သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် သေဆုံးသူတွေကို သင်္ဂြိုဟ်ရေး အိုင်စီအာစီ ကူညီ


မုန်တိုင်းဒဏ်သင့်ခဲ့ပြီးတော့ ကွယ်လွန်သွားခဲ့ကြရသူတွေရဲ့ ကျန်ရစ်တဲ့ခန္ဓာကိုယ်တွေ
ကို ဘယ်သူဘယ်ဝါ ခွဲခြားဖော်ထုတ်တာ၊ မြေမြှုပ်သင်္ဂြိုဟ်တာ၊ မီးသင်္ဂြိုဟ်တာတွေ
လုပ်ဆောင်ရာမှာ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) က ကူညီပံ့ပိုးပေးနေ
တယ်လို့ ICRC တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ ဒါပေမယ့် လုပ်ငန်းတွေကို
ICRC က ကိုယ်တိုင်လုပ်ဆောင်နေတာမဟုတ်ဘဲ မြန်မာနိုင်ငံကြက်ခြေနီအသင်း
အပါအဝင် တခြားအဖွဲ့အစည်းတွေကို အကြံဉာဏ်ပေးတာပဲ လုပ်နေတာပါလို့လည်း
ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက်ဝိုင်းတော်သား ကိုကျော်ကျော်သိန်း
က တင်ပြပေးထားပါတယ်။

ICRC အနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ကျန်ရစ်တဲ့ခန္ဓာကိုယ်တွေကို လူပုဂ္ဂိုလ်ခွဲခြားဖော်ထုတ် သင်္ဂြိုဟ်တဲ့ကိစ္စတွေမှာ အဓိကလုပ်ဆောင်တဲ့အဖွဲ့မဟုတ်ဘဲ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ တခြားအဖွဲ့အစည်းတွေကို လိုအပ်တဲ့အကြံဉာဏ်
တွေ ပေးအပ်တာလောက်ပဲ လုပ်နေတာပါလို့ ICRC ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ခရိတ်ဂ် စတရက် သန်းရ်န်က (Craig Strathern) က
ဗွီအိုအေကို ပြောခဲ့ပါတယ်။ ကွယ်လွန်သူတွေရဲ့ ကျန်ရစ်တဲ့ခန္ဓာကိုယ်တွေနဲ့ ပတ်သက်
တဲ့ လုပ်ငန်းတွေမှာ ICRC က ကိုယ်ထိလက်ရောက် လုပ်ဆောင်နေတာ ဘာမှမရှိပါ
ဘူးတဲ့။

ICRC အနေနဲ့ လက်ရှိမှာလုပ်နေတာက ကမ္ဘာတဝှမ်းရခဲ့တဲ့ အတွေ့အကြုံတွေပေါ်
အခြေခံပြီး ကျွမ်းကျင်မှုအကြံဉာဏ်တွေ ပေးနေတာပါပဲလို့ ပြောပါတယ်။

“အရင်ဆုံး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တခြားအဖွဲ့အစည်းအချို့နဲ့ မြန်မာအာဏာ
ပိုင်တွေကို ကျန်ရစ်တဲ့ခန္ဓာကိုယ်တွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရာမှာ လိုအပ်တဲ့
ကျွမ်းကျင်မှုဆိုင်ရာ အတွေ့အကြုံတွေကို ကမ်းလှမ်းခဲ့တာပါပဲ။” လို့ ပြောပါတယ်။

တကယ်ကတော့ ICRC နဲ့ မြန်မာအာဏာပိုင်တွေအကြား ဆက်ဆံရေးက သိပ်ကောင်း ခဲ့တာမဟုတ်ပါဘူး။ ICRC အနေနဲ့ အကျဉ်းထောင်တွေဆီသွားပြီး နိုင်ငံရေးအကျဉ်း သားတွေနဲ့တွေ့ဆုံတာ၊ အကျဉ်းထောင်အခြေအနေ စောင့်ကြည့်တာတွေကို မြန်မာ အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် ICRC ရုံးခွဲအတော်များများလည်း
အပိတ်ခံခဲ့ရပြီး လုပ်ငန်းတွေ လျှော့ချခံခဲ့ရပါတယ်။ ဆိုတော့ အခုရော အိုင်စီအာရ်စီနဲ့ မြန်မာအာဏာပိုင်တွေကြား ဆက်ဆံရေးက ဘယ်လိုရှိနေပါသလဲ။

“မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း လုပ်ငန်းတွေမှာ အိုင်စီအာရ်စီရဲ့ အခန်းကဏ္ဍက
သေးငယ်ပါတယ်။ ခန္ဓာကိုယ်တွေကိစ္စမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အကြံ
ဉာဏ် ပေးတာအပြင် တကွဲတပြားဖြစ်သွားတဲ့ မိသားစုဝင်တွေ ပြန်ပြီး အဆက်
အသွယ်ရနိုင်ရေး လုပ်ဆောင်မှုတွေမှာလည်း ကူညီနေပါတယ်။ ဒီလှုပ်ရှားမှုတွေ
အားလုံးအတွက် ကျနော်တို့ဟာ အာဏာပိုင်တွေနဲ့ ပွင့်လင်းမြင်သာမှုရှိပါတယ်။ ဒီလို အကူအညီမျိုးတွေအတွက် ခုချိန်ထိ ကျနော်တို့နဲ့ အာဏာပိုင်တွေကြား ပြဿနာမရှိ
သေးပါဘူး။” လို့ ခရိတ်ဂ်က ပြောပါတယ်။

ဒါဆိုရင် အိုင်စီအာရ်စီရဲ့ အခန်းကဏ္ဍဟာ ဘေးကနေ အထောက်အပံ့ပေးတဲ့ အခန်း ကဏ္ဍသက်သက်ပဲလားဆိုတော့ ခရိတ်ဂ်က သဘောတူပါတယ်။ ဒီတော့ ဒီလိုမျိုး
ဘေးကနေ အထောက်အပံ့ပေးတဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါပါသလဲ
ဆိုတော့ ဒီအဆင့်မှာ ဒါကိုပြောဖို့ နည်းနည်းတော့ခက်ပါတယ်တဲ့။ ဒါပေမယ့် မိသားစု
ဝင်တွေအချင်းချင်း အဆက်အသွယ်ပြန်ရဖို့ လုပ်နေတာမှာကတော့ တိုးတက်မှုတွေ
ရှိလာပါပြီလို့ ပြောပါတယ်။

“သူတို့ အသက်ရှင်ပြီး ကောင်းကောင်းရှိနေတယ်ဆိုတာကို မိသားစု ဆွေမျိုးသားချင်း
တွေဆီ အသိပေးချင်တဲ့၊ ဒါမှမဟုတ် မိသားစုဝင်တဦးဦးရဲ့သတင်းကို သိချင်သူတွေရဲ့ သတင်းစကားတွေကို စုဆောင်းလာတာ ၄၀၀ လောက်ရှိလာပါပြီ။ ဒီလုပ်ငန်း
အကြောင်းကို လူတွေပိုပြီး သတိထားမိလာရင် တောင်းဆိုမှုကလည်း ပိုများလာဖွယ်ရာ
ရှိပါတယ်။ ဒါ့ကြောင့် ဒီလုပ်ငန်းကို ထူထောင်တာ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အကြံဉာဏ်ပေးတာတွေဟာ တန်ဖိုးရှိပါတယ်။” လို့ ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG