စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်းကို ပြီးခဲ့တဲ့ လူထု ဆန္ဒခံယူပွဲက တဆင့် ထောက်ခံမှု ရရှိခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကို ပယ်ဖျက် လိုက်သလို ဖြစ်သွားပြီလို့ စစ်အစိုးရ သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
၉၀ ခုနှစ်ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့တဲ့ ရလဒ်ဟာ ပျက်ပြယ် သွားတဲ့ အကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာပါ။
သတင်းစာထဲမှာ ဒေါ်အောင်ဆန်းစုကြည် နံမည်နဲ့ NLD နံမည်တွေကို ဖော်ပြထားခြင်း မရှိပေမယ့် အတိုက်အခံတွေ အနေနဲ့ အုပ်ချုပ်ပိုင်ခွင့် အာဏာရဖို့ စစ်အစိုးရ ပြောထားတဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၉၈ ရာခိုင်နှုန်း မဲပေးခဲ့တဲ့ အထဲက ၉၂ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ မူကြမ်းကို ထောက်ခံခဲ့တယ်လို့ စစ်အစိုးရက ပြောပေမယ့် NLD ကတော့ ဒီရလဒ်ကို ပယ်ချထားပါတယ်။