သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ ရဟတ်ယာဉ်များ မြန်မာပြည်ဝင်ခွင့် ပေးသည် ဆိုသော်လည်း မ၀င်ရသေး


ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က အသုံးပြုဖို့ မြန်မာအစိုးရက ခွင့်ပြုထားတယ်ဆိုတဲ့ ရဟတ်ယာဉ် ဆယ်စင်းအနက် နောက်ထပ် ငါးစင်းဟာ ဘန်ကောက်ကနေ ရန်ကုန်မြို့ကို ဒီကနေ့ ပျံသန်းထွက်ခွာဖို့ စီစဉ်ထားခဲ့ပေမယ့် ရာသီ ဥတုမကောင်းလို့ဆိုပြီး ရွှေ့ဆိုင်းလိုက် ရပါတယ်။ ရဟတ်ယာဉ် အသုံးပြုခွင့်ကို မြန်မာအာဏာပိုင်တွေ ခွင့်ပြုခဲ့တာ သီတင်းပတ် အတော်ကြာခဲ့ပြီဖြစ်ပြီး ခုချိန်ထိ ရဟတ်ယာဉ်တွေ မရောက်နိုင်သေးဘဲဖြစ်နေရတာပါ။ ဘန်ကောက်က ကိုကျော်ကျော် သိန်းက အခုနောက်ဆုံး သိရတဲ့ ရဟတ်ယာဉ် ၅ စီး အခြေအနေအပါအ၀င် စုံစမ်းထားသလောက်ကို ဆက်ပြီး ပြောပြပေးပါလိမ့်မယ်။

ရန်ကုန်မြို့က WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ခရစ္စ ကေး (Chris Kaye) ကို ကျနော် ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက ရဟတ်ယာဉ်ငါးစင်း ဒီကနေ့ ပျံသန်းဖို့ စီစဉ်ထားခဲ့ပေမယ့် ရာသီဥတုကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်လို့ ပြောပြခဲ့တာပါ။

ရန်ကုန်နဲ့ ထိုင်းနိုင်ငံကြားမှာ ရာသီဥတုဆိုးရွားနေတဲ့အတွက် ပျံသန်းဖို့အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ရပါတယ်။ ပျံသန်းဖို့ရာ အပြည့်အ၀လုံခြုံမှုမရှိလောက်အောင် ဆိုးရွားနေတယ်လို့ သတ်မှတ်တာပါ။ အခုတော့ မနက်ဖြန်မှာ ပျံသန်းဖို့ စီစဉ်ထားပါတယ်။” - လို့ ခရစ္စကေးက ပြောပါတယ်။

ဗွီအိုအေက စုံစမ်းခဲ့သလောက်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက မိုးအပြင်းအထန်ရွာနေခဲ့ပေမယ့် အခုလောလောဆယ်မှာ အရမ်း ကြီး ဆိုးရွားနေတာမျိုးမရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

ဒီကနေ့ ပျံသန်းဖို့စီစဉ်ပြီးမှ ရွှေ့ဆိုင်းလိုက်ရတဲ့ ရဟတ်ယာဉ် ငါးစင်းအပြင် နောက်ထပ် ၄ စင်းဟာလည်း မကြာခင်ရက်ပိုင်းမှာပဲ ဆက်သွားလိမ့်မယ်လို့ ခရစ္စ ကေးကပြောပါတယ်။

သြစတြေးလျနဲ့ ကနေဒါအစိုးရတွေရဲ့ အကူအညီနဲ့ ရဟတ်ယာဉ်ကိုးစင်းဟာ ဘန်ကောက်မှာ ရောက်နေခဲ့တာ ရက်အတော်ကြာ နေပါပြီ။ ဒီရဟတ်ယာဉ်တွေ မြန်မာပြည်ပျံသန်းရေး နှောင့်နှေး နေခဲ့ရတာနဲ့ပတ်သက်လို့ ဘန်ကောက်အခြေစိုက် WFP ပြောရေး ဆိုခွင့်ရှိသူ မစ္စတာ ပေါလ် ရစ္စလေ (Paul Risley) ဇွန်လ ၄ ရက်နေ့မှာ ပြောခဲ့တာက -

ဒီရဟတ်ယာဉ်တွေ ပျံသန်းဖို့ကိစ္စမှာ ပထမဆုံးနဲ့ အခက်ခဲဆုံးစိန်ခေါ်မှုကတော့ မြန်မာအစိုးရ အနေနဲ့ WFP ကို ရဟတ်ယာဉ်တွေ အသုံးပြုခွင့်ပေးလိုတဲ့စိတ်ဆန္ဒပါပဲ။” လို့ ပြောခဲ့ပါတယ်။

မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက ဒေသတွေမှာ လူ သိန်းနဲ့ချီသေဆုံးခဲ့ရတဲ့အပြင် နဂိုထဲက ယိုင်နဲ့နဲ့ တံတား တွေ လမ်းတွေလည်း အကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။ နေရာ အများအပြားဟာ ခုချိန်ထိ သွားလာလို့မရတဲ့အခြေအနေမှာပဲ ရှိနေသေးပြီး ဒုက္ခသည်တွေဆီ ရောက်အောင် နှေးကွေးတဲ့လှေတွေနဲ့ပဲ ရက်အတော်ကြာ အချိန်ယူသွားနေရတုန်းပါ။ ဒီနေရာမှာ ရဟတ်ယာဉ်တွေသာ အသုံးပြုနိုင်မယ်ဆိုရင် အကူအညီပစ္စည်းတွေကို အချိန်တိုအတွင်း အရောက်ပို့နိုင်၊ လူတွေ နောက်ထပ် သေဆုံးမှု၊ ရောဂါဘယဖြစ်ပွားမှု၊ ဘေးဒုက္ခရောက်မှုတွေကို ကာကွယ်တားဆီးနိုင်မှာ သံသယဖြစ်စရာမရှိပါဘူး။

မြန်မာအစိုးရက ရဟတ်ယာဉ်အသုံးပြုခွင့် ပေးလိုက်ပြန်တော့လည်း အရပ်ဖက်ရဟတ်ယာဉ်ကိုပဲ အသုံးပြုခွင့်ပေးပြီး စစ်ဖက် ရဟတ်ယာဉ်တွေကို အသုံးပြုခွင့်မပေးပါဘူး။ ဒီအခါ အရပ်ဖက် ရဟတ်ယာဉ်တွေ ရရှိရေးက WFP အတွက် အခက်အခဲဖြစ်ခဲ့ရပြန် တာကြောင့် နှောင့်နှေး ရပြန်ပါတယ်။

စစ်ဖက်ရဟတ်ယာဉ်တွေကိုသာ အခုလို လူသားဘေးဒုက္ခကျရောက်ချိန်မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် မြန်မာ အစိုးရက ခွင့်ပြုခဲ့မယ်ဆိုရင် အကူအညီပေးဖို့ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့က ရဟတ်ယာဉ်တွေဟာ မြန်မာကမ်းလွန်ပင်လယ် ပြင်မှာ ရပ်နားထားတဲ့ သင်္ဘောတွေပေါ်မှာ အဆင်သင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။ စစ်ဖက် ရဟတ်ယာဉ်တွေဟာ အရပ်ဖက် ရဟတ်ယာဉ်တွေထက်လည်း သယ်ယူပို့ဆောင်နိုင်စွမ်းအား ပိုပြီး ကြီးမားပါတယ်။

ဒ့ါအပြင် ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်ဖက်ရဟတ်ယာဉ်တွေ ဟာလည်း မြန်မာနိုင်ငံနဲ့ အနီးအနား ဒေသတွင်းမှာရှိနေခဲ့ပြီး ခွင့်ပြုချက်သာရမယ်ဆိုရင် နာရီပိုင်း အတွင်း အရောက်ပျံသန်းနိုင်ကြပါတယ်။ မလေးရှားဒုတိယ၀န်ကြီးက လည်း အာဆီယံ စစ်ဖက်ကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီခွင့်ပြုဖို့ မြန်မာအစိုးကို မေတ္တာရပ်ခံတင်ပြခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရကတော့ စစ်ဖက်ယန္တရားတွေကို အသုံးပြုခွင့်ပေးဖို့ အစိုးရိမ်ကြီးစွာ ခွင့်မပြုခဲ့ပါဘူး။

နောက်ဆုံးမှာမှ ပထမဆုံး ရဟတ်ယာဉ်တစင်းကို မေလ ၂၂ ရက်နေ့မှာ WFP အနေနဲ့ ရန်ကုန်ပို့ နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ တောင်အာဖရိကနဲ့ ယူကရိန်းနိုင်ငံတို့က အရပ်ဖက် ကုမ္ပဏီတွေ ဆီကနေ ငှားရမ်းပြီး သြစတြေးလျနဲ့ ကနေဒါအစိုးရတို့က ရဟတ်ယာဉ်တွေကို ဘန်ကောက် အရောက် ကူညီသယ်ဆောင်ပေးခဲ့တာပါ။

နဂို ခွင့်မပြုတာကနေ ခွင့်ပြုခဲ့၊ ရဟတ်ယာဉ်တွေ အဆင်သင့်မရှိရာကနေ သီတင်းနှစ်ပတ်အတွင်း ရဟတ်ယာဉ်ဆယ်စင်း အဆင် သင့်ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့အပေါ် WFP တာဝန်ရှိသူတွေက အကောင်းမြင် ပြောဆိုခဲ့ကြပေမယ့် ဝေဖန်သူ အများစုကတော့ မြန်မာစစ်အစိုးရဟာ အကူအညီတွေ အလျင်အမြန်ပေးပို့နိုင်မယ့် ရဟတ်ယာဉ်တွေကို ဘာဖြစ်လို့ စောစောစီးစီး ခွင့်မပြုခဲ့တာလဲ၊ အလွယ်တကူရှိနေတဲ့၊ တခြား ဘာနှောင်ကြိုး ဘာရည်ရွယ်ချက်မှမပါဘဲ လူသားဘေးဒုက္ခ သက်သက်အတွက် အကူအညီပေးပါ မယ်လို့ ကမ်းလှမ်းခဲ့တဲ့ စစ်ဖက်ရဟတ်ယာဉ်တွေကို ဘာဖြစ်လို့ ခွင့်မပြုခဲ့တာလဲ ဆိုတဲ့မေးခွန်းတွေကို မေးမြန်းနေဆဲ ရှိကြ ကြောင်းပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG