သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICRC ရုံးသွားသည့် လေဘေးဒုက္ခသည် တချို့ အဖမ်းခံရ


ဒီနေ့ ရန်ကုန် ဒဂုံအရှေ့ခြမ်းက လေဘေးဒုက္ခသည် သုံးဆယ်လောက်ဟာ ICRC နိုင်ငံတကာ ကြက်ခြေနီ အသင်းကြီးရဲ့ရုံးနဲ့ UNDP ကုလသမဂ္ဂ ရုံးတွေကို သွားရောက်ပြီးတော့ သူတို့ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေကို တင်ပြခဲ့ကြပါတယ်။ ဒီလို လေဘေး ဒုက္ခသည်တွေ သွားတဲ့လမ်းမှာ အာဏာပိုင်တွေဖက်က လုံခြုံရေးတွေကိုလည်း တင်းတင်း ကြပ်ကြပ် ချထားသလိုပဲ အခုဆိုရင် ဒီ အိုင်စီအာရ်စီနဲ့ ယူအဲန်ဒီပီ ရုံးကို သွားခဲ့တဲ့ သူတွေထဲက တချို့ အဖမ်းခံခဲ့ရပြီလို့ ဆိုပါတယ်။ ဒီအကြောင်း မအေးအေးမာက တင်ပြပေးထားပါတယ်။

မြောက်ဒဂုံက မုန်တိုင်း ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်း လုပ်ထားတဲ့နေရာကနေ အတင်းအကြပ် ရွေ့ပြောင်း ခိုင်းနေတာကြောင့် ရန်ကုန် အိုင်စီအာရ်စီ ရုံးနဲ့ ယူအဲန်ဒီပီ ရုံးကိုသွားပြီး သူတို့ကို အကူအညီပေးဖို့အတွက် ဒုက္ခသည် ၃၀ ကျော်က တောင်းဆိုရာမှာ ဒုက္ခသည် ၆ ဦးထက်မနည်း အဖမ်းခံခဲ့ရပါတယ်။

ဒုက္ခသည်တွေအရေးကို ပြောကြားဖို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက အမျိုးသမီး နှစ်ဦး ဦးဆောင် သွားခဲ့ကြတာလို့ ဆိုပါတယ်။ ယူအဲန်ဒီပီ ရုံးရှေ့ကို ရောက်တဲ့အခါမှာ အဖမ်းခံရတဲ့ မြင်ကွင်းကိုတော့ ဒုက္ခ သည်တွေကို ကူညီဖို့ လိုက်ပါသွားတဲ့ မျက်မြင် တွေ့ရှိသူက အခုလို ပြောပြပါတယ်။

“အဲဒီ ယူအဲန်ဒီပီရုံး ရောက်တော့ ရုံးက တံခါးမဖွင့်ပေးဘူး။ တံခါး မဖွင့်ပေးတော့ အဲဒီ ဒုက္ခသည်တွေနဲ့ ရှေ့က ဦးဆောင်လာတဲ့ ကြက်ခြေနီ နှစ်ယောက်က ဘယ်သွားရမှန်း မသိဘူးပေါ့နော်။ ပထမ အဲဒီနားမှာ ထိုင်ဖို့လုပ်ကြတယ်ဗျာ။ နောက် မထိုင်ဖြစ်ပဲနဲ့ နောက်ဖက်ပေါက်ကနေ ဝင်ဖို့မယ်ဆိုပြီးတော့ လုပ်နေကြတဲ့ အချိန်မှာပဲ စွမ်းအားရှင် တွေနဲ့ အဲဒီနားမျာ စောင့်နေတဲ့သူတွေက ရောက်လာ ကြတယ်ဗျာ။ နောက် ဟိုဖက် ရှေ့ကနေပြီးတော့ ဦးဆောင်တဲ့ ကြက်ခြေနီ ကောင်မလေးကို သူတို့က ခေါ်သွားတာ။ ခေါ်သွားတော့ နောက်က ဒုက္ခသည်တွေ ကလည်း သူ့နောက်ကလိုက်လို့ မှာထားတော့ အဲဒီ နောက်ကိုပဲ လိုက်သွားကြတာ။ လိုက်သွားကြပြီးတော့ ရှေ့ကွေ့ ပန်းခြံထဲမှာက ရဲကား ရှိနေတယ်။ ရဲကားရှိနေတော့ ပါလာတဲ့ဒုက္ခသည်တွေက မလိုက်ဘူးဆိုပြီး အဲဒီနားမှာ ထိုင်ချ လိုက်ကြတယ်။ ရဲကားက ရှိနေတာကို။ ရဲကားရှိနေတော့ ဒုက္ခသည်တွေက သူတို့ကို ဖမ်းမှန်းသိပြီးတော့ ထိုင်ချလိုက်ကြတာ။ ကောင်မလေးကိုတော့ ဆွဲတင်သွားတယ်။ နောက် အဲဒီရှေ့မှာရှိတဲ့ ဦးဆောင်တယ်လို့ ယူဆတဲ့သူတွေကို သူတို့ ဆွဲတင်သွားတာပေါ့။ ကျနော်တို့ တွေ့ခဲ့သလောက် ကတော့ လေး၊ ငါး၊ ခြောက်ယောက်ပဲဗျ။”

ဒုက္ခသည်တွေအနေနဲ့ ဘာကြောင့် အိုင်စီအာရ်စီနဲ့ ယူအဲန်ဒီပီရုံးကို သွားခဲ့ကြပါသလဲလို့ မေးတော့ -

“ဒီဒုက္ခသည်တွေဟာ ဒုက္ခသည် အခွင့်အရေးတွေ မရဘူးပေါ့နော်၊ သူတို့တွေ ရသင့်ရထိုက်တာတွေ မရတဲ့ အတွက် ရအောင်လုပ်ပေးဖို့ တောင်းဆိုကြတာပါ။ နောက်ပြီးတော့ သူတို့ကို မြောက်ဒဂုံ ဒုက္ခသည်စခန်းကနေ ပြောင်းခိုင်းနေပြီ။”

ဒုက္ခသည်တွေအနေနဲ့ ကုလသမဂ္ဂကို သူတို့ရဲ့ ဒုက္ခတွေ ဖြေရှင်းပေးမယ့် အဖွဲ့အစည်းအဖြစ် အားကိုးခဲ့ပုံကိုလည်း အခုလို ပြောပါတယ်။

“သူတို့ကတော့ အားကိုးကြတယ်ဗျာ၊ အဲဒီမှာမှ ဒီ ကုလသမဂ္ဂကို တိုင်တည်ရာ တခုအနေနဲ့ ကြားကနေပြီးတော့ သေသေ ချာချာ မျှမျှတတ ဝင်ရပ်တဲ့ အဖွဲ့အစည်းအနေနဲ့ သူတို့က အားကိုးတာပေါ့ဗျာ။ သူတို့ မတရားလုပ်နေတာတွေကို ကြားကနေ မားမား မတ်မတ်ရပ်ပေးမယ့် အဖွဲ့အစည်းတခုဆိုပြီးတော့ သူတို့က အားကိုးတာပေါ့ဗျာ။ ဒါပေမယ့် သူတို့ ဒီနေ့လုပ်လိုက်တဲ့ ပုံစံအရဆိုရင် တော်တော်ကြီးလည်း စိတ်ပျက်စရာ ကောင်းတယ်၊ ပြီးတော့ ကျနော်တို့ မြင်ထားတဲ့ အားကိုစရာ ရွှေတောင်ကြီး ကလည်း အလကား ခြတောင်ကြီး ဖြစ်နေပြီ။ တကယ်တမ်း ပြောရရင်တော့ ကုလသမဂ္ဂကို အများကြီး မျှော်လင့်ထားတာပေါ့။ အခု ဒီနေ့လို အခြေအနေမျိုး တွေ့ရခြင်းအားဖြင့် ကျနော်တို့ မြန်မာပြည် သားတွေရဲ့ အရေးကို ဘယ်လိုမှ ဆက်ပြီးတော့ ရှေ့မှာ ကာကွယ် ပေးနိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့က အဲဒီလို မြင်တာပေါ့နော်။”

ယူအဲန်ဒီပီရုံးက ပြန်အထွက်မှာ ဒုက္ခသည်တွေ ၆ ဦးထက်မနည်း အဖမ်းခံရပြီးတဲ့နောက် အားလုံး လူစုခွဲခဲ့ရကြောင်း ပြောပြပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ အိုင်စီအာရ်စီ ရုံးကို သွားတဲ့အခါမှလည်း သူတို့ကို အကူအညီ မပေးနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG