သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ပြန်လည်ထူထောင်ရေး ကူညီကြရန် လော်ရာဘွတ်ရှ် တိုက်တွန်း


အမေရိကန် သမ္မတကတော် လော်ရာဘွတ်ရှ်ဟာ ကြိုတင် အသိပေးကြေညာခြင်းမရှိပဲ အာဖဂနစ္စတန်ကို တရက်ကြာ ခရီးရောက်ရှိခဲ့ပါတယ်။ အဲဒီမှာတော့ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းနဲ့ တွေ့ဆုံပြီးတော့ - အခုရှေ့အပတ်လုပ်မယ့် အလှုရှင်များ အစည်းအဝေးမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ အာဖဂန်ကို ကူညီကြဖို့ တောင်းဆိုခဲ့ပါတယ်။

အလွန်ကို အရေးကြီးတဲ့အချိန်မှာ အာဖဂနစ္စတန်နိုင်ငံကို နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ပစ်ထားလို့ မရနိုင်ဘူးလို့ မစ္စစ် ဘွတ်ရှ်က မနေ့က ကဘူးမှာ မစ္စတာကာဇိုင်းနဲ့ တွေ့ဆုံအပြီးမှာ ပြောသွားပါတယ်။

ကဘူးမှာရှိတဲ့ အမေရိကန်တက္ကသိုလ်အတွက် ငါးနှစ်စာ သန်း ၄၀ ထောက်ပံ့မှာဖြစ်ပြီး၊ အမျိုးသား စာတတ်မြောက်ရေး ဌာနအတွက်လည်း နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၀ ထောက်ပံ့ကူညီဖို့ အမေရိကန်ဖက်က အသင့်ရှိတယ်လို့ မစ္စစ် ဘွတ်ရှ်က ကြေညာခဲ့ပါတယ်။

“ဒီကနေ့ကျွန်မတို့တွေ့ မြင်ရမယ့်ကိစ္စတွေဟာ အခုသတင်းပါတ်ကုန်ပိုင်း ပဲရစ်မြို့  မှာကျင်းပမယ့်အလှုရှင်နိုင်ငံများအစည်းအဝေးမှာကျွန်မတက်ရောက်ပြီးပြောဆိုလုပ်ကိုင်ကြတဲ့အခါ ကျွန်မတို့အားလုံးအတွက်အားဖြည့်ပေးရာရောက်မယ့်ကိစ္စ တွေလို့ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မတို့အားလုံး၊ နိုင်ငံတကာမိသားစုအသိုင်း အ၀ိုင်းတခုလုံးက အာဖဂန်နစ္စတန်နဲ့ အတူရှိနေဖို့လိုအပ်ပါတယ်။”

ဒီနောက်တော့ အမေရိကန် သမ္မတကတော်ဟာ ဘာမီယန်ကို ရဟတ်ယဉ်တွေနဲ့ ထွက်ခွာခဲ့ပါတယ်။ အဲဒီမှာတော့ တာလီဘန် လက်ထက် ၂၀၀၁ခုနှစ်တုန်းက ဖျက်ဆီးခံလိုက်ရတဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူရဲ့ အပျက်အစီးတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဒါ့အပြင် ကဘူးမြို့အနီးက ဘဂရမ် လေတပ်စခန်းမှာရှိတဲ့ အမေရိကန် တပ်သားတွေကို သွားရောက်တွေ့ဆုံပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် ကျေးဇူးတင် ဂုဏ်ပြုကြောင်း ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့အကြား လက်တွဲ ဆောင်ရွက်မှုတွေ ကောင်းမွန် လာအောင်လို့ အမေရိကန် သမ္မတ ဂျော့ဒဗလျူ ဘွတ်ရှ်ဟာလည်း ဥရောပကို တပတ်ကြာခရီးစဉ်အဖြစ် တနင်းလာနေ့ စတင်ထွက်ဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG