သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဒန်ဒီ လွတ်လပ်ရေးဆု ချီးမြှင့်ခံရ


နေအိမ်အကျယ်ချုပ်မှာ စုစုပေါင်း ၁၂ နှစ်နီးပါး ကျခံနေ
ရတဲ့ ၁၉၉၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ဒီမိုကရေစီရရှိ
ရေး မဆုတ်မနစ် ကြိုးပမ်းမှုတွေအတွက် စကော့တလန်
နိုင်ငံ ဒန်ဒီမြို့ကနေ Freedom of the Cities ဆိုတဲ့ မြို့ရဲ့
အမြင့်ဆုံးဆုကို ချီးမြှင့်လိုက်တယ်လို့ မနေ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်း
က တင်ပြပေးထားပါတယ်။

ကမ္ဘာပေါ်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ တဦး
တည်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လို့ဆိုရမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စကော့တလန်နိုင်ငံ ဒန်ဒီ
မြို့ရဲ့ အမြင့်ဆုံးဂုဏ်ပြုမှုတရပ်လို့ဆိုရမယ့် Freedom of the Cities ဆု ချီးမြှင့်ဖို့ အဆို
ပြုချက်ကို တနင်္လာနေ့ညကပဲ မြို့တော်ကောင်စီကနေ ကန့်ကွက်မဲမရှိ ဆုံးဖြတ်ခဲ့ကြ
တယ်လို့ မြို့တော်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၁၉၉၁ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာနိုင်ငံ ဒီမိုကရေစီ ရုန်းကန်မှုကို ဂုဏ်ပြုရာရောက်တဲ့အပြင် သူမကို မြန်မာ
စစ်အစိုးရအနေနဲ့ နေအိမ်အကျယ်ချုပ်ကနေ ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဒန်ဒီမြို့တော်ကောင်စီရဲ့ တောင်းဆိုချက်ကိုလည်း
ပိုပြီး ဒီဆုက ခိုင်မာစေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒန်ဒီမြို့ရဲ့ လွတ်လပ်မှုဆုကို တောင်အာဖရိက အသားအရောင် ခွဲခြားရေးအတွက် နယ်လ်ဆင်မင်ဒဲလားကိုလည်း လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်ရောက် အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာဝင်းနိုင်က
ဒီအချက်ကို ထောက်ပြပြီး မြန်မာ့ဒီမိုကရေစီအရေးကို အမြဲထောက်ခံအားပေးနေတဲ့ စကော့တလန်ကပေးတဲ့ဆုကိုလည်း ကြိုဆိုလိုက်ပါတယ်။

“စကော့တလန်အစိုးရနဲ့ စကော့တလန်လူမျိုးများဟာ ဒေါ်အောင်ဆန်းစုကြည်ကို
အင်မတန် လေးစားယုံကြည်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်
လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ်တာကိုလည်း သူတို့က အများ
ကြီး လေးစားတယ်၊ ရိုသေတယ်၊ ဒီအတွက်လည်း သူတို့ အများကြီး တန်ဖိုးထားပါ
တယ်။ အဲဒီလိုပဲ ကမ္ဘာသူ၊ ကမ္ဘာသား အင်တာနေရှင်နယ် ကွန်မြူနတီက တန်ဖိုးထား
လာအောင် သူတို့က အခုလိုလုပ်တယ်လို့ ကျနော်ထင်ပါတယ်။

“ဘာကြောင့်လဲဆိုတော့ နယ်လ်ဆင်မင်ဒဲလားကို ၁၉၈၅ ခုနှစ်က ဒီဆုကို ချီးမြှင့်လိုက်
တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်သူ ပြည်သားတွေရဲ့
လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် သူ့ရဲ့ မိသားစု၊ သူ့ရဲ့ အချိန်တွေ၊
လုပ်အားတွေ အားလုံးကိုပေးပြီးတော့ ၁၂ နှစ်ကျော်ကျော် နေအိမ်မှာ ထိန်းသိမ်းခံပြီး
ဇွဲရှိရှိနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆပ်နေတာကို ကမ္ဘာသူ၊ ကမ္ဘာသားတွေအားလုံး ပိုပြီးသိသွားအောင်၊ ပိုပြီးလေးစားလာအောင်၊ ကမ္ဘာတ၀န်းမှာရှိတဲ့ အစိုးရတွေအားလုံး
က မြန်မာပြည်သူလူထုတွေ လွတ်မြောက်ရေးအတွက် ပိုပြီးလုပ်လာအောင် သူတို့က လုပ်ပေးတယ်လို့ ထင်ပါတယ်။

“အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလိုစွန့်လွှတ်မှုတွေ၊ အနစ်နာခံမှုတွေ
အတွက် Nelson Mandella of Asia ဆိုပြီးတော့ သူ့ကို အားလုံးက လေးစားထားခဲ့တာ
ကိုလည်း ပိုပြီးတော့ ပီပြင်သွားအောင် လုပ်ပေးလိုက်တယ်လို့ ကျနော်ထင်ပါတယ်။
ဒါ အင်မတန် တန်ဖိုးရှိတဲ့ ဆုတခုပါ။”
ဒေါက်တာဝင်းနိုင် ပြောသွားတာဖြစ်ပါတယ်။

ဒီဆုချီးမြှင့်ကြောင်းကြေညာတဲ့ တနင်္လာနေ့ကပဲ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြေညာချက်တစောင် ထုတ်ပြန်
လိုက်ပါတယ်။ မေလ ၂၇ ရက်နေ့က နေအိမ်အကျယ်ချုပ် ထပ်တိုးခြင်းခံခဲ့ရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ကို ပုဒ်မ ၁၀(ခ)၊ နိုင်ငံတော်ကာကွယ်ရေးဥပဒေအရ မြန်မာ အာဏာပိုင်တွေက အကျယ်ချုပ်ချထားတာဟာ တည်ဆဲဥပဒေအရ မှားယွင်းနေ
ကြောင်း ခိုင်လုံတဲ့ ဥပဒေဆိုင်ရာ ကိုးကားချက်တွေဖော်ပြပြီး အန်န်အယ်လ်ဒီအနေနဲ့
အယူခံဝင်ဖို့ရှိတယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အနေနဲ့ နိုင်ငံတကာကချီးမြှင့်တဲ့ဆုတွေကို နှစ်စဉ်ရရှိခဲ့
ရာမှာ ဒီနှစ်အတွင်း အမေရိကန်လွှတ်တော်ရဲ့ အရပ်သားတွေအတွက် အမြင့်ဆုံးဆု
ဖြစ်တဲ့ လွှတ်တော်ရွှေတံဆိပ် ချီးမြှင့်ခံရဖို့ အဆိုပြုချက်ကို အထက်နဲ့
အောက်လွှတ်တော် နှစ်ရပ်စလုံးက အပြီးသတ် သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒန်ဒီမြို့ရဲ့ လွတ်လပ်ရေးဆုကိုတော့ စက်တင်ဘာလမှာ ချီးမြှင့်မှာဖြစ်ပြီး Burma
Campaign (UK) မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က ညွှန်ကြားရေးမှူး အန်နာရောဘတ်စ်
က နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်စား ဆုတက်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG