သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမှန်သိဖို့ ပြည်ပ အသံလွှင့်ဌာနတွေကိုသာ အားထားနေရ


လေမုန်တိုင်းဘေးဒဏ် အကူအညီပေးရေး လုပ်ငန်းတွေကို မြန်မာစစ်အစိုးရဖက်က ထိထိရောက်ရောက် ဆောင်ရွက်နေတာတွေ မရှိဘူးလို့ ပြောဆိုနေတာတွေဟာ လုပ်ကြံဖန်တီး ပြောဆိုမှု သက်သက်အဖြစ် အစိုးရပိုင် သတင်းစာတွေက ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖော်ပြနေပါတယ်။ အထူးသဖြင့် ပြည်ပသတင်းဌာနတွေက ဒီလို မမှန်သတင်းတွေကို ထုတ်လွှင့်နေတယ်ဆိုပြီးတော့လည်း စွပ်စွဲထားတာပါ။ ပြည်ပအသံလွှင့် သတင်းဌာနတွေ၊ နိုင်ငံတကာ မီဒီယာတွေက တကယ်ပဲ မဟုတ်မမှန်လုပ်ကြံ ဖန်တီး ထုပ်ပြန် ဖော်ပြနေတာပါလား။ ပြည်သူတွေ ကြားမှာရောဘယ်လိုများ အမြင်ရှိကြသလဲဆိုတာကို ဦးအောင်လွင်ဦးက စုံစမ်းထားပါတယ်။

လေဘေးဒုက္ခသည်တွေကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေက အကူအညီတွေ ပေးနေတယ်၊ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်၊ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်တွေကို မျက်ကွယ်ပြုပြီး ဒုက္ခသည်တွေ အကူအညီတွေ မရဘူး၊ ကယ်ဆယ်ရေးတွေ မလုပ်ဘူးဆိုပြီး ပြည်ပသတင်းဌာနတွေက ထုတ်လွှင့်နေတယ်ဆိုပြီး ရေးသားပြောဆိုနေတာပါ။ ဒီတော့ ဒုက္ခသည်တွေရဲ့ လက်တွေ့မှာ တကယ်တမ်း ကြုံတွေ့နေရတဲ့ အခြေအနေတွေက ဘယ်လိုရှိနေတယ်ဆိုတာ သိရဖို့ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတခုဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသ ဘိုကလေးမြို့ခံ တယောက်ကို မေးကြည့်ပါတယ်။

“ကျွန်တော်တို့ ဘိုကလေးမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းပေါ့နော်။ု တောင်ပိုင်းမှာ မုန်တိုင်းက နဲနဲပဲ ထိတယ်ပေါ့။ မြောက်ပိုင်းကတော့ ကုန်သလောက်ဖြစ်သွားတယ်။ အဲဒီဒေသတွေမှာ အခုထိ ကယ်ဆယ်ရေး လုပ်ငန်းဆိုတာ ဘာမှ ထိထိရောက်ရောက်လုပ်ပေးတယ်ဆိုတာ မရှိသေးဘူး။ စားဝတ်နေရေးနဲ့ ပတ်သက်လို့လည်း ပြည့်စုံလုံလောက်မှုအပြည့်အစုံမရှိသေးဘူး။ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ရှိရင်လည်း ကယ်ဆယ်လုပ်ငန်းတွေ လုပ်နေတယ်လို့ ဆိုပေမယ့်လည်း ပြည့်စုံလုံလောက်မှုမရှိသေးဘူး။ ထမင်းတော့ စားနေရတာပေါ့လေ။ မလုံလောက်ဆန်ပေါ့လေ။ လေးပြည်ပေးတယ်၊ ငါးပြည်ပေးတယ်။ လူတွေက ခေါက်ဆွဲထုတ်ပေးသွားတယ်။ ပုဂ္ဂလိက ကယ်ဆယ်ရေး အလှူရှင်ဆိုတာကလည်း အဝတ်အစားတွေ ပေးသွားတယ်။ ဝေးလံတဲ့ ဒေသတွေ ကြတော့လည်း မရဘူးဗျာ။ အဲလို ဒေသတွေကျတော့လည်း အခက်အခဲတွေ အများကြီးရှိတယ်။ တချို့ဆိုလို့ရှိရင် ဆန်ပြုတ်တောင် သောက်နေရတယ်။”

အစိုးရဖက်ကတော့ ဒီလို ပြောဆိုချက်တွေဟာ ချဲ့ကားပြောဆိုတာလို့ ပြောနေသလို၊ ဒီလိုသွေးထိုးလှုံ့ဆော်မှုတွေဟာ အလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။ ဒေသခံတွေအဖို့ကတော့ ပြည်ပသတင်းမီဒီယာတွေအပေါ် တကယ်တမ်း ဒီလို သဘောထား ရှိနေပုံတော့ မရပါဘူး။

“ပြည်ပ သတင်းမီဒီယာတွေ ရေးတဲ့ဟာတွေအတိုင်း အမှန်အတိုင်း မြင်နေရတယ်ဗျ။ ကျွန်တော်တို့လည်း သတင်းစာ မဖတ်တော့ဘူးဗျာ။ ဘာဖြစ်လို့လည်း ဆိုတော့ မဟုတ်တာတွေဘဲ ရေးနေတာမို့။ ပြည်ပသတင်းဌာနတွေက ပြောတာတွေပဲ နားထောင်လိုက်။ ဓာတ်ခဲကုန်ရင် ကုန်ပါစေဆိုပြီး၊ ဓာတ်ခဲက ဈေးကြီးတယ်ဗျ။ ဓာတ်ခဲဈေးကြီးတာတွေကို အကုန်ခံပြီး နားထောင်နေရတယ်ဆိုကတည်းကိုက ဒါ ကျွန်တော်တို့က ပြည်ပသတင်းတွေကိုပဲ အားကိုးနေရတယ်ဆိုတာ ပေါ်လွင်ပြီးသားပါ။ ဒါက ကျွန်တော် တယောက်တည်း မဟုတ်ဘူး၊ မြို့မှာ အကုန်လုံး ဒီအတိုင်းပါပဲ။ ကျွန်တော် မေးချင်တာက ကယ်ဆယ်ရေး လုပ်ငန်းဆိုတာ ဘယ်ဟာကို ပြောတာလဲ။ အဲဒီနယ်မှာ ကယ်ဆယ်ရေး လုပ်ငန်းဆိုတဲ့ ဥစ္စာက သီတဂူဆရာကြီး ပြောသလို ရေထဲနစ်နေတဲ့လူကို ဂုတ်ဆွဲပြီး ကုန်းပေါ်တင်ပြီး ကယ်ဆယ်လိုက်တယ်ဆိုရင် ဟုတ်ချင်လဲ ဟုတ်မှာပေါ့။ ဒါပေမဲ့ လောလောဆယ်ကတော့ အဲဒီလုပ်ငန်းတွေက ဘာမှ ထိရောက်မှုလည်း မရှိသေးဘူး။ တကယ်လည်း ပေးနိုင်တာ ဘာမှမရှိသေးဘူး။ သတင်းဌာနက ထုတ်ပြန်တာတွေက သိပြီးတဲ့အတိုင်းပဲ။ မဟုတ်တာတွေပဲရေးနေတာပဲ။ တခုပြောမယ်။ ကျွန်တော်တို့ ဒီမှာ ၆ရပ်ကွက်မှာ အဘွားကြီး တယောက်ကို ခေါ်တယ်။ ခေါ်ပြီး အရှေ့မှာ ပုံပေးပြီး မြန်မာ့အသံ အင်တာဗျူးလုပ်တယ်။ ပြီးလည်း ပြီးရော အဲဒီပစ္စည်းတွေ ပြန်ယူသွားတယ်။ အဘွားကြီးက ငုတ်တုတ်ကလေး ကျန်ရစ်ခဲ့ရော။ အဲဒါမျိုးတွေပေါ့ဗျာ။ အဲဒါတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေလို့ ခေါ်မလားဗျာ။ ဘိုကလေးမှာတော့ အဲဒီအတိုင်းပဲ ဖြစ်နေတယ်။ ဘယ်လိုလုပ်မလဲ။”

လေမုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသတခုဖြစ်တဲ့ ဘိုကလေးမြို့က မြို့ခံတဦး ဖြစ်ပါတယ်။

ဒီနေ့ဆိုရင်လည်း အစိုးရပိုင် သတင်းစာတွေထဲမှာ နာဂစ်ထက်ဆိုးတဲ့ ရန်သူ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစောင် ရေးသား ဖော်ပြပြီးတော့ ပြည်ပသတင်းမီဒီယာတွေဟာ တကယ့် အခြေအနေတွေကို ပုံကြီးချဲ့၊ တစ်စိတ်ကို တစ်အိပ်လုပ် ဖော်ပြနေတယ်ဆိုပြီး တိုက်ခိုက် ရေးသားထားတာပါ။ ဒါ့အပြင် မသမာသူတချို့က လုပ်ကြံထားတဲ့ သတင်းတွေ မေးမြန်းခန်းတွေကို ပြည်ပသတင်းမီဒီယာတွေဆီ ပေးပို့တာတွေရှိသလို ဒါတွေကိုလည်း ထပ်ဆင့်ထုတ်လွှင့်မှုတွေ ရှိတယ်ဆိုပြီး စွပ်စွဲထားတာလည်း ရှိပါတယ်။ ဒီလို စစ်အစိုးရသတင်းစာတွေရဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ကတော့ -

“နာဂစ်ထက် ဆိုးတဲ့ ရန်သူ မြန်မာနိုင်ငံမှာ ရှိတာက သတင်း အမှောင်ချမှုပဲ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ နာဂစ်မုန်တိုင်းဟာ ကျွန်တော်တို့ သဘာဝဘေးအန္တရယ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရဘူး။ ဒါပေမယ့်လို့ သတင်း အမှောင်ချလို့ရှိရင် ဝေးလံခေါင်ဇျားတဲ့ဒေသတွေမှာ ဆိုရင် ဘာတွေ ဖြစ်နေလဲဆိုတာကို သိဖို့ အတွက်က သတင်းသမားတွေပဲ သွားပြီး သတင်းယူမှ သေချာသိနိုင်မှာဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘာတွေလိုနေသလဲဆိုတာကို သတင်းသမားတွေက သတင်းပေးမှသာ ကူညီချင်တဲ့သူတွေက ကူညီနိုင်မှာဖြစ်ပါတယ်။ သတင်းသမားတွေ သတင်းပို့တဲ့နေရာမှာ ဟိုးတုန်းက သတင်းစာတွေ ခေတ်တုန်းကလို သတင်းသမားတွေက သတင်းတွေကို ပြုပြင် ပြောင်းလဲ ထားတာဆိုပြီး စွတ်စွဲချင် စွတ်စွဲလို့ရချင်ရပါလိမ့်မယ်။ အခုခေတ်မှာ မရတော့ပါဘူး။ ဘာကြောင့်လည်းဆိုပြီး အခုခေတ်မှာ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ အတူ သတင်းတွေကို ပို့ကြတာဖြစ်ပါတယ်။ သတင်းအမှောင်ချထားတဲ့ စစ်အစိုးရက တာဝန်ရှိတယ်။ စစ်အစိုးရက တာဝန် ကင်းမဲ့တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ကျွန်တော်တို့ သတင်းသမားတွေဘက်ကတော့ သတင်းမှန်ရင် သတင်းရှိတဲ့နေရာမှာ သတင်းသွားယူပြီးတော့ အမှန်အတိုင်းပဲ တင်ပြမှာဖြစ်ပါတယ်။ ”

အစိုးရပိုင် သတင်းစာတွေက ပြည်ပမီဒီယာတွေကို တိုက်ခိုက်ရေးသားနေတဲ့အပေါ် ပြည်ပရောက် မြန်မာသတင်း သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် က မှတ်ချက်ပေးပြောဆိုသွားတာပါ။ လေမုန်တိုင်းဘေးဒဏ်ခံရတဲ့ အထဲမှာ စာနယ်ဇင်းသမား အနည်းဆုံး (၈၀) ကျော်လောက်ဟာလည်း လေဘေးဒဏ်သင့်ခံခဲ့ရတယ်လို့ မြန်မာသတင်းသမဂ္ဂ က သတင်းထုတ်ပြန် ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG