သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေလက အဖမ်းခံရသည့် အန်န်အယ်လ်ဒီအဖွဲ့ဝင် ၁၅ ဦး ပြန်လည်လွတ်မြောက်


၁၉၉၀ ပြည့် ရွေးကောက်ပွဲနှစ်ပတ်လည်
နေ့၊ မေလ ၂၇ ရက်နေ့က အဖမ်းခံခဲ့ရတဲ့
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်
၁၅ ဦးကို အာဏာပိုင်တွေက မနေ့ညက ပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ကို ပုဒ်မ
တခုခုနဲ့ စွဲချက်တင် အရေးယူတာမျိုး
မလုပ်ဘဲ ၁၄ ရက်ကြာ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပြီးတဲ့နောက်မှာမှ အခုလို ပြန်လွှတ်
ပေးခဲ့တာပါ။ အပြည့်အစုံကို ဘန်ကောက်
ရောက်၊ ဗွီအိုအေဝိုင်းတော်သား
ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မေလ ၂၇ ရက်နေ့က ဗဟန်းမြို့နယ် NLD ရုံးချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည်
အိမ်ဘက်ကို စုဝေးသွားရောက်ခဲ့ချိန်မှာ လမ်းခုလတ်မှာပဲ အဲဒီလူတွေ ဖမ်းဆီးခံခဲ့ကြ
ရတာပါ။ ဗဟန်းမြို့နယ်က တာဝန်ရှိသူတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေနဲ့ စွမ်းအားရှင်
အဖွဲ့ဝင်တွေက သူတို့ကို ဆက်မသွားဖို့ တားဆီးခဲ့တဲ့အကြောင်း၊ ရုံးချုပ်ဘက်ကို သူတို့ လှည့်ပြန်ဖို့အလုပ်မှာ ကားနဲ့လိုက်ပို့မယ်ဆိုပြီး အာဏာပိုင်တွေက အတင်းအကျပ်
လုပ်ခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာသူတဦးဖြစ်တဲ့ တွံတေးမြို့နယ်က အလွတ် ပညာသင်ကျောင်းဆရာ ဦးအောင်ဖေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

“ကျနော်တို့ကို ကားပေါ်တင်လိုက်တယ်။ ကားပေါ်ရောက်တော့ သူတို့က အဖွဲ့ချုပ်ရုံးကို ပြန်လိုက်ပို့မယ်လို့ပြောတယ်။ သူတို့ ကတိတည်ပါတယ်ပေါ့။ ဒါပေမယ့် အဲဒီမှာ
လူတယောက်က ဖုန်းဆက်နေတယ်။ ဟုတ်ကဲ့ပါ အဘ၊ ဟုတ်ကဲ့ပါ အဘနဲ့ ဖုန်းဆက်
ပြီးတော့ ရွှေဂုံတိုင်အဝလည်းရောက်ရော ကားကို ပြန်ကွေ့လိုက်တယ်။ ပြန်ကွေ့လိုက်
ပြီး နောက်မှာ ရဲကားနှစ်စီးနဲ့ တခြားကားတွေ ပါလာတယ်။ အတင်းပဲ တာလပတ်တွေ
ချပြီး ကားကို မောင်းသွားတယ်။ နောက်ဆုံးကျတော့ ရောက်သွားတဲ့နေရာက အင်းစိန် ဂျီတီအိုင်လို့သိရတယ်။ အဲဒီလည်းကျရော ရဲတွေကလည်း အများကြီးပဲ။ အဲဒီမှာ နှစ်ယောက်တတွဲဆင်းပြီး အဲဒီကတည်းက စဖမ်းတာပဲ။”

အင်းစိန် စက်မှုလက်မှုသိပ္ပံ GTI ကျောင်းဟာ ကျောင်းသားတွေ ပညာသင်ကြားရာ
နေရာ မဟုတ်တော့ဘဲ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းသူတွေကို စစ်ဆေး
မေးမြန်းတဲ့နေရာ ဖြစ်လာခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်
လှုပ်ရှားမှုမှာ ဖမ်းဆီးခဲ့သူတွေကို ထိန်းသိမ်းခဲ့တဲ့နေရာအဖြစ် အထင်ရှားဆုံးဖြစ်ခဲ့ပါ
တယ်။ အဲဒီအချိန်က ကုလသမဂ္ဂရဲ့ မြန်မာပြည် လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro)
မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာတောင်မှ အဲဒီကျောင်းဝင်းထဲကို အာဏာပိုင်တွေက ခေါ်ပြခဲ့ပါသေးတယ်။

ဦးအောင်ဖေတို့ကို စစ်ဆေးမေးမြန်းတဲ့နေရာဟာ အရင်တုန်းကတော့ စာသင်ခန်း
တွေဖြစ်ပြီး အခုတော့ စစ်ကြောရေးစခန်းတွေအဖြစ် ပြောင်းလဲထားတဲ့နေရာတွေပါ။

“အဲဒီ အင်းစိန်ဂျီတီအိုင်ထဲမှာ အရင်တုန်းက စာသင်ခန်းတွေလို့ ပြောပါတယ်။ အခု အဲဒီစာသင်ခန်းတွေကို ပြုပြင်မွမ်းမံထားတယ်။ ထွက်လို့မရအောင် ပြတင်းပေါက်ကို ပြန်ရိုက်ထားတာတို့ ဘာတို့ လုပ်ထားတယ်။ စာသင်ခန်း သမံတလင်းပေါ်မှာ ငါးထပ်
သားပြားတွေ ခင်းထားပြီး အဲဒီပေါ်မှာပဲ ကျနော်တို့ အိပ်ရပါတယ်။ ရဲတွေက ကျနော်
တို့ရဲ့ ကိုယ်ရေးရာဇဝင်တွေ လာယူတယ်။ စစ်ဆေးမေးမြန်းတာတော့ အက်စ်ဘီတွေ
ပါ။ တယောက်ချင်း ခုံမှာထိုင်ပြီး ခန်းမကြီးတခုထဲမှာ ၁၅ ယောက်လုံးကို တချို့လည်း
အက်စ်ဘီနှစ်ယောက်၊ ကျနော်တို့ဘက်က တယောက်၊ အဲလိုထိုင်ပြီး မေးပါတယ်။”

ဦးအောင်ဖေတို့ အဖမ်းခံရတဲ့နေ့မှာ NLD က ရွေးကောက်ပွဲနှစ်ပတ်လည် အခမ်းအနား
ကို နေ့လယ် ၂ နာရီထိုးမှာကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။ ဦးအောင်ဖေတို့ကို စစ်ဆေး မေးမြန်းသူတွေက အခမ်းအနားကို ဘာဖြစ်လို့ နေ့လယ် ၂ နာရီမှာမှ ကျင်းပရသလဲ
ဆိုတာကို အဓိကထား မေးမြန်းခဲ့တာက ထူးခြားတယ်လို့ ဦးအောင်ဖေက သုံးသပ်ပါ
တယ်။

“ထူးထူးခြားခြား သတိပြုမိတာကတော့ နှစ်နာရီထိုးမှာ ဘာကြောင့်ကျင်းပရတာလဲလို့
မေးတယ်။ ကျနော်က ကျနော့်အမြင်ပြောရမယ်ဆိုရင်တော့ အဖွဲ့ချုပ်က အလုပ်ရှုပ်
တယ်။ ကလေးတွေကိုလည်း အာဟာရတိုက်ကျွေးတာတို့၊ ဆေးတိုက်တာတို့ လုပ်ရ
တယ်။ အင်္ဂါနေ့ဖြစ်နေတော့ သံဃာတွေကိုလည်း ဆွမ်းလောင်းရတယ်။ လေဘေး ကယ်ဆယ်ရေးအတွက်လည်း အလုပ်ရှုပ်နေတဲ့အတွက်ကြောင့် နှစ်ချက်ထိုးကို
နောက်ကျပြီး ကျင်းပရတယ်လို့ ကျနော်ထင်တယ်လို့ ပြောခဲ့ပါတယ်။”

သူတို့ကို ပြန်မလွှတ်ခင်မှာ ဆူပူဆန္ဒပြမှုတွေမှာ နောက်နောင် ပါဝင်ခြင်းမရှိပါဘူးဆိုပြီး
ခံဝန်လက်မှတ်ထိုးခိုင်းပေမယ့် သူတို့က ဆူပူတာမဟုတ်ဘဲ ဆန္ဒပြတာသက်သက်သာ
ဖြစ်တဲ့အတွက် ဆူပူဆိုတဲ့ အသုံးအနှုန်းကို ဖြုတ်ပေးဖို့ ပြန်ပြောခဲ့ကြောင်း၊ နောက်ဆုံး လက်မှတ်ထိုးခဲ့တဲ့အချိန်မှာ ဆူပူဆိုတဲ့ဝေါဟာရ မပါတော့ဘဲ လက်မှတ်ရေးထိုးပေးခဲ့
ကြောင်း ဦးအောင်ဖေက ပြောပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့က ဒေါ်အောင်ဆန်း
စုကြည် လွတ်မြောက်ရေးကို မတောင်းဆိုပါဘူးလို့ လက်မှတ်ရေးထိုးပေးခဲ့တာ မဟုတ်
တဲ့အတွက် ဒါကိုတော့ ဆက်ပြီးလုပ်ဆောင်သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။

“ကျနော်တို့ဟာ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို မတောင်းဆိုပါဘူး
လို့ ကတိခံဝန်ချက် ထိုးခဲ့တာမဟုတ်ပါဘူး။ ဒီလိုမျိုး လူတိုင်းနဲ့ ဆန္ဒပြမှုမျိုး မလုပ်ဘူးလို့
ပဲ ကျနော်တို့က ခံဝန်ထိုးခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ ဒါကိုတော့ ဆက်လုပ်နေဦးမှာပါ။
ဒေါ်စုလည်း လွတ်သင့်ပြီလို့ ကျနော်ထင်ပါတယ်။”

မေလ ၂၇ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မနေ့ညကမှ ပြန်လွတ်မြောက်လာတဲ့
ဦးအောင်ဖေ ပြောသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG