သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒုက္ခသည်တွေအတွက် အထောက်အကူပစ္စည်းတွေ ပြတ်လပ်နိုင်ဖွယ်ရှိ


မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဒဏ်သင့်ခံရသူတွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေပေးပို့ဖို့ ယာဉ်တွေရပြီး ပစ္စည်း တွေပေးပို့နိုင်တော့မှာ ဖြစ်ပေမယ့်လည်း လာမယ့်သီတင်းပတ်တွေအတွင်းမှာပဲ ပေးပို့စရာပစ္စည်းတွေ ထပ်ပြီးလိုလာတော့
မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး
က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

လေဘေးဒဏ်ခံရသူတွေ တကယ်တမ်းလိုအပ်နေတဲ့ အမိုးအကာတွေ၊ စားနပ်ရိက္ခာ
တွေနဲ့ တခြားကယ်ဆယ်ရေးပစ္စည်းတွေဟာ လာမယ့်သီတင်းပတ်တွေအတွင်းမှာပဲ
ထပ်ပြီး ဒီ့ထက်ပိုလိုလာတော့မယ်လို့ အိုချာလို့ခေါ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု
ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ ပြောကြားချက်တွေကို အင်္ဂါနေ့မှာ ကုလသမဂ္ဂ
ရုံးချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ မစ္စ မာရီ အိုကာဘဲ
(Marie Okabe) က …

“ကူညီထောက်ပံ့မှုတွေ အဆက်မပြတ် လုပ်လာနိုင်ပေမယ့် ကုလသမဂ္ဂက ပေးအပ်တဲ့ စားနပ်ရိက္ခာအတွက် ရန်ပုံငွေဟာ ၂၁% သာရှိတာမို့ တကယ်လို့ ဇူလိုင်လလယ်
လောက်မှ နောက်ထပ်ရန်ပုံငွေ ထပ်မရရင် စားနပ်ရိက္ခာ အလျင်မပြတ် ဆက်ပြီး
ပေးနိုင်ဖို့ အခက်အခဲတွေ ဖြစ်လာတော့မယ်” လို့ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံး
(UNOCHA) ရဲ့ပြောဆိုချက်တွေကို မစ္စ အိုကာဘဲက တင်ပြခဲ့ပါတယ်။

နိုင်ငံတကာက အလှူရှင်တွေအနေနဲ့ အရေးပေါ်အကူအညီ တောင်းခံဖို့အတွက် တိုးပြီး
လှူကြဖို့လည်း မစ္စ အိုကာဘဲက တိုက်တွန်းလိုက်ပါတယ်။ အကူအညီတွေ အလျင်မပြတ်
ပေးဝေနိုင်ဖို့အတွက် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ မပြတ်လပ်ဖို့အတွက် ငွေကြေးတွေ လိုအပ်နေသလိုပဲ ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့
ဇလဘူမိဗေဒ ပညာရှင်တွေ၊ ရေဆိုးနုတ်ပယ်ရေးဆိုင်ရာ အင်ဂျင်နီယာတွေ အမြောက်
အမြားလည်း ဒီဒေသအတွက် ရေရှည်မှာ စနစ်တကျနဲ့ အကောင်အထည်ဖော်ရေး
အတွက် အရေးတကြီး လိုအပ်နေပါတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

မုန်တိုင်းဒဏ် အပြင်းအထန်ခံရတဲ့ ဒေသတွေအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့
(WFP) က လေယာဉ်တွေ အကူအညီပေးနိုင်တဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး
တော့လည်း …

“မုန်တိုင်းဒဏ် အပြင်းအထန်ခံရတဲ့နေရာတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ပေးနိုင်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှာ အခု ရဟတ်ယာဉ် ၆ စီး ရထားပါပြီ။ နောက်ထပ်
ရဟတ်ယာဉ် ၄ စီးဟာလည်း အခု မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံထဲမှာ ရှိနေပါပြီ။ ဒီသီတင်းပတ်အကုန်လောက်မှာ မြန်မာနိုင်ငံကို သွားနိုင်မယ်လို့ မျှော်လင့်ထားတာမို့
အခုဆိုရင် WFP က ရဟတ်ယာဉ် ၁၀ စီးနဲ့ အကူအညီတွေ ပေးနိုင်တော့မှာပါ” လို့
မစ္စ အိုကာဘဲက ပြောကြားပါတယ်။

အင်္ဂါနေ့အထိ WFP အဖွဲ့ကနေ စားနပ်ရိက္ခာတန်ချိန် ၁၀,၀၀၀ ကျော် ပေးပို့နိုင်ခဲ့တဲ့
အပြင် အစားအသောက်နဲ့ ကူညီရေးပစ္စည်းတွေဟာ ဒုက္ခသည် ၅၀၀,၀၀၀ လောက်
အတွက် ပေးပို့နိုင်ခဲ့တာပါလို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းသင့် မြစ်ဝကျွန်းပေါ်ဒေသကို ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ ဒေသခံ ကူညီရေးအဖွဲ့ ၈၆ ဖွဲ့က ကူညီသူ
တွေ သွားရောက်နိုင်ပြီဖြစ်တဲ့အပြင် ကုလသမဂ္ဂ နိုင်ငံတကာ ကူညီရေးဝန်ထမ်းပေါင်း
၁၈၀ အတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ပါတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်
ဒီကူညီသူတွေကို မြန်မာနိုင်ငံထဲမှာ နေထိုင်ခွင့် ၂ ရက်နေ ၃ ရက်အထိသာ ပေးခဲ့
တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲမှာ အခု တလကျော်ကြာလာတဲ့အထိ
အကူအညီတွေ မရသေးတဲ့သူ ဒုနဲ့ဒေးရှိနေပြီး သွားရောက်ကူညီတဲ့ ပြည်ပကလူတွေ လက်လှမ်းမမီကြတဲ့အပြင် ပြည်တွင်းကလူတွေလည်း အဖမ်းခံရတဲ့လူတွေ၊ အတား
အဆီး အနှောင့်အယှက်မျိုးစုံ ကြုံတွေ့နေရတဲ့အဖြစ်ကို ကုလသမဂ္ဂက ဘယ်အတိုင်း
အတာအထိ သိပါသလဲလို့ မေးခွန်းမေးတဲ့အခါမှာတော့ …

“မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းက လူတွေအနေနဲ့ အချိန်နဲ့အမျှ ဒုက္ခ
သည်တွေကို ကူညီနိုင်ဖို့ပဲ ကြိုးစားနေရတာမို့ ဒုက္ခသည် ဘယ်အတိုင်းအတာကရပြီး
ဘယ်လိုပုံ အဆင်ပြေမှုတွေရှိလာပြီဆိုတဲ့ပုံတော့ မပေါ်သေးပါဘူး။ အခုအထိ အကူ
အညီတွေ ပေးနေရဆဲ ရှုပ်ရှုပ်ထွေးထွေး အခြေအနေမှာပဲ ရှိသေးတယ်” လို့ မစ္စ
အိုကာဘဲက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သေခြာတာတခုကတော့ ကယ်ဆယ်ကူညီရေးတွေ အခုထက်ထိ လုံလုံ
လောက်လောက် မပေးနိုင်သေးပါဘူးလို့ ဆိုပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ
ဘက်ကတော့ ကယ်ဆယ်ကူညီရေးအတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ လိုအပ်
မယ်လို့ တွက်ချက်ခဲ့ပါတယ်။ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံး အကြီးအကဲ
ဂျွန်ဟုမ်းစ် (John Holmes) ကတော့ မေလကုန် သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ မုန်တိုင်းဒုက္ခသည်တွေအတွက် အကူအညီအလှူငွေ ဒေါ်လာ ၁၃၃ သန်းနဲ့ နောက်ထပ်
လှူမယ့်ငွေ သန်း ၁၀၀ ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်း
က မုန်တိုင်းဒုက္ခသည်တွေအတွက် တကယ်တမ်းရရှိတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး
မစ္စတာဟုမ်းစ် နောက်တခါ သတင်းစာရှင်းလင်းပွဲလုပ်မှပဲ သိရမှာပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG