သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးရာသီရောက်လာသည်နှင့်အမျှ ဒုက္ခသည်များ အကူအညီ ပိုမိုလိုအပ်


မြန်မာနိုင်ငံ မိုးရာသီ ဝင်လာတာမို့လို ကပ်ဘေး ဒုက္ခသည်တွေအတွက် အကူအညီတွေ ပိုလို လိုအပ်လာတဲ့အပြင်၊ နောက်ပိုင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက်လည်း နှစ်နဲ့ချီ ဆောင်ရွက် ရဦးမယ်လို့ IFRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ အကြောင်းစုံ မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ချုပ်ဟာ အထူးသဖြင့် မြန်မာကြက်ခြေနီ အသင်းနဲ့ တွဲပြီးတော့ မြစ်ဝကျွန်းပေါ် နေရာအတော်များမျာမှာ ဒုက္ခသည်တွေအတွက် ရေရရှိရေးနဲ့ အခြား အခြေခံ အသုံးအဆောင်တွေ ကူညီထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဓိက ကူညီရေး လုပ်ငန်းတွေမှာ မြန်မာကြက်ခြေနီ အဖွဲ့ဝင်တွေက ဆောင်ရွက်နေရတယ် ဆိုတော့ တခြား နိုင်ငံတကာ အဲန်ဂျီအို အဖွဲ့ တော်တော်များများနဲ့ နှိုှု်င်းယှဉ်ရင် အကူအညီ အထောက်အပံ့တွေ အတော်များများ ပို့ပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် ကပ်ဘေး ကျရောက်ခဲ့တဲ့ ပမာဏက ကြီးလွန်းတော့ အကူအညီတွေပေးဖို့ အတော် လိုအပ်နေသေးတဲ့ အပြင်၊ သူတို့လုပ်နိုင်တဲ့ အတိုင်းအတာ အပြည့်ကို ဆောင်ရွက်ခွင့် မရသေးဘူးလို့ IFRC ဂျနီဗာရုံး ပြောခွင့်ရသူ Jean Luc Martinage က ဗွီအိုအေကို အခုလို ပြောပါတယ်။

“တကယ်ကို ကြီးမားတဲ့ တာဝန်ကြီးပါ။ ကပ်ဘေးကြောင့် ဒုက္ခရောက်သူတွေက အတော်ကို များပါတယ်။ အကူအညီ ပစ္စည်းတွေ ထပ်ပြီး လိုအပ်နေတုန်းပဲ ဆိုတာ ကျနော်တို့ သတိပြုမိပါတယ်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ် ဒေသတွေမှာပါ။ ကျနော်တို့ကတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားလုပ်နေပါတယ်။ ကျနော်တို့မှာလည်း ဗီဇာရဖို့ အရေအတွက် အကန့်အသတ် ရှိနေတော့ လုပ်နိုင်သမျှ အားလုံး မလုပ်နိုင်သေးပါဘူး။ မေလ ၈ ရက်နေ့ ကတည်းကဆိုရင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်အနေနဲ့ ရန်ကုန် လေဆိပ်ကို အကူအညီ လေယာဉ်ပေါင်း ၆၄ စင်း ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် ကပ်ဘေး အဖြစ်အပျက် ပမာဏက သိပ်ကြီးတော့ လုံလောက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပစ္စည်းတွေဟာ ကူညီရေး လုပ်နေသူတွေ အတွက်တော့ အထောက်အကူ ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။”

အခုဆိုရင် မြန်မာနိုင်ငံမှာ မိုးရာသီလည်း စဝင်လာပြီဆိုတော့ အခြေအနေတွေဟာ စိုးရိမ်စရာ ပိုရှိလာတယ်လို့လည်း သူက ပြောပါတယ်။

“အခုမိုးရာသီ ရောက်လာပြီ ဆိုတော့ ဒါ အတော်လေး စိုးရိမ်စရာတွေ ရှိလာပါတယ်။ အခြေအနေတွေ မဆိုးလာအောင် အတတ်နိုင်ဆုံး ထိန်းထားနိုင်ဖို့ ကျနော်တို့ လုပ်နေပါတယ်။ ကျနော်တို့အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လအတော်များများ လုပ်ရဦးမယ်ဆိုတာ ရှင်းနေပါတယ်။”

ဒါ့အပြင် ရေရှည်ဆိုရင် ပြန်လည် ထူထောင်ရေးကိစ္စတွေအတွက် နှစ်အတန်ကြာ အချိန်ယူပြီး လုပ်စရာတွေ ရှိတာကြောင့် သူတို့အနေနဲ့ ရံပုံငွေ ဒေါ်လာ ၁၅ သန်း ထည့်ဝင်ဖို့ နိုင်ငံတကာကို ပန်ကြားထားပါတယ်။

“ကျနော်တို့အနေနဲ့ လူအားငွေအား အရင်းအမြစ်တွေ ပိုပြီး လိုအပ်နေပါတယ်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ကိစ္စက အခုအချိန် ပြောရတာ စောပေမယ့် စီစဉ်ဖို့ လိုအပ်နေပါပြီ။ အဲဒီအတွက် အချိန်အတန်ကြာ လိုအပ်ပါတယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာအရ ကူညီအားပေးဖို့ လိုပါတယ်။ ရေရရှိရေးတွေ ပြီးတာနဲ့ နေအိမ်တွေ ပြန်တည်ဆောက်ဖို့ ကူညီရဦးမှာပါ။ ဒါတွေဟာ အချိန် အတော်ယူရမယ့် အစီအစဉ်တွေပါ။ ဒါကြောင့် ကျနော်တို့ လိုအပ်နေတဲ့ ရံပုံငွေဟာ နောက် ၃ နှစ်အတွက်ကိုပါ ရည်စူးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်းရယ်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ချုပ်ရယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတွေဟာ ဒီအတွက် လအတော်များများ အလုပ်လုပ်ကြရဦးမှာပါ။”

ဒါပေမယ့်လည်း IFRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံခြားက ကျွမ်းကျင်သူ ဝန်ထမ်း ၃၀ ကျော်ပဲ နိုင်ငံတွင်း ဝင်ရောက်ခွင့် ဗီဇာရရှိခဲ့ပါတယ်။ ဒီအတွက် သူတို့လုပ်ငန်း အများစုကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို မှီနေရတာပါ။ ဒါပေမယ့်လို့ မြန်မာနိုင်ငံက ကြက်ခြေနီ အသင်းဝင်တွေ အနေနဲ့ သူတို့ကိုယ်တိုင် ဒီမုန်တိုင်းဒဏ်ကို ခံခဲ့ကြရပေမယ့် အခု ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေမှာ တတ်တတ်ကြွကြွ ပါဝင် ဆောင်ရွက်ပေးနေတယ်လို့ သူက ချီးကျူးခဲ့ပါတယ်။

“ကျနော်တို့မှာ လက်ရှိအားဖြင့် ကျွမ်းကျင်သူ ကူညီကယ်ဆယ်ရေး ဝန်ထမ်း ၃၃ ဦး မြန်မာနိုင်ငံထဲမှာ ရှိနေပါတယ်။ နှိုင်းယှဉ်ချက်အရ ဆိုရင်တော့ လူနည်းနည်းလေးပါ။ ဒါပေမယ့် မြန်မာကြက်ခြေနီ အသင်းက အဖွဲ့ဝင် ၃,၀၀၀ နီးပါး မှတ်ပုံတင်ထားပြီး ကူညီ ဆောင်ရွက်နေပါတယ်။ သူတို့ဟာ နေရာအနှံ့အပြားမှာ အခြား ကြက်ခြေနီအဖွဲ့ဝင် အနည်းဆုံး ၁၀,၀၀၀ လောက်နဲ့ တွဲပြီး လုပ်နေတာပါ။ ဒီကြက်ခြေနီ လုပ်အားပေးတွေ ကိုယ်တိုင်ကလည်း သူတို့ရဲ့ ဆွေမျိုးမိဘတွေ သေဆုံးတာ၊ အိုးအိမ်ပျောက်ဆုံးတာတွေ ရှိပါတယ်။ ဒါပေမယ့်လို့ ဒီလို ကြေကွဲစရာ အခြေအနေတွေမှာ သူတို့မှာ ကြုံနေရပေမယ့်လည်း အခြား အမြောက်အများသော ဒုက္ခရောက်နေသူတွေအတွက် ကယ်ဆယ် ဆောင်ရွက်ရေး လုပ်ငန်းတွေ လုပ်ပေးနေကြတာ အံသြစရာပါပဲ။”

IFRC အနေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့လည်း တွဲဖက် ဆောင်ရွက်နေသလို၊ အချို့ အကူအညီ ပစ္စည်းတွေကို ကုလသမဂ္ဂက ထောက်ပံ့တဲ့ ပစ္စည်းတွေနဲ့ လေယာဉ်တစ်စင်းတည်း သယ်ဆောင်တာတွေ၊ အပြန်အလှန် ပူးတွဲသတင်း ဖလှယ်ဆောင်ရွက်တာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။ မြန်မာကြက်ခြေနီအသင်းနဲ့ တွဲဖက်လုပ်တဲ့ နေရာမှာတော့ အစိုးရဖက်ကတော့ မြန်မာကြက်ခြေနီ အသင်းဝင်တွေရဲ့ ကူညီရေး လုပ်ငန်းတွေကို အတော်လေး ခွင့်ပြုထားတာမိုလို့ မြန်မာကြက်ခြေနီဝင်တွေကို အားပြုပြီး သူတို့ လုပ်ငန်းတွေဟာ အခြား အဖွဲ့တွေထက်တော့ ထိရောက်နေတယ်လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း IFRC က နိုင်ငံခြား ဝန်ထမ်းတွေကတော့ ကူညီရေး လုပ်ဆောင်တဲ့ နေရာမှာ အကန့်အသတ်အချို့ ရှိတယ်လို့ ဆိုပါတယ်။ အသေးစိတ်တော့ မပြောသွားပါဘူး။

ကုလသမဂ္ဂရဲ့ ကူညီရေး ရဟတ်ယာဉ် ၅ စင်းကတော့ မနေ့က မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် ရသွားပါပြီ။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီတွေကို ပိတ်မထားပါဘူး နိုင်ငံခြားက ကျွမ်းကျင်သူတွေကိုလည်း လူမျိုးမရွေး ဝင်ရောက်ခွင့် ပေးပါ့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လာစဉ် ကတိတွေ ပေးခဲ့ပေမယ့် - တကယ့် အခြေအနေမှာတော့ မြန်မာ အစိုးရဖက်က လိုက်လျောဖို့ နှောင့်နှေးမှုတွေ တွေ့နေရဆဲလို့ ပြောရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG