်တွေဖက်က လက်မခံဘဲ ဟန့်တားတဲ့ အခြေအနေကို ဆိုက်တာဟာ ကာလကြာရှည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက သည်းခံပြီးနေခဲ့ကြတာကြောင့် မြန်မာစစ်အစိုးရဘက်က အခုလို ဟန့်တားရဲတဲ့ အနေအထားမျိုး ရောက်လာတာလို့ ဆိုရပါလိမ့်မယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက အခုလို မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်တာနဲ့ပတ်သက်လို့ အမျိုးသားညွှန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက အခုလို ပြောဆိုပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အနေနဲ့ရော၊ နောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကို ဦးဆောင်ခဲ့တဲ့ သက်တမ်းကာလမှာ မြန်မာပြည်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီးမှာ အရေးပေါ် အစည်းအဝေးတွေ ချမှတ်ခဲ့တယ်။ သံဃာ့အရေးအခင်းကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သလို ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ပါမောက္ခ ပင်ညဲရိုးကလည်း စုံစမ်းလေ့လာမှုတွေ လုပ်ခဲ့တယ်။ နအဖကို အကြံပြုချက်တွေပေါ့နော်။ ဒါတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် ဒီအကြံပြုချက်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ နိုင်ငံတကာ အစိုးရတွေအနေနဲ့ အထူးသဖြင့် ဒေသတွင်းက မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံတွေကနေ ပူးပေါင်းဆောင်ရွက်မှုဟာ အားရလောက်စရာ မရှိဘူး။ ဒါကြောင့်မိုလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အကောင်အထည် ဖော်မှုတွေဟာ တကယ်တမ်း ထင်သလောက် မအောင်မြင်ခဲ့ဖူးပေါ့နော်။ ဒါကြောင့်မိုလို့ လူးဝီ(စ်) အာဘော်က အခုလိုမျိုး နိုင်ငံတကာအစိုးရတွေကနေ ဒီထက်ပိုပြီးတော့ မြန်မာပြည် လူ့အခွင့်အရေးကိစ္စတွေကို ကြိုးစားပြီးတော့ ဆောင်ရွက်ဖို့လိုတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ဒါကို ကျနော် လက်ခံပါတယ်။ အခုလောလောဆယ် ဖြစ်နေတဲ့ အနေအထားကလည်းပဲ သူတို့ အခုဆိုရင် - ဥပမာ ကုလသမဂ္ဂနဲ့ အာဆီယံကနေ ပူးတွဲကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ကလုန်း ဒုက္ခသည်တွေကို ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ အစည်းအဝေး ဖြစ်သွားတာ တစ်ပတ်ရှိသွားပါပြီ။ နအဖ ဖက်ကနေပြီးတော့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ဆွေးနွေးပွဲမှာ ကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြည်ဝင်ခွင့်ဗီဇာတွေ မြန်မြန်ပေးပြီးတော့ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေမှုကိုလည်း မြန်မြန်သွက်သွက် ဆောင်ရွက်ပြီး လူ့အသက်တွေ ကယ်တင်ဖို့ကိစ္စဟာ ကတိတွေ ပေးခဲ့ပေမယ့် အကောင်အထည် ဖော်မှုတွေမှာ ကနေ့အထိ နှေးကွေးနေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ နှေးကွေးနေတာရဲ့ အခြေအနေမှာ ပိုပြီးတော့ စိုးရိမ်စရာဖြစ်လာတဲ့အပိုင်းက လက်ပွတ်တာတို့ ဘိုကလေးတို့ မြောင်းမြတို့ ရန်ကုန်မှာလည်းပဲ ကရင်ဘက်ပတစ် ကောင်စီကနေပြီးတော့ စောင့်ရှောက်ထားတဲ့ ကရင်ဒုက္ခသည်တွေကို ရွာတွေကို ပြန်ပို့တဲ့ အနေအထားပေါ့နော်။ ရွာတွေမှာကလည်း ကနေ့အထိ နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အကူအညီတွေ မရသေးဘူး။ နအဖကလည်းပဲ ဘာမှ ဖြန့်ဝေပြီးတော့ ကူညီနေတာတွေ မရှိဘူး ဆိုလို့ရှိရင် ရွာတွေကို ပြန်ရောက်တဲ့အခါမှာ ဒီဒုက္ခသည်တွေဟာ ပိုပြီးတော့ ဒုက္ခရောက်မယ်။ အစားအသောက် ပြတ်လပ်မယ်။ ရေကနေဖြစ်တဲ့ရောဂါတွေ၊ ယင်ကောင်တွေကနေ ဖြစ်တဲ့ရောဂါတွေ ပြန့်ပွားမယ့်အန္တရာယ်တွေက သိပ်စိုးရိမ်ရတယ်။ ဒါဟာ နအဖရဲ့ ဒီလိုမျိုး လူမှုရေး အကူအညီတွေကို ပိတ်ဆို့နေတာ တားဆီးနေတာ အင်မတန် ကြီးမားတဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။ ဒါကို လူးဝီ(စ်) အာဘော်က ပြောတာရော၊ ဒီကနေ့ နိုင်ငံတကာ ခေါင်းဆောင်တွေကနေပြီးတော့ ပြောလာတာတွေရော ဒါကို ကျနော်တို့ အပြည့်အ၀ နားလည်တယ်။ ကျနော်တို့ ပြောယုံတင်မကဘူး၊ ထိထိရောက်ရောက် အရေးယူဖို့လည်း ကျနော်တို့ တိုက်တွန်းပါတယ်။” အမျိုးသားညွှန့်ပေါင်းအစိုးရ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်း ပြောသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ မြန်မာစစ်အစိုးရက ကန့်သတ်ချက် အချို့ကို လျော့ချပေး ခဲ့ပေမယ့်လည်း ဒုက္ခသည် သုံးပုံတစ်ပုံဟာ အခုထိ ဘယ် နိုင်ငံတကာ အကူအညီမှ မရသေးတဲ့အခြေအနေမှာ ရှိနေသေးတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

မြန်မာစစ်အစိုးရကတော့ မုန်တိုင်းဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးစီးလို့ အခုဆိုရင် ပြန်လည် နေရာချထားရေး လုပ်ငန်းတွေကို လုပ်နေတယ်လို့ မြန်မာစစ်အစိုးရက ဆိုနေပါတယ်။ ဒါပေမယ့်လည်း မုန်တိုင်း တိုက်ခတ်ခဲ့တာ ၁ လ အထိ ကြာလာခဲ့ပြီ ဖြစ်ပေမယ့်လည်း တကယ်တမ်း လက်တွေ့မှာ မုန်တိုင်းဒုက္ခသည် အများစုဟာ ကူညီထောက်ပံ့မှု မရကြသေးသလို အစာပြတ်လပ်မှုနဲ့ နောက်ဆက်တွဲ ရောဂါဘယတွေနဲ့ပါ ကြုံတွေ့ရင်ဆိုင် နေကြရတယ်လို့ မုန်တိုင်းဒဏ် အဆိုးရွားဆုံး သင့်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်ပြီး တနိုင်တပိုင် ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ရန်ကုန်မြို့က စေတနာ့ဝန်ထမ်းတစ်ဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ နယ်ကို ဆင်းသွားတယ်ပေါ့နော်။ တပိုင်တနိုင် ဆေးတွေကို သွားပြီးတော့ လူထု လက်ထဲကို ထည့်တယ်။ ဒါပေမယ့် ပထမဆုံးရောက်တာ ဖြစ်နေတယ်။ အဲဒါက ဘိုကလေးမြို့နဲ့ ရေမိုင် ၁၄ မိုင် ၁၅ မိုင် လောက်ပဲ ဝေးတယ်။ အဲဒီလောက်နီးနီးလေးမှာတောင်မှပဲ ဘာ ကယ်ဆယ်ရေးမှ ရောက်မလာသေးဘူး။ မလော့ ဆိုတဲ့ရွာမှာ ဘုန်းကြီးကျောင်းကနေ သူတို့ ဆွမ်းဆန်တွေ ခံထားတယ်ပေါ့ဗျာ။ အဲဒီ ဆွမ်းဆန်ခံထားတဲ့ဟာတွေကို တရွာလုံးမှာ လူ ၄၀၀ လောက် တင်ပြီးတော့ ကျွေးထားတယ်ဗျာ။ သူတို့ အဲဒါ အလွန်ဆုံး ဆက်ကျွေးနိုင်ရင် တစ်ပတ်ပဲဗျာ။ ဘုန်းကြီးကျောင်းက တာဝန်ခံပြီး ကျွေးနိုင်တဲ့သူဆိုရင်တော့ နည်းနည်းလေး ဒီ ရက်ပိုင်းအတွင်းမှာ နေနိုင်သေးတယ်ဗျ။ ဒါပေမယ့် အဲဒီလို တာဝန်ယူပြီး မကျွေးနိုင်တဲ့နေရာတွေကတော့ အခုချိန်ကစပြီး ငတ်နေကြပြီ။ လောလောဆယ် လိုတာက သူတို့အတွက် ဆန်တို့၊ ဆေးဝါးတို့။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းရောဂါ ဖြစ်နေကြပြီ။ နောက်ပြီးတော့ ဆန် စားစရာ မရှိတော့ သူတို့ ကြံဖန်ပြီး စားရတာတွေ ရှိတယ်ဗျာ။ ဥပမာ အောက်နေတဲ့ဆန်တွေ၊ ရေမြှပ်သွားတဲ့ စပါးတွေကို ကြိတ်ခွဲတယ်။ ကြိတ်ခွဲတယ်ဆိုတာကလည်း စက်တွေနဲ့ ကြိတ်ခွဲတာ မဟုတ်ဘူးလေ။ ပုလင်းတို့ ဘာတို့နဲ့ ကြိတ်ခွဲပြီးတော့ ဆန်ကွဲလိုဟာမျိုးတွေကို ကြိတ်ခွဲပြီး သူတို့ သောက်ရတယ်။ နောက်ပြီးတော့ သူတို့ အုန်းရေ သောက်နေရတယ်။ အုန်းသီးတွေ စားနေရတယ်။ ဒါက သူတို့ နေ့စဉ်နဲ့အမျှ စားသောက်နေရတာ။”

ပြီးခဲ့တဲ့တစ်ရက်က မုန်တိုင်းသင့်ဒေသတွေမှာ သွားရောက်ကူညီခဲ့တဲ့ ရန်ကုန်မြို့က စတနာ့ဝန်ထမ်းက သူတွေ့မြင်ခဲ့ရတာကို ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG