သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ ကယ်ဆယ်ရေး ရဟတ်ယာဉ် ၁၀ စင်းလုံး မြန်မာပြည် ရောက်တော့မည်


WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အနေနဲ့
အသုံးပြုဖို့ မြန်မာအစိုးရက ခွင့်ပြုထားခဲ့
တဲ့ ရဟတ်ယာဉ် ၁၀ စင်းအနက် နောက်ဆုံးကျန်ရှိနေသေးတဲ့ ရဟတ်ယာဉ်
၄ စင်းဟာ မနက်ဖြန်မှာ ရန်ကုန်မြို့ဆီ ပျံသန်းကြလိမ့်မယ်လို့ ကုလသမဂ္ဂ
တာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။
ဒီရဟတ်ယာဉ် ၄ စင်းရောက်သွားပြီးရင်
တော့ မုန်တိုင်းဒုက္ခသည်တွေအတွက်
WFP ရဲ့ အကူအညီပေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ စုစုပေါင်း ရဟတ်ယာဉ် ၁၀ စင်း ဖြစ်သွားတော့မှာပါ။ ရဟတ်ယာဉ်တွေဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အများကြီးအထောက်အကူပြုပြီး ပိုမိုများပြားတဲ့ ဒုက္ခသည်အရေအတွက်ကိုလည်း
ကူညီနိုင်ပါတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ ဒုက္ခသည်တွေ စားနပ်ရိက္ခာပြတ်လပ်မယ့်အရေးကို WFP က စိုးရိမ်နေပြီး အနည်းဆုံးဒီနှစ်ကုန်ထိ
တော့ စားနပ်ရိက္ခာအထောက်အပံ့တွေ လိုအပ်နေမယ့်အကြောင်းလည်း ပြောပါတယ်။
အပြည့်အစုံကို ဘန်ကောက်ရောက်၊ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မနက်ဖြန်မှာ နောက်ထပ်ကျန်နေသေးတဲ့ ရဟတ်ယာဉ် ၄ စင်း ပျံသန်းကြတော့မယ်လို့ ဗွီအိုအေကိုပြောခဲ့သူက WFP ရဲ့ ဘန်ကောက်အခြေစိုက် ဒေသဆိုင်ရာရုံးခွဲ ပြောရေး
ဆိုခွင့်ရှိသူ မစ္စတာ ပေါလ် ရစ္စလေ (Paul Risley) ပါ။ မနက်ဖြန်မှာ ရဟတ်ယာဉ်
၄ စင်းဟာ ဘန်ကောက်ကနေ ရန်ကုန်ကို ပျံသန်းကြတော့မယ့်အကြောင်း ပြောပါ
တယ်။

လက်ရှိရောက်နေပြီးသား ရဟတ်ယာဉ် ၆ စင်းကိုလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်း
တွေမှာ အသုံးပြုနေပါပြီ။ ရဟတ်ယာဉ်တွေကြောင့် WFP ရဲ့ စားနပ်ရိက္ခာတွေကို ပိုပြီး
တော့ များများပေးပို့လာနိုင်ပါတယ်လို့လည်း ပေါလ် ရစ္စလေက ပြောပါတယ်။

“ရဟတ်ယာဉ် ၄ စင်းဟာ ဒီကနေ့မှာ မြစ်ဝကျွန်းပေါ်ဒေသက မြို့ရွာဒေသ ၁၂ ခုဆီ သွားရောက်ခဲ့ကြပါတယ်။ ရဟတ်ယာဉ်တွေဟာ အများကြီး အထောက်အကူဖြစ်ပါ
တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့လှေတွေကို အသုံးပြုနေခဲ့ရာကနေ အခု ရဟတ်ယာဉ်တွေကို အသုံးပြုနိုင်တာကြောင့် မြစ်ဝကျွန်းပေါ်ဒေသက ကျေးရွာတွေဆီ စားနပ်ရိက္ခာတွေနဲ့ တခြားအကူအညီတွေ ပေးပို့နိုင်စွမ်း တိုးလာပါတယ်။” လို့ ပြောပါ
တယ်။

ဒီအတောအတွင်းမှာပဲ မုန်တိုင်းဒဏ်သင့်ပြီး လယ်ယာမြေတွေ ပျက်စီးခဲ့ရတာကြောင့်
ဒီနှစ်မိုးရာသီ စပါးစိုက်ပျိုးရေး ထိခိုက်ရပြီး ဧရာဝတီတိုင်းကလူထု စားနပ်ရိက္ခာ
ပြတ်လပ်မယ့်အရေး စိုးရိမ်ဖွယ် ဖြစ်နေပါတယ်။ ဒီလူတွေအတွက် စားနပ်ရိက္ခာတွေ
ဆက်ပြီးလိုအပ်နေဦးမှာပါလို့ ပေါလ် ရစ္စလေက ပြောပါတယ်။

“ရေရှည်အနေနဲ့ဆိုရင် ဒီတနှစ်လုံးလို မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာအထောက်အပံ့ အကြီးအကျယ် လိုအပ်နေသေးတဲ့အပေါ် ကျနော်တို့ အတော့်ကိုစိုးရိမ်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနှစ်စပါးစိုက်ပျိုးရေးက မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား
ပျက်စီးခဲ့ရပြီး လယ်သမားအများအပြားအတွက် ဒီနှစ်မှာ စပါးစိုက်ဖို့ မဖြစ်နိုင်တော့ပါ
ဘူး။ ဒါ့ကြောင့် ဒီဒေသမှာ လာမယ့်နှစ်အထိ စားနပ်ရိက္ခာအထောက်အပံ့တွေ
ဆက်ပေးသွားဖို့က အရမ်းကိုအရေးကြီးပါတယ်။” လို့ ပြောသွားပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသက လယ်မြေဧကပေါင်း ၃.၂ သန်းကျော်မှာ ၆၀% လောက်
ပျက်စီးသွားပြီး ၁၆% လောက်ကတော့ ဒီနှစ်မိုးရာသီမှာ စပါးစိုက်လို့ မရလောက်တော့
အောင်ကို ပျက်စီးသွားခဲ့တယ်လို့ FAO ရဲ့ ဒေသဆိုင်ရာ ဒုတိယကိုယ်စားလှယ် မစ္စတာ
ဟိရိုယုကိ ကိုနုမ (Hiroyuki Konuma) ကလည်း ပြောထားဖူးပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံမှာ မိုးတွင်းရာသီဖြစ်ပါတယ်။ မုတ်သုန်မိုး အပြင်းအထန်
ရွာသွန်းပြီဆိုရင် လမ်းတွေရေလွှမ်းမိုး၊ ကွင်းပြင်တွေက ရွှံ့နွံတွေဖုံးလွှမ်းနဲ့ ပုံမှန်အချိန်
မှာတောင်မှ သွားရေးလာရေး ခက်ခဲရပါတယ်။ အခုလို မုန်တိုင်းတိုက်ခတ်ထားပြီးတဲ့
အခြေအနေမှာ မုတ်သုန်မိုးဟာ အခြေအနေကို ပိုဆိုးရွားစေတာကတော့ သံသယ
ဖြစ်စရာမရှိပါဘူး။ ပေါလ် ရစ္စလေကလည်း ဒီအချက်ကို ထောက်ပြခဲ့ပါတယ်။

“အခုဟာက မုတ်သုန်ရာသီဆိုတော့ အရမ်းကိုစိုစွတ်ပြီး အရမ်း ရွှံ့နွံထူထပ်ပါတယ်။ အကြီးမားဆုံးအခက်အခဲကတော့ ရဟတ်ယာဉ်တွေ ဆင်းနိုင်လောက်အောင် ခံနိုင်
ရည်ရှိ မာကျောတဲ့မြေပြင်ကို ရှာရတာပါပဲ။ ဒါပေမယ့် မြစ်ဝကျွန်းပေါ်ဒေသက လူတွေ
အတွက် ကျနော်တို့ ထောက်ပံ့ပေးနိုင်နေတဲ့ စားနပ်ရိက္ခာပမာဏဟာ ရဟတ်ယာဉ်
တွေကြောင့် တိုးလာမယ်ဆိုတာကို ခုချိန်ထိတော့ ကျနော်တို့ မျှော်လင့်ထားတုန်းပါ။ လက်တွေ့မှာလည်း ရဟတ်ယာဉ်တွေ ဒီကနေ့ရောက်ခဲ့တဲ့ မြို့တွေ ရွာတွေထဲမှာ တချို့
ရွာတွေဟာ ဒီကနေ့မှာမှ စားနပ်ရိက္ခာတွေ ပထမဆုံးရကြတာပါ။” လို့ ပြောပါတယ်။

မုန်တိုင်းကြောင့် သေဆုံးသူ ၁၃၄,၀၀၀ ကျော်၊ ဒုက္ခသည်ပေါင်း ၂.၄ သန်းကျော်ရှိမယ်
လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးက ခန့်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေထိ ဒုက္ခသည် သန်းနဲ့ချီပြီးတော့ အကူအညီတွေ မရကြသေးပါဘူး။ ဒီလိုအကူအညီတွေ နှောင့်နှေးနေရတဲ့ အကြောင်းရင်းတွေထဲမှာ မြန်မာစစ်အစိုးရက အကူအညီတွေလက်ခံဖို့ တုံ့ဆိုင်းနေခဲ့တာ၊ နိုင်ငံတကာက အကူအညီပေးမယ့် အဖွဲ့
အစည်းတွေ၊ လူတွေကို ဝင်ခွင့်မပြုဘဲ အချိန်ဆွဲထားခဲ့တာ၊ ပေးပြန်တော့လည်း ဗျူရို
ကရေစီ ကြိုးနီစနစ် အတားအဆီးတွေကြောင့် နှောင့်နှေးရတာတွေ ပါဝင်တယ်လို့
ဝေဖန်ကြပါတယ်။

မြန်မာအာဏာပိုင်တွေဘက်ကတော့ ဒီအချက်တွေကို တောက်လျှောက်ငြင်းဆန်လာ
ခဲ့ပြီး မုန်တိုင်းသင့်ဒုက္ခသည်တွေကို အကူအညီတွေ ဘယ်လိုပေးနေတယ်ဆိုတာ နေ့စဉ်သတင်းစာတွေမှာ အကျယ်တဝံ့ ဖော်ပြနေပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂနဲ့
ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့တို့က တာဝန်ရှိသူတွေနဲ့ သဘောထားကွဲလွဲ
စွာ ကူညီကယ်ဆယ်ရေးအဆင့်ပြီးသွားပြီ၊ ပြန်လည်ထူထောင်ရေးအဆင့် ရောက်နေ
ပြီလို့ တစိုက်မတ်မတ် ပြောဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG