သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒုက္ခသည် ထက်ဝက်နီးပါး အကူအညီမရသေးဟု ကုလသမဂ္ဂပြော


ပြီးခဲ့တဲ့လ အစောပိုင်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် ဒုက္ခ
ရောက်သူ ၂.၄ သန်းမှာ တဝက်လောက်
ကသာ အကူအညီ အထောက်အပံ့တွေကို ရသေးတယ်လို့ ကုလသမဂ္ဂက ပြောပါ
တယ်။ ဒီအကူအညီ အထောက်အပံ့တွေ
ကလည်း အမြဲတမ်းမရှိသလို မလုံ မလောက်ဖြစ်နေတယ်လို့လည်း ကုလ
သမဂ္ဂက ပြောပါတယ်။ ဒီအကြောင်းနဲ့
ပတ်သက်လို့ ဂျနီဗာမြို့ကနေ ဗွီအိုအေ
သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို မခင်ဖြူထွေး
က တင်ပြပေးထားပါတယ်။

နှစ်ပေါင်း ၄၀ အတွင်း မကြုံစဖူး ပြင်းထန်တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီး ပြီးခဲ့တဲ့
တလကျော်က မြန်မာနိုင်ငံမှာ တိုက်ခတ်ခဲ့ရာမှာ လူပေါင်းထောင်သောင်းချီ သေဆုံးခဲ့
သလို သန်းနဲ့ချီပြည်သူတွေ ခိုကိုးရာမဲ့ ဒုက္ခရောက်ခဲ့ကြရပါတယ်။ မုန်တိုင်းဒဏ် အဆိုး
ရွားဆုံးထိခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဒုက္ခသည် ၁.၃ သန်းဆီကို
အထောက်အပံ့ အကူအညီတွေ ပေးနိုင်ခဲ့ပြီလို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာ
ထောက်ထားမှု ကူညီကယ်ဆယ်ရေး အေဂျင်စီတွေက ပြောပါတယ်။

အခုလို ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးလုပ်ငန်း နောက်ဆုံးအခြေအနေတွေနဲ့
ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေး
ဆိုင်ရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အယ်လိဇဘက်သ် ဘိုင်ယာစ် (Elizabeth Byrs) က အခုလိုပြောပါတယ်။

“အတိုင်းအတာ ဘယ်လောက်အထိ အကူအညီတွေကို ရနေသလဲဆိုတာနဲ့ပတ်သက်
လို့ ကျမတို့ နားလည်ရမှာက အခု မုန်တိုင်းဒုက္ခသည်တွေ အကူအညီရတယ်ဆိုတာက
ပုံမှန်ရနေတာမျိုး မဟုတ်ပါဘူး။ ဥပမာ ကျမတို့အနေနဲ့ အကူအညီတွေကို အမြဲတမ်း မထောက်ပံ့ပေးနိုင်သလို တခါတလေမှာ လိုအပ်တဲ့ အတိုင်းအတာအထိ ထောက်ပံ့
မပေးနိုင်ပါဘူး။ ဒါကြောင့်မို့လို့ လိုအပ်ချက်နဲ့အညီ ပုံမှန်ထောက်ပံ့ပေးသွားနိုင်အောင်
လုံလောက်တဲ့ အကူအညီ အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေပါတယ်။”

ဒါပေမယ့်လည်း မုန်တိုင်းတိုက်ခတ်ပြီးခါစ ရက်သတ္တပတ်တွေနဲ့ ယှဉ်ကြည့်ရင်တော့ အခုအခြေအနေက အများကြီး တိုးတက်လာတယ်လို့ ဆိုရမှာပါ။ နိုင်ငံတကာ အသိုင်း
အဝိုင်းရဲ့ ဖိအားအမျိုးမျိုးကြောင့် အစောပိုင်းက နိုင်ငံတကာ အကူအညီ အထောက်အပံ့
အများစုကို ငြင်းဆန်ခဲ့တဲ့ မြန်မာစစ်အစိုးရကလည်း ကန့်သတ်မှုတချို့ကို လျှော့ချပေးခဲ့
ပါတယ်။

အခုဆိုရင် ကူညီထောက်ပံ့ရေးပစ္စည်းတွေဟာ ရန်ကုန်မြို့ကို ပုံမှန်ရောက်ရှိနေပြီ ဖြစ်ပါ
တယ်။ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး လုပ်သားတွေအနေနဲ့လည်း မုန်တိုင်းဒုက္ခ
သည်တွေကို သွားရောက်ကူညီတဲ့နေရာမှာ အရင်ကထက်ပိုပြီး လွယ်လွယ်ကူကူ သွားလာလုပ်ကိုင်ခွင့်ရနေပြီလို့ မစ္စ ဘိုင်ယာစ်က ပြောပါတယ်။ မြန်မာစစ်အစိုးရကို
အသိပေးပြီး ၄၈ နာရီအတွင်း ကုလသမဂ္ဂဝန်ထမ်းတွေ မုန်တိုင်းသင့်ဒေသတွေကို သွားရောက်ကူညီခွင့်ရတယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့်လည်း တခြား အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံ
တကာ ကြက်ခြေနီအဖွဲ့ချုပ်တို့လို၊ နောက် ကလေးများ ကူညီကယ်ဆယ်ရေးအဖွဲ့
(Save the Children) လို အဖွဲ့တွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ကျွမ်းကျင် လုပ်သားတွေကိုတော့ မြန်မာစစ်အစိုးရက အခုလိုအခွင့်အရေးတွေ အတူတူပေးမထား
ဘူးလို့ မစ္စ ဘိုင်ယာစ်က ပြောပါတယ်။ ဒီအကြောင်းကလည်း ဒုက္ခသည်တွေအတွက် အကူအညီတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အရေးမှာ အဟန့်အတား
ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

“စစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံထဲမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေအားလုံး
ကို ပယ်ဖျက်ပေးဖို့ ကျမတို့ တိုက်တွန်းပါတယ်။ တကယ်လိုအပ်တဲ့နေရာတွေမှာ နိုင်ငံ
တကာ ကူညီကယ်ဆယ်ရေးလုပ်သားတွေ သွားရောက်ကူညီခွင့်ရဖို့ အရေးတကြီး
လိုအပ်နေလို့ပါ။”

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာတွေမှာ ဘယ်လိုအကူအညီတွေ လိုအပ်တယ်ဆိုတာကို သေသေချာချာသိနိုင်ဖို့ အရေးကြီးတဲ့ စုံစမ်းလေ့လာမှုတွေကို နိုင်ငံတကာ ကျွမ်းကျင်
လုပ်သားတွေက စလုပ်နေကြပြီဖြစ်သလို ဒီလကုန်လောက်မှာ အစီရင်ခံစာ အပြည့်
အစုံ ထွက်လာဖို့ရှိတယ်လို့လည်း မစ္စ ဘိုင်ယာစ်က ပြောပါသေးတယ်။

တချိန်တည်းမှာပဲ မုန်တိုင်းဒုက္ခသည် ကယ်ဆယ်ရေးစခန်းတွေကို မြန်မာစစ်အစိုးရ
က လိုက်လံပိတ်ပစ်နေတာတွေ ရပ်တန့်ဖို့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ
က မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ အစိုးရအဆောက်အဦတွေမှာ ခိုလှုံ
နေကြရတဲ့ မုန်တိုင်းဒုက္ခသည်တွေကို အာဏာပိုင်တွေက နှင်ထုတ်ပြီး အပျက်အဆီး တွေသာကျန်ရစ်တဲ့ သူတို့ရဲ့နေရပ်ကို အတင်းပြန်ပို့နေတဲ့အတွက်လည်း လူ့အခွင့်
အရေးအဖွဲ့တွေက မြန်မာစစ်အစိုးရကို ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG