သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးဒဏ်သင့် ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ် ဆက်ခံရ


နာဂစ်ဆိုင်ကလုံးမုန်တိုင်း နောက်ဆက်တွဲ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို မြန်မာ အာဏာပိုင်တွေ ကျူးလွန်နေတယ်လို့ AI လို့ခေါ်တဲ့ Amnesty
International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း
ချမ်းသာခွင့်အဖွဲ့က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့အရှေ့ပိုင်း ကရင်ပြည်နယ်ဒေသမှာ
လည်း Crimes Against Humanity လို့ခေါ်တဲ့
လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုတွေ
ကို ဆက်ပြီးကျူးလွန်နေတဲ့အကြောင်း အစီရင်ခံ
စာတစောင် ထုတ်ပြန်ပြီး ထောက်ပြလိုက်ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ AI အဖွဲ့ကြီးရဲ့
တာဝန်ရှိသူတဦးက ဒီကနေ့ ဘန်ကောက်မြို့၊ နိုင်ငံခြားသတင်းထောက်များအသင်းမှာ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါ
တယ်။ အဲဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ
ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

လူသားဘေးဒုက္ခဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် ယုံကြည်အားကိုးမှု
ရှိနိုင်ဖို့၊ ပြည့်စုံလုံလောက်ဖို့နဲ့ အလုပ်တွင်ကျယ်ဖို့ဆိုရင် လူ့အခွင့်အရေးကိစ္စကိုလည်း ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ရမယ်လို့ AI အဖွဲ့ကပြောပါတယ်။ လူ့အခွင့်အရေးကို
အထိခိုက်ခံပြီး ကူညီကယ်ဆယ်ရေးကို ရှေ့ဆက်လုပ်ဆောင်လို့ မရပါဘူး။

မြန်မာအာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အများမှာ မုန်တိုင်းကိစ္စ
နဲ့ဆက်စပ်ပြီး AI အဖွဲ့ အဓိကထောက်ပြခဲ့တဲ့ ကိစ္စနှစ်ခုကတော့ မုန်တိုင်းကြောင့်
အသက်မသေ လွတ်မြောက်လာသူတွေကို တရားဝင်ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေ၊ သူတို့ခိုလှုံနေတဲ့ တခြားအဆောက်အဦတွေကနေ အတင်းအကျပ် မောင်းထုတ်တာနဲ့ အကူအညီတွေကို ဟန့်တားနှောင့်ယှက်တာ ဒါမှမဟုတ် မတော်မတရား အလွဲသုံးစား
လုပ်တာတွေ ဖြစ်ပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့သူကတော့
AI အဖွဲ့ရဲ့ အရှေ့တောင်အာရှဌာန၊ သုတေသနမှူး မစ္စတာ ဘန်ဂျမင်န် ဇာဝက်ကီး
(Benjamin Zawacki) ပါ။

“ပထမဆုံးနဲ့ အရေးအကြီးဆုံး၊ စိုးရိမ်ဖွယ်အကောင်းဆုံး ကိစ္စကတော့ လူတွေကို
အတင်းအကျပ် နေရာရွှေ့ပြောင်းတဲ့ကိစ္စပါ။ ကုလသမဂ္ဂအေဂျင်စီတခု မနေ့ကပြောခဲ့
တာနဲ့ ဆန့်ကျင်ဘက် AI အနေနဲ့ အတည်ပြုပြောဆိုနိုင်တာကတော့ မေလ ၁၉ ရက်
နေ့ကတည်းကဆိုရင် အတင်းအကျပ် နေရာရွှေ့ပြောင်းတဲ့ဖြစ်ရပ် ၃၀ ထက်မနည်း
ဖြစ်ခဲ့ပြီးပါပြီ။” လို့ ဘန်ဂျမင်န်က ပြောပါတယ်။

ဒီလို အတင်းအကျပ် ရွှေ့ပြောင်းတာဟာ အစိုးရက မူဝါဒချ လုပ်ဆောင်တာဖြစ်တယ်လို့
ပြောဖို့ AI မှာ ခုချိန်ထိ အထောက်အထားတွေ မရှိသေးပေမယ့် ရသလောက် အထောက်အထားတွေအရကတော့ အဲဒီလိုလုပ်တယ်ဆိုတာကို ရည်ညွှန်းနေပါတယ်လို့
ဆိုပါတယ်။

အတင်းအကျပ်ရွှေ့ပြောင်းတဲ့ကိစ္စကို ပြောတဲ့အခါ ရွှေ့ပစ်တဲ့ကိစ္စသက်သက်ကို ပြောတာ
မဟုတ်ဘဲ ပရမ်းပတာ တရားလက်လွတ်ဖြစ်တာ၊ လူတွေရဲ့ အစားအစာ၊ အမိုးအကာ၊ ကျန်းမာရေးအပြင် အသက်ရှင်သန်ဖို့ အခွင့်အရေးတွေပါ ချိုးဖောက်ခံရတာတွေလည်း
ပါဝင်ကြောင်း ပြောပါတယ်။

AI က အဓိကထောက်ပြခဲ့တဲ့ နောက်ကိစ္စတခုကတော့ နိုင်ငံတကာကပေးတဲ့ အကူ
အညီတွေကို မြန်မာအာဏာပိုင်တွေက ဟန့်တားခဲ့တာ၊ မတော်မတရား အလွဲသုံးစား
လုပ်ခဲ့တာတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီအထောက်အပံ့တွေကို ထိန်းသိမ်း
လိုက်တာ၊ လမ်းကြောင်းပြောင်းပြီး ပေးအပ်တာနဲ့ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ဖြစ်ရပ်
၄၀ ထက်မနည်းကို AI အနေနဲ့ အတည်ပြုနိုင်ပါတယ်လို့ ဘန်ဂျမင်န်က ပြောပါတယ်။ အကူအညီတွေကို အလွဲသုံးစားလုပ်တယ်ဆိုရင် အရေးယူမယ့်အကြောင်း မေလ ၁၆
ရက်နေ့မှာ မြန်မာအစိုးရက ကြေညာခဲ့တဲ့အပေါ် AI အနေနဲ့ အထူးအသိအမှတ်ပြုပေ
မယ့် …

“အဲဒီကြေညာချက်ကို အကောင်အထည်ဖော်မှုကတော့ လိုက်လျောညီထွေမရှိပါဘူး။ ကျနော်တို့သိရတဲ့ ဖြစ်ရပ် ၄၀ ထဲမှာ အများစုက အဲဒီကြေညာချက်ထွက်ပြီးမှ ဖြစ်ခဲ့တာ
တွေပါ။ ဒါကြောင့် အကူအညီတွေကို အလွဲသုံးစားမလုပ်ဖို့ တားမြစ်တာဟာ အစိုးရရဲ့
မူဝါဒဖြစ်တယ်လို့ ကျနော်ယူဆရင်တောင်မှ တကယ့်ဖြစ်ရပ်အများစုက ကြေညာချက်
ထွက်ပြီးမှ ဖြစ်ခဲ့တာမို့ မြို့နယ်နဲ့ ကျေးရွာအဆင့်တွေမှာ ဒီမူဝါဒကို အကောင်အထည်
ဖော်တာ အားနည်းနေတာတွေ့ရပြီး အားကောင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။” လို့
ဘန်ဂျမင်န်က ပြောသွားခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးတာ တလကျော်ပဲရှိသေးတဲ့ အချိန်ကာလအတွင်းမှာ အခုလို အစီရင်ခံစာထုတ်ပြန်ရတာကတော့ ပြီးခဲ့တဲ့ တလအတွင်းဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို ထောက်ပြခြင်းအားဖြင့် ရှေ့လာမယ့်လတွေမှာ အလားတူ
ချိုးဖောက်မှုမျိုးတွေ ထပ်မဖြစ်ပွားအောင် တားဆီးဖို့ မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်လို့
ဘန်ဂျမင်န်က ပြောပါတယ်။ ဒါ့အပြင် …

“လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတရပ်ကို ဂျနီဗာမှာကျင်းပနေချိန် ဒီအစီရင်
ခံစာကို ထုတ်ပြန်လိုက်တာကြောင့် မုန်တိုင်းဒဏ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်အတွင်းမှာ မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ လူ့အခွင့်
အရေး အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားလုပ်ဆောင်ရေး သေချာစေဖို့အတွက် သက်ရောက်မှုတခုဖြစ်ဖို့ မျှော်လင့်ပါတယ်။” ဆိုပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း
ချမ်းသာခွင့်အဖွဲ့ရဲ့ အရှေ့တောင်အာရှဌာန၊ သုတေသနမှူး မစ္စတာ ဘန်ဂျမင်န်
ဇာဝက်ကီးက ပြောသွားခဲ့ပါတယ်။

ဒီကနေ့မှာပဲ AI ကထုတ်ပြန်လိုက်တဲ့ နောက်အစီရင်ခံစာတခုကတော့ မြန်မာနိုင်ငံ
အရှေ့ပိုင်း၊ ကရင်ပြည်နယ်ဒေသမှာ မြန်မာစစ်အစိုးရက ဆက်ပြီးကျူးလွန်နေတဲ့
Crime against Humanity လို့ဆိုတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့ ချိုးဖောက်မှု
တွေ အကြောင်းပါ။

ဒီဖြစ်ရပ်တွေထဲမှာ လူသတ်တာ၊ အတင်းအဓမ္မ ကျေးကျွန်သဖွယ် ခိုင်းစေတာ၊ လူတွေ
ကို အတင်းအဓမ္မပြန်ပို့ အင်အားသုံး ရွှေ့ပြောင်းပစ်တာ၊ ထောင်သွင်းအကျဉ်းချတာ
အပြင် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး နှိပ်စက်ညှဉ်းပန်းတာတွေ၊ အနိုင့်
အထက် မတော်မတရားပြုကျင့်တာတွေနဲ့ တခြား လူမဆန်တဲ့လုပ်ရပ်တွေကို
ထောက်ပြထားပါတယ်။ ဒီလုပ်ရပ်တွေဟာ လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့
ရာဇဝတ်မှုမြောက်တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူကိုင်
တွယ် ဆောင်ရွက်သင့်တယ်လို့ တင်ပြထားပါတယ်။ ဒီလိုအရေးယူလုပ်ဆောင်သင့်တာ
တွေထဲမှာ တခုကတော့ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချမှု ပိတ်ပင်တာအပြင်
စစ်ဖက်နဲ့ပတ်သက်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုး၊ ထောက်ပံ့မှုမျိုးမှမလုပ်ဖို့
တားမြစ်တဲ့ မဖြစ်မနေလိုက်နာရမယ့် အရေးယူဒဏ်ခတ်မှုတခု ချမှတ်ဖို့လည်း ပါဝင်ပါ
တယ်။

ဒါ့အပြင် ဒီကနေ့သတင်းစာရှင်းလင်းပွဲအတွင်း မီးမောင်းထိုး မေးမြန်းပြောဆိုခဲ့ကြတဲ့ ကိစ္စတခုကတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ နာမည်ကျော် ဟာသ
သရုပ်ဆောင် ကိုဇာဂနာ မနေ့ညက ဖမ်းဆီးခံခဲ့ရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG