သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု အဆိုးဆုံးအဆင့်မှာ မြန်မာနိုင်ငံ ၇နှစ် ဆက်တိုက်ပါဝင်နေ


အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲ ကမ္ဘာပေါ်က လူကုန်ကူးမှုအဆိုးဆုံးနိုင်ငံ ၁၄နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုနိုင်ငံ အဆိုးဆုံးစာရင်းထဲမှာ ပါဝင်တာ ဒါဆိုရင် ၇နှစ်မြောက် ဆက်တိုက်လို့ ပြောရမှာပါ။ အဆင့် သုံးဆင့် သတ်မှတ်ထားတဲ့အထဲ မြန်မာနိုင်ငံပါဝင်တဲ့ အဆင့် သုံးပါ နိုင်ငံတွေမှာဆိုရင် အစိုးရတွေကနေ လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံသတ်မှတ်ချက်တွေကိုတောင် ပြည့်ဝအောင် မဆောင်ရွက်တဲ့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက်လည်း ထိရောက်တဲ့ကြိုးပမ်းမှုတွေ ဆောင်ရွက်တာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက အပြစ်တင်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ ဒီနှစ် အလေးပေးဖော်ပြချက်မှာတော့ လူတွေကို ကျေးကျွန်တွေလို့ အတင်းအဓမ္မလုပ် အားပေးခိုင်း စေတယ်ဆိုတဲ့အချက်ပါ။ ပြည်တွင်းမှာ ဒီပြဿနာမျိုးတွေ ရှိနေတဲ့အပြင်၊ စီးပွားရေးပြဿနာနဲ့ နိုင်ငံရေးနှိပ်ကွပ်မှုတွေကြောင့် အိမ်နီးချင်း တိုင်းပြည်တွေကို ထွက်ပြေးအလုပ်လုပ်ကြရတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း အလားတူ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ လူကုန်ကူးတာတွေရဲ့ သားကောင်းတွေ ဖြစ်ရရှာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အစီရင်ခံစာက ထောက်ပြထားပါတယ်။

ကမ္ဘာမှာတော့ ကလေးနဲ့အမျိုးသမီးတွေဟာ လူကုန်ကူးသူတွေရဲ့ သားကောင်ဖြစ်ရရှာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က အစီရင်ခံစာ ထုတ်ပြန်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

လူကုန်ကူးသူတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ အားအနည်းဆုံးလူသားတွေ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေကို ပစ်မှတ်ထား ကြပါတယ်။ သူတို့ရဲ့ အားနည်းချက်ကိုသုံးပြီးတော့ သူတို့ကို ကျေးကျွန်အဖြစ် အသုံးပြုကြပါတယ်။

အတင်းအဓမ္မလုပ်အားပေးခိုင်းစေဖို့နဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် လူကုန်ကူးမှုတွေမှာ မြန်မာနိုင်ငံသား အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ အမျိုးသားတွေဟာ ပစ်မှတ်ဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားဌာန အစီရင်ခံစာက ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ကလေးတွေဟာ ထိုင်း၊ တရုတ်။ ဘင်္ဂလားဒေ့ရ်ှ၊ အိန္ဒိယ၊ ပါကစ္စတန် မလေးရှား တောင်ကိုရီးယားနဲ့ မကာအိုနိုင်ငံတွေကို လူကုန်ကူးခံရပြီးတော့ လိင်ဖျော်ဖြေရေးအလုပ်တွေ အချုပ်အနှောင်အိမ်တွင်းအခိုင်းအစေဘဝတွေနဲ့ အတင်းအဓမ္မလုပ်အား ပေးခိုင်းစေတာမျိုးတွေမှာ အသုံးချခံရတယ်လို့ ဖော်ပြပါတယ်။ လူကုန်ကူးမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူ သံအမတ်ကြီး Mark P.Lagon က ဗီအိုအေကို အခုလို ပြောပါတယ်။

မြန်မာနိုင်ငံဟာ အဆင့်သုံးဆင့်မှာ ရှိနေဆဲပါ။ ဒီအဆင့်မှာရှိတဲ့ နိုင်ငံတွေမှာဆိုရင် လူကုန်ကူးမှုပြဿနာဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအဖြစ်ရှိနေပါတယ်။ မြန်မာအစိုးရဟာ သူ့မှာ တာဝန်ရှိတဲ့အတိုင်း ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုမရှိတဲ့အပြင် ဒီအစိုးရရဲ့ နိုင်ငံရေးနှိပ်ကွပ်မှုတွေကြောင့် ပြည်သူတွေဟာ တိုင်းပြည်ပြင်ပကို ထွက်ပြေးကြရတာလည်း ဖြစ်နေပါတယ်။ ဒီကနေ ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးခံရတာတွေ ဖြစ်လာပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အစိုးရအာဏာပိုင်တွေကနေ လူကုန်ကူးမှုတိုက်ဖျက်ရေးကော်မတီဆိုတာကို ဖွဲ့စည်းပြီးတော့ နယ်စပ်ဒေသတွေမှာ လက်တွေ့ဖြေရှင်းဆောင်ရွက်နေတယ်လို့ မကြာခဏ မြန်မာအစိုးရမီဒီယာတွေမှာ တွေ့နေရပါတယ်။ ဒီအခြေအနေကရော တိုးတက်မှုတခုအနေနဲ့ မြင်လို့မရဘူးလားလို့ သံအမတ်ကြီး Lagon ကို မေးကြည့်ပါတယ်။

အခုလို ဒီ လူကုန်ကူးမှုကို ကာကွယ်ဖို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေအကြား ကော်မတီတရပ်ဖွဲ့စည်းတာဟာ အရေးကြီးတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ဒါပေမယ့်လို့ လူကုန်ကူးမှု ကျူးလွန်သူတွေကို အရေးယူတာမျိုးတွေကတော့ မရှိသလောက်ပါပဲ။ သူတို့က ဒီပြဿနာကို တရားမဝင် နိုင်ငံဖြတ်ကျော်မှုတွေလို ကိုင်တွယ်ဖြေရှင်းနေပါတယ်။ တကယ်တမ်း လူကုန်ကူးမှုတွေကို ကာကွယ်တာမရှိသလောက်ပါပဲ။ ဒါ့အပြင် လူကုန်ကူးခံရသူတွေကို ဥပဒေကြောင်းအရ အထောက်အကူပေးတာမျိုးတွေလည်း မရှိပါဘူး။

မကြာခင်က မြန်မာနိုင်ငံမှာ ဆိုက်ကလုံးမုန်တိုင်း တိုက်ခိုက်ပြီးတဲ့နောက် အဲဒီဒေသတွေမှာ လူကုန်ကူးမှုဖြစ်လာနိုင်တယ်ဆိုတယ်ဆိုတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ သံအတ်ကြီး Lagon က အခုလို ပြောခဲ့ပါတယ်။

ပီးခဲ့တဲ့ မေလ ဆိုက်ကလုံးမုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားပြီး မိသားစုနဲ့ ကွဲနေတဲ့ ကလေးငယ်တွေကို လူကုန်ကူးသူတွေက အသုံးချနေတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းတွေ ရရှိပါတယ်။ ကမ္ဘာပေါ်က ဒီလို ကပ်ဘေးကျရောက်သွားတဲ့နိုင်ငံတွေမှာ ဒီလို လူကုန်ကူးမှုတွေဖြစ်လာတတ်ပါတယ်။ ဒီကပ်ဘေးဒုက္ခသည်တွေဟာ လူကုန်ကူးခံရမယ့် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် မြန်မာအစိုးရကိုရော အဲဒီမှာ ကူညီလုပ်ဆောင်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ရော အခုလို ကလေးတွေ လူကုန်ကူးခံရတာတွေမဖြစ်ဖို့ လုပ်ဆောင်နိုင်သမျှ အားလုံး လုပ်ကိုင်ကြဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။

ဒါပေမယ့်လို့ အခုလို နိုင်ငံခြားရေးဌာနရဲ့ ဒီနှစ်စဉ် လူကုန်ကူးမှုအစီရင်ခံစာကြောင့် ကမ္ဘာ့အနှံလူကုန်ကူးမှုကိစ္စတွေကို နိုင်ငံတကာက အလေးပေးအာရုံပိုစိုက်လာကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ပြောခဲ့ပါတယ်။ လူကုန်ကူးမှုဟာ အခြားရာဇဝတ်မှုတွေနဲ့ ဘက်ပေါင်းစုံခြိမ်းခြောက်မှုတွေကို ဖြစ်စေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ပြောခဲ့ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာအရပြောရရင် လူကုန်ကူးမှုဟာ အခြေအနေပေါင်းစုံ ဘက်ပေါင်းစုံမှာ ခြိမ်းခြောက်မှုဖြစ်နေပါတယ်။ ဒါဟာ လူ့အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာကို ထိပါး စော်ကားတာဖြစ်ပါတယ်။ ဒီအတွက် တကမ္ဘာလုံးမှာ ကျန်းမာရေးအရ အန္တရာယ်ဆိုးတွေ တိုးများလာပါတယ်။ ဒါဟာ ရာဇဝတ်မှုတွေ တိုးများလာစေဖို့ ငွေကြေးအရ အထောက်အပံ့ဖြစ်စေပါတယ်။ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေပါတယ်။

ဒါကြောင့်လည်း ဒီနှစ် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုအစီရင်ခံစာထဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖော်ပြချက်မှာတော့ နိုင်ငံတွင်း အတင်းအဓမ္မလုပ်အားပေးခိုင်စေတဲ့ကိစ္စ။ နောက် ပြည်ပကို တရားမဝင်ထွက်ခွာပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရရဲ့ လက်တွေ့ကိုင်တွယ်ဖြေရှင်းပုံတွေဟာလည်း လူကုန်ကူးခံရသူတွေအတွက် အကာအကွယ်ပေးနိုင်မှု မရှိသလောက်လို့ပဲလို့ ဝေဖန်ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG