နိုင်ငံခြားက ကျွမ်းကျင်သူတွေကို မုန်တိုင်းဒဏ် ကူညီကယ်ဆယ်ရေးအတွက် မြန်မာ
နိုင်ငံတွင်း လွတ်လွတ်လပ်လပ် သွားရောက်ခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရက ကတိ
တွေ ပေးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံတွင်း ရောက်နေကြတဲ့ နိုင်ငံခြားက ကူညီရေးလုပ်သားတွေဟာ ရန်ကုန်ကနေ မြစ်ဝကျွန်းပေါ်ဒေသတွေကို ရောက်ရှိဖို့
အစိုးရရဲ့ ဗျူရိုကရက်တစ် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကြောင့် အတော်လေးကို စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါ
တယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အကန့်အသတ်တွေ ရှိနေတဲ့ကြားကပဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အထောက်အပံ့တွေပေးနေတယ်၊ ဒါပေ
မယ့် ရက်ပေါင်း ၃၅ ရက်ကျော် တိုင်သာသွားတယ် စစ်အစိုးရရဲ့ ဗျူရိုကရက်တစ် အဟန့်အတားတွေကြောင့် ကူညီရေးလုပ်ငန်းတွေအပေါ် မချင့်မရဲဖြစ်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာန နိုင်ငံတကာကပ်ဘေးဒုက္ခ ကူညီထောက်ပံ့ရေးဆိုင်ရာ ညွန်ကြားရေးမှုး ကိုင်လူး
(Ky Luu) က ပြောသွားခဲ့တာပါ။
“အခြေအနေတွေအပေါ် မချင့်မရဲ အနှောင့်အယှက် ဖြစ်ရပါတယ်။ အခု ရက်ပေါင်း
၃၅ ရက်သာ တိုင်သွားတယ်။ ကျနော်တို့နဲ့ လက်တွဲလုပ်နေတဲ့ အန်န်ဂျီအို အစိုးရ မဟုတ်တဲ့အဖွဲ့တွေဆီက သတင်းအရ ရန်ကုန်ကနေ မြစ်ဝကျွန်းပေါ်ဒေသတွေကို
သွားရောက်နိုင်ဖို့ ဗျူရိုကရက်တစ် အနှောင့်အတားတွေ ရှိနေပါတယ်။ အခုဟာ အထောက်အပံ့တွေပေးဖို့ ကယ်ဆယ်ရေးဝန်ထမ်းတွေရော၊ ပစ္စည်းကိရိယာတွေရော ရောက်ဖို့လိုပါတယ်။ အခုအခြေအနေမှာ ကျနော်တို့သိရသမျှ ဘေးဒဏ်ခံရတဲ့ လူဦး
ရေ ၅၀% လောက်ဟာ လူသားချင်းစာနာတဲ့ အကူအညီတွေ မရသေးပါဘူး။”
အကူအညီတွေ အတော့်ကို လိုအပ်နေသေးတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို အထောက် အပံ့ပစ္စည်းတွေတင် မဟုတ်ပါဘူး၊ ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ ကျန်းမာရေးလုပ်သား
တွေ၊ အခြေအနေ အပျက်အစီးကို အကဲခတ်သုံးသပ်ပြီး ဘယ်လိုပြန်တည်ဆောက်မလဲ
ဆိုတာ တွက်ချက်ဖို့ နိုင်ငံတကာကျွမ်းကျင်သူတွေ အတော့်ကိုလိုအပ်ပါတယ်။ ဒီလို နိုင်ငံတကာကျွမ်းကျင်သူတွေရဲ့ သုံးသပ်တွက်ချက်မှုအပေါ်မှာပဲ အလှူရှင်နိုင်ငံတွေအနေ
နဲ့ အကူအညီတွေ ဘယ်လောက်ပေးမယ်၊ ဘယ်လိုပေးမယ်ဆိုတာကို ယုံယုံကြည်ကြည်
စိတ်ချစွာနဲ့ ဆုံးဖြတ်နိုင်မှာပါ။ ဒါကြောင့်လည်း ကျွမ်းကျင်သူတွေကို ဝင်ရောက်ခွင့်ပေး
ဖို့၊ ဒီလူတွေကိုလည်း နိုင်ငံတွင်းမှာ အကန့်အသတ်လုပ်ထားတာတွေ ဖယ်ရှားပေးဖို့
မနေ့က သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဌာနက တောင်းဆိုခဲ့ပါ
တယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း ပြီးခဲ့တဲ့ မေလ မုန်တိုင်းပြီးပြီးချင်းကတည်းက ကူညီကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေပါတဲ့ DART အဖွဲ့ကို မြန်မာနိုင်ငံတွင်း
ဝင်ရောက်ဖို့ စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ကို မြန်မာအစိုးရက ခုအချိန်အထိ
လက်မခံသေးဘဲ အဖွဲ့ခေါင်းဆောင်ဖြစ်သူကိုသာ မြန်မာနိုင်ငံတွင်း တလဗီဇာ
ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ နိုင်ငံကူးဗီဇာရဖို့ စောင့်နေသလို တချိန်တည်းမှာပဲ အကူအညီပေးရေးကိစ္စတွေကို ဘန်ကောက်ကနေ ကိုင်တွယ်ဆောင်ရွက်ပေးနေတယ်လို့ မစ္စတာ ကိုင်လူးက
ပြောသွားပါတယ်။
“အခုအချိန်အထိကို သူတို့ဟာ အကူအညီ ရန်ပုံငွေတွေ ဆက်ပေးနိုင်ဖို့ ကျနော်တို့နဲ့
တွဲလုပ်နေတဲ့ အဖွဲ့တွေနဲ့ အဲဒီမှာ ညှိနှိုင်းဆောင်ရွက်နေဆဲ ရှိပါတယ်။ သူတို့
ဘန်ကောက်မှာ ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်စောင့်နေတာတော့ မဟုတ်ပါဘူး။ အခု
ဆိုရင် USAID ကတဆင့် ကူညီရေးအစီအစဉ်တွေအတွက် ဒေါ်လာ ၂၇.၆ သန်း ရှိနေ
ပါတယ်။ ဒါတွေကို DART အဖွဲ့ကတဆင့် စီစဉ်နေတာပါ။ သူတို့ဟာ အခြားလက်တွဲ
ဘက် အဖွဲ့အစည်းတွေကနေ သတင်းအချက်အလက်တွေ စုဆောင်းပါတယ်။ အရင် သီတင်းပတ်တွေတုန်းကတည်းက မျှော်လင့်ချက်အတိုင်းပါ။ DART အဖွဲ့သားတွေ
မြန်မာနိုင်ငံဝင်ရောက်ခွင့်ရမယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။”
နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒုက္ခသည် မြန်မာပြည်သူတွေအတွက် အမေရိကန်
ပြည်ထောင်စုအနေနဲ့ လက်ရှိအချိန်အထိ ဘယ်လောက်ကူညီနေသလဲဆိုတာကိုလည်း
နိုင်ငံတကာ ကပ်ဘေးဒုက္ခဆိုင်ရာ ထောက်ပံ့ကူညီရေးညွှန်ကြားရေးမှူး မစ္စတာကိုင်လူး
က အခုလို ရှင်းပြခဲ့ပါတယ်။
“အခုအချိန်အထိဆိုရင် အရေးပေါ် အထောက်အပံ့အဖြစ်နဲ့ USAID အမေရိကန်
ပြည်ထောင်စု နိုင်ငံတကာဖွံဖြိုးရေးအစီအစဉ်အနေနဲ့ အမေရိကန်ဒေါ်လာ ၂၇.၆ သန်း
ကျော် ထောက်ပံ့ကူညီထားပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကပေးမယ့် အကူအညီ အမေရိကန်ဒေါ်လာ ၇.၅ သန်းနဲ့ပေါင်းရင် အမေရိကန်အစိုးရ အကူအညီဟာ ဒေါ်လာ
၃၅.၁ သန်းရှိပါပြီ။ USAID ကနေ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၁၃ ခုက
တဆင့်ပေးတဲ့ ဒီအကူအညီငွေတွေဟာ လူဦးရေ ၁.၆ သန်း ခံစားခွင့်ရစေဖို့ ရည်ရွယ်
ထားပါတယ်။
“ဒါပေမယ့် ဒုက္ခရောက်နေသူတွေထံကို ဒီအကူအညီတွေရောက်ဖို့ အကန့်အသတ်တွေ
ရှိနေပါတယ်။ ဒီအကန့်အသတ်ဆိုတာ ကယ်ဆယ်ရေးလုပ်သားတွေ သွားရောက်ခွင့်ရ
ရေးတင် မဟုတ်ပါဘူး၊ ထရပ်ကားတို့ မော်တော်တို့လို သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်ချက်ပစ္စည်းတွေ၊ နောက်ပြီး ကူညီရေးအစီအစဉ်တွေကို လုပ်ဆောင်ပေးမယ့် ကျွမ်းကျင်သူတွေနဲ့ အတတ်ပညာရှင်တွေပါ သွားဖို့လာဖို့ ခက်နေတာပါ။”
မြန်မာအစိုးရအနေနဲ့လည်း အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေ
က အကူအညီပစ္စည်းတွေ အထူးသဖြင့် နိုင်ငံခြားသားကျွမ်းကျင်သူတွေကို လက်ခံဖို့ တွန့်ဆုတ်နေပေမယ့် အာရှသားတွေနဲ့ အခြားအာဆီယံအသင်းက ကူညီမှုတွေကိုတော့
အတန်ငယ် လွတ်လပ်ခွင့်ပေးတဲ့သဘောတော့ ရှိပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာအစိုးရတို့ပူးတွဲပြီး သုံးပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီဆိုတာလည်း
ဖွဲ့စည်းခဲ့ပြီးပါပြီ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို အမှန်
တကယ် ကူညီနိုင်ရေးအတွက် အာဆီယံနဲ့ ကုလသမဂ္ဂ ကြီးကြပ်ဆောင်ရွက်နေတာ
တွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ဒီကနေ သုံးသပ်ချက်တွေအတိုင်းလည်း သူတို့
အနေနဲ့ တုံ့ပြန်ဆောင်ရွက်သွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန နိုင်ငံတကာကပ်ဘေး
ဒုက္ခဆိုင်ရာ ကယ်ဆယ်ကူညီရေး ညွှန်ကြားရေးမှူး ကိုင်လူးက ပြောဆိုသွားပါတယ်။