သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေဘေးကယ်ဆယ်ရေး အမေရိကန်သင်္ဘောများ ဆုတ်ခွာရမှုကြောင့် စိတ်မကောင်းဖြစ်ကြ


မြန်မာစစ်အစိုးရက ငြင်းဆန်ခဲ့တာကြောင့် မြန်မာ့ပင်လယ် ကမ်းရိုး တန်း နားမှာ ရပ်တန့်ထားတဲ့ လေဘေးကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။ မုန်တိုင်းဒဏ် ခံခဲ့ရသူ ပေါင်း ၂သန်းကျော်အတွက် ကျိုးစားပြီး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဒီသဘောၤတွေ ပြန်လည်ထွက်ခွာ သွားရတာအပေါ်စိတ်ပျက်မှုတွေ ဖြစ်နေကြတယ်ဆိုတဲ့ အကြောင်း ဗီအိုအေ သတင်းထောက် Ron Corben ဘန်ကောက်မြို့ က သတင်းပေးပို့ ထားတာကို ဒေါ်ညိုညိုလွင်က တင်ပြပေးပါတယ်။

US S Essex အပါအဝင် ရေတပ်သင်္ဘောတချို့ဟာ နာဂစ်ဆိုက်ကလုန်း မုန်တိုင်း ဒဏ်ခံရသူတွေအတွက် အထောက်အပံ့ ကယ်ဆယ်ရေး အကူအညီတွေ ပေးဘို့ ရက်သတ္တပတ် (၃) ပတ်ကြာလောက် မြန်မာ့ ပင်လယ် ကမ်းရိုးတန်းနားမှာ ရပ်တန့်ထားခဲ့တာပါ၊

မြန်မာစစ်အစိုးရဟာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး ပစ္စည်းတွေ တင် ဆောင်ပေးပို့နိုင်ဘို့ နိုင်ငံခြားစစ်တပ်က ရဟတ်ယာဉ်တွေ အသုံးပြုဘို့ကို လက်မခံငြင်းပယ်ခဲ့ပါတယ်၊

ဒီအခြေအနေတွေကြားထဲကပဲ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFPက အာဖရိကက ရဟတ်ယဉ် နှစ်စီးအသုံးပြုခွင့်ကို ပြီးခဲ့တဲ့တပတ်က ရရှိခဲ့ပါတယ်၊ ဒါပေမဲ့ ဒါဟာ လုံလောက်မှုမရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

WFPရဲ့ ပြောဆိုခွင့်ရှိသူ Paul Risley က အမေရိကန် စစ်တပ်ရဟတ်ယဉ်တွေ အသုံးပြုပြီး မြစ်ဝကျွန်းပေါ် ဒေသ တလျှောက် ကယ်ဆယ်ရေး အထောက်အပံ့ အကူအညီတွေ ပေးပို့ခွင့်မရတာကို စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

“ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီရဟတ်ယဉ်ကြီးတွေက ကုန်ချိန် အများကြီးတင်ဆောင်ပြီး လျင်လျင်မြန်မြန်ကို အဲ့ဒီနေရာတွေ ရောက်ရှိနိုင်တာကြောင့် ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့တွေ ရဲ့ လုပ်ငန်းစဉ်တွေ အတွက် အများကြီး သင့်လျော်မှုရှိလို့ပါပဲ”

နိုင်င ံတော်တော်များများက စစ်ရဟတ်ယဉ်တွေအသုံးပြုပြီး လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် ဆူနာမီ သဘာဝဘေးဒုက္ခနဲ့ ကြုံတွေ့ရတဲ့ အခါ အင်ဒိုနီးရှားနိုင်ငံကို အကူ အညီပေး ပစ္စည်းတွေ ပေးပို့ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆိုက်ကလုံး မုန်တိုင်း ကယ်ဆယ်ရေး ကာလတုံးကလဲ ဒီရဟတ်ယဉ်တွေကိုပဲ အသုံးပြု ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ကူညီ ကယ်ဆယ်ရေးအတွက်သာ ဖြစ်ပါတယ်လို့ ဆိုနေတဲ့ ကြားကပဲ ကျူးကျော် ဝင်ရောက်မှုတွေကို စိုးရိမ်လို့ မြန်မာစစ်အစိုးရက ငြင်းဆို လိုက်တာ ဆိုပြီး စစ်အစိုးရပိုင် မီဒီယာတွေမှာ ရေးသား ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ လက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုက်ကလုန်း ဒဏ်ကြောင့် လူပေါင်း ၂ သန်း ထက်မနည်းဟာ အစားအသောက်၊ နေထိုင်စရာနဲ့ ဆေးဝါးတွေ လိုအပ် နေတာပါ၊ မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ခုနှစ်သောင်း ရှစ်ထောင်ကျော် သေဆုံး ရပြီး ၅သောင်း ၆ထောင်ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်၊

မြန်မာ စစ်အစိုးရဟာ ကူညီကယ်ဆယ်ရေး ပေးပို့မဲ့ လမ်းတွေကို ပိတ်ပင်တားဖြစ် တာတွေ လုပ်ထားတယ်လို့ နိုင်ငံတကာ အလှူရှင် အဖွဲ့တွေက ဆိုပါတယ်၊ ဒီလိုသာ ပိတ်ပင်တားဖြစ်မှုတွေကို စစ်အစိုးရအနေနဲ့ ဆက်လုပ်နေမယ်ဆိုရင် လူတွေ ထောင်နဲ့ သောင်းနဲ့ ချီပြီး ထပ်မံ သေဆုံးနိုင်တယ်လို့ အမေရိကန်က ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ နဲ့ အာဆီယံ ကတော့ မုန်တိုင်းဒဏ်ပြင်းပြင်းထန်ထန်ခံရတဲ့ နေရာ တွေဆီ အကူအညီတွေ ပေးနိုင်ဘို့ ဆိုတဲ့ သဘောတူ ညီချက် မြန်မာ စစ်အစိုးရ နဲ့ရရှိခဲ့ပါတယ်၊

ထောက်ပံ့မှု အကူအညီတွေ လုံး၀ မရရှိ သေးတဲ့ လေဘေးဒုက္ခသည် ၁. ၃ သန်း အတွက် အကူအညီတွေရရှိလို့ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန် လုပ်ကိုင်ဘို့ လိုအပ် တယ်လို့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ဗုဒဟူးနေ့က ပြောဆိုလိုက်ပါတယ်၊

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသဟာ မြန်မာနိုင်ငံမှာ ဆန်စပါးအထွက်ဆုံးဖြစ်ပေမဲ့ မုန်တိုင်းဒဏ်ကြောင့် စပါးစိုက်တဲ့ လယ်ကွင်းတွေ ၆၀ ရာခိုင်နှုန်းလောက် ပျက် ဆီးသွားတယ်လို့ လဲ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ရှေ့လမဲ့ ဇူလိုင်လ စပါးစိုက်ပျိုးရာသီအတွက် လယ်မြေ ၁၆ ရာခိုင်နှုန်းဟာ ဆိုးဆိုးဝါးဝါး ပျက်ဆီး သွားပြီလို့ဆိုပါတယ်။

အဲ့ဒီဒေသက လယ်သမားတွေဟာ စားစရာမရှိ၊ နေစရာမရှိ၊ လယ်ယာစိုက်ပျိုး ရေး ပစ္စည်းကရိယာတွေ မရှိတော့ တာကြောင့် လယ်သမား အနည်းငယ် လောက် ပဲ သူတို့ လယ်မြေရှိရာတွေကို ပြန်သွားခဲ့ကြတယ်လို့လဲ ကုလသမဂ္ဂက ပြောဆိုပါတယ်၊ ခုချိန်ထိ အဲ့ဒီဒေသတွေမှာ လမ်းတွေလည်း ပျက်ဆီးနေတုံးပဲ ဖြစ်တယ်လို့ ဆိုပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG