သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား သမ္မတဖြစ်ရေး ထောက်ခံကြဖို့ ကလင်တန် နှိုးဆော်


အထက်လွှတ်တော်အမတ် ဟီလ်လရီ ကလင်တန်က အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး ရွေးကောက်ခံရတဲ့ သမ္မတ ဖြစ်ဖို့ ကြိုးပမ်းချက်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ ကလင်တန်က သူ့ရဲ့ ဒီမိုကရက်ပါတီအဖွဲ့ဝင် ဘားရက် အိုဘားမား သမ္မတ ဖြစ်ရေး ထောက်ခံကြဖို့ ပါတီဝင်တွေကိုနှိုး ဆော် လိုက်ပါတယ်။ ဝါရှင်တော်မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Kent Klein သတင်းပေးပို့ထားတာကို ဦးထွန်းအောင်က တင်ပြထားပါတယ်။

သမိုင်းဝင်အမျိုးသားပြတိုက်ခန်းမကြီးထဲမှာ အထက် လွှတ်တော်အမတ် ဟီလ်လရီကလင်တန်က သူ့ကို သောင်းသောင်းဖျဖျ ကြိုဆိုသူတွေကို နှုတ်ဆက် ကျေးဇူး တင်ရင်း သူ စီစဉ်ထားတဲ့ပွဲအတိုင်း မဖြစ်ပေမယ့် ပရိသတ်ကို သူ နှစ်သက်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကလင်တန်က စနေနေ့မှာ သမ္မတ ဖြစ်ရေး ကြိုးပမ်းချက်ကို အဆုံးသတ်လိုက်ရင်း ဒီမိုကရက်တစ်ပါတီရဲ့ တင်မြှောက်မှု ရရေးအတွက် သူ့ကို ကပ်ပြီး အနိုင်ရခဲ့သူ အထက်လွှတ်တော်အမတ် ဘားရက် အိုဘားမား ကို ထောက်ခံဖို့ သူ့ကို ထောက်ခံသူတွေကို ပြောကြားလိုက်ပါတယ်။

“ကျမတို့ ရပ်တည်တဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆက်ပြီး ယှဉ်ပြိုင်ရမယ့် နည်းကတော့ ကျမတို့ရဲ့ စွမ်အားတွေ၊ ကျမတို့ရဲ့ ခွန်အားတွေ အားလုံးကို အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်လာမယ့် သမ္မတ အဖြစ်နဲ့ မစ္စတာ အိုဘားမားကို အရွေးခံရအောင် ပုံပြီး ကူညီကြဖို့ပါပဲ။”

ကလင်တန်က သမ္မတ ရာထူးအတွက် သူဟာ အင်အားအကောင်းဆုံး ဒီမိုကရက်သမ္မတလောင်း ဖြစ်နေတုန်းပဲလို့ ပြောဆိုခဲ့ပြီးတဲ့နောက် ၄ ရက်မပြည့်ခင်မှာပဲ သူ့ရဲ့ မဲဆွယ်ပွဲ ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာလိုက်ပြီး တချိန်တည်းမှာ အိုဘားမားကို ထောက်ခံခဲ့ပါတယ်။

“ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဆက်ပြီး ယှဉ်ပြိုင်နေတာကို ဒီကနေ့ ကျမ ရပ်ဆိုင်းလိုက်ပါပြီ။ ဒီ ထူးခြားတဲ့ ပြိုင်ပွဲမှာ သူ အနိုင်ရတဲ့အတွက် ကျမ ချီးမွမ်းပါတယ်။ ကျမ သူ့ကို လုံး၀ ထောက်ခံပါတယ်။”

မနက် စောစောပိုင်းကတည်းက အဆောက်အဦထဲကို ဝင်ဖို့ တန်းစီကြတဲ့လူတွေဟာ အတော်ကို များခဲ့ပြီး အဲဒီအထဲမှာ အိုဘားမားကို ထောက်ခံသူတချို့က သူတို့အနေနဲ့ ပါတီ စည်းလုံးမှု မြှင့်တင်လိုတယ်လို့ ပြောကြားပါတယ်။

ကလင်တန်ကို ထောက်ခံသူအများက အမျိုးသမီး သမ္မတ ဖြစ်တာကို တွေ့မြင်လိုကြသလို ကလင်တန်က အမေရိကန်သမိုင်းမှာ အဓိက ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ အတော်ကို နီးစပ်ခဲ့ပါတယ်။

“ဟီလ်လရီကလင်တန်ကို သူ နှစ်သက်တယ်။ ဘာကြောင့်လဲဆိုရင် သူက အလယ်အလတ်တန်းစား လူတွေကို ဦးဆောင်ပေးသူ ဖြစ်တယ်။ ပြည်သူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေကို အခိုင်အမာ လုပ်ဆောင်ပေးသူ ဖြစ်ပါတယ်။” - လို့ ကလင်တန်ကို ထောက်ခံသူတစ်ဦးက ပြောခဲ့ပါတယ်။

ပဏာမနဲ့ ပါတီအတွင်း ရွေးကောက်ပွဲ ၅၄ ခုနဲ့ စကားစစ်ထိုးပွဲ ၂၂ ခု လုပ်ခဲ့ပြီးတဲ့နောက် အိုဘားမားက အင်္ဂါနေ့ တောင်ဒကိုတာနဲ့ မွန်တာနာ ပြည်နယ် ပဏာမ ရွေးကောက်ပွဲတွေအပြီး ပါတီရဲ့ တင်မြှောက်မှုရဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂,၁၀၀ ကျော် ကို ရရှိသွားခဲ့ပါတယ်။ ပါတီရဲ့ တင်မြှောက်မှုရရေး ပြိုင်ပွဲကို အရှုံးပေးခဲ့ရာမှာ အထက်လွှတ်တော်အမတ် ကလင်တန်က သူနဲ့ အထက်လွှတ်တော်အမတ် အိုးဘားမားရယ်၊ သူတို့ကို မဲပေးခဲ့ကြသူတွေဟာ သမိုင်းတင်စေ ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျမတို့ ပြိုင်ပွဲ စတဲ့အချိန်က နေရာတိုင်းမှာ လူတွေက မေးကြပါတယ်။ အမျိုးသမီးတစ်ဦးဟာ စစ်သေနာပတိချုပ်အနေနဲ့ တကယ် တာဝန်ထမ်းဆောင် နိုင်ပါ့မလားလို့ပါ။ ဒါနဲ့ပတ်သက်ပြီး ကျမ အဖြေပေးခဲ့ပြီးပါပြီ။ ဒါတင်မကသေးပါဘူး။ အာဖရိကအနွယ် အမေရိကန်လူမျိုးဟာ သမ္မတ ဖြစ်နိုင်ပါ့မလားလို့လည်း မေးကြပါတယ်။ ဒါကိုတော့ အထက်လွှတ်တော်အမတ်အိုဘားမားက ဖြေကြားခဲ့ပါပြီ။”

သမ္မတဖြစ်ရေးအတွက် သမိုင်းဝင်ယှဉ်ပြိုင်ပွဲမှာ ကလင်တန်ကို လူ ၁၈ သန်းလောက်က မဲပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG