မုန်တိုင်းဒဏ်ခံနေရတဲ့ ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်က ကျေးရွာတွေမှာ သောက်ရေသန့် မလုံလောက်တဲ့ အတွက် မသန့်ရှင်းတဲ့ရေကို သောက်၊ ရေချိုစပါးကို ထောင်းပြီးစားနေကြရပါတယ်။ ဒီရွာတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွားပြီး သေဆုံးကြတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ဒေါ်အေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်ထဲက မုန်တိုင်းဒဏ်ခံရတဲ့ ကနစိုချောင်းရွာ အပါအဝင် အနီးတဝိုက် က ကျေးရွာတွေမှာ သောက်ရေများ မသန့်ရှင်းခြင်း၊ သောက်ရေများ လုံလောက်မှု မရှိခြင်းတွေ ကြောင့် ဝမ်းလျောရောဂါတွေနဲ့ သေဆုံးရသူတွေ ရှိနေပြီဆိုပြီး မုန်တိုင်းခံရတဲ့ ပြည်သူတွေက ပြောပါတယ်။
“အခု ဝမ်းလျော ရောဂါတွေ ဖြစ်နေပြီ ။ အခု ရေတွေ သောက်သုံးနေတာတွေကြောင့် ရွာတိုင်းလိုလို ဖြစ်နေပြီ။ ကျွန်တော်တို့ ရွာမှာဆိုရင် ကလေးတွေ ဝမ်းလျောပြီး သေသွားတာတို့၊ အဖွားကြီးတွေ
ဝမ်းလျော ပြီး သေသွားတာတွေဖြစ်နေပြီ။”
သေဆုံးသူ ကလေးတဦးကတော့ ကနစိုချောင်းရွာက အသက်(၇)နှစ် အရွယ် မောင်ဖိုးငယ်နဲ့ အသက် ငါးဆယ်ကျော်အရွယ် ဒေါ်မတင်ရီဆိုတဲ့ အမျိုးသမီး ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးငယ်ကတော့ အဟာရမရှိဖြစ်နေချိန်မှာ ဝမ်းတွေလျောရင်း သေဆုံးခဲ့ရတာလို့ ရွာသားတွေက ပြောပါတယ်။ ဒါ့အပြင် မြစ်တိုရွာ၊ ငွေဇင်ယော်ရွာ၊ ပေါင်နှစ်ချောင်းရွာတွေမှာလည်း ဝမ်းရောဂါတွေ ဖြစ်နေတယ် လို့လည်း ပြောပြပါတယ်။ လူဦးရေ နှစ်ထောင်ကျော်ရှိတဲ့ ကနစိုချောင်းရွာဟာ မုန်တိုင်းဒဏ် ခံရပြီးနောက် လူဦးရေ (၁၀၀)ကျော်ပဲ ကျန်ပါတော့တယ်။ ဘာကြောင့် ဝမ်းလျောခဲ့ရသလဲ ပြောပြရာမှာတော့
“ဘာကြောင့်လဲဆိုတော့ ဆန်တွေက ရေချိုတွေ ဝင်၊ နံဟောင်နေတာတွေ စားနေရတော့၊ ရေကလည်း လုံလုံလောက်လောက်မရှိတာတွေကြောင့် ဝမ်းလျောတဲ့ဟာတွေ ဖြစ်တယ်။ အစိုးရကလည်း ၁၅ရက် ၁ပတ်ကို ရေ တဗူးပဲ ပေးတယ်။ ကျွန်တော်တို့ ဘယ်လိုမှ မလုံးလောက်ဘူး။ မိုးရေတွေခံတာလောက်ပဲ ရေကရတယ်။ ချောင်းထဲက ရေတွေက ပုတ်စော်တွေ နံဟောင် ရေမရှိတော့လည်း သုံးနေရတာပေါ့။”
ဆန်ပေးဝေမှုတွေမှာ လုံးလောက်မှုရှိပါသလားလို့ မေးတဲ့အခါမှာတော့
“အခုအစိုးရက ပေးတာ ၂လုံးတခါတို့ ၁လုံး တခါတို့ အဲဒါပဲ ပေးဖူးတယ်။ အခု ဘုန်းကြီးတွေတို့၊ ကိုယ်တိုင်ကိုယ်ကျ လာလှူနေတာတွေမှာ တပြည်တို့ ဘာတို့ အဲဒါတွေပဲ ရဖူးနေတယ်။”
အဲဒီရွာတွေ ဆီကို နိုင်ငံတကာက ကယ်ဆယ်ကူညီရေး အဖွဲ့တွေ ရောက်ပါသလားမေးတော့
“ကျွန်တော်တို့ဆီကို ကိုယ်တိုင်ကိုယ်ကျလာလှူမှ ကျွန်တော်တို့ လက်ထဲတွေ ရောက်မှာပေါ့။”
အခုဆိုရင် နေထိုင်စရာ အမိုးအကာ ယာယီ ရွက်ဖျင်တဲတွေကို ရပါသလားလို့ မေးတဲ့အခါ
“မိုးရွာတဲ့အခါလည်း မလုံမလောက်ပေါ့ တဲလေးတွေပဲ ထိုးနေရတယ်။ မိုးကာလေးတွေဆို သူတို့က တစလောက်ပဲပေးတယ်။ တစလောက်ကို လုံးဝမရဘူး။ ဒီအတိုင်းပဲ အုန်းပင်တွေ အုန်းလက်တွေ လိုက်ခုတ်ပြီး အပေါ်ကို မိုးနေရတာ။ သူတို့ပေးတာတွေက လုံးဝမလုံလောက်ဘူး။”
ကျေးရွာတွေဟာ ရေတွေ မသန့်ရှင်းဘူးဆိုတော့ သေဆုံးသူတွေရဲ့ အလောင်းတွေရော အဲဒီမှာ ရှင်းလင်းထားတာရှိပါသလားမေးတော့
“လူတွေကတော့ အခုချိန်မှာ ကျန်ခဲ့တဲ့ မိသားစုတွေက ကောက်ပြီးတော့ မြုတ်ကြရတာပေါ့။ အစိုးရကတော့ ကောက်ခြင်းပြုခြင်းမရှိဘူး။ ကျွန်တော်တို့လည်း အကုန်လုံး လိုက်ပြီးတော့ မဆယ်နိုင်သေးဘူး။ နဲနဲပါးပါးလောက်ပဲ မြုတ်ကြတာပေါ့။ အခုထက်ထိ အကောင်လိုက်ကြီး ရှိနေသေးတယ်။”
မုန်တိုင်းဒဏ်ခံရချိန် သစ်ပင်တွေ လဲပျိုလို့ ဒဏ်ရာတွေ ရခဲ့လို့ မော်ကျွန်မြို့နယ် ဆေးရုံကို သွားရောက်ပြီး ကုသခဲ့ပေမယ့် ဆေး တခွက်စာလောက်သာ ပေးပြီး ဆေးရုံမတက်ခဲ့ရပဲ ပြန်ခဲ့ရကြောင်း ဒုက္ခသည်တွေက ပြောပါတယ်ရှင်။