သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးသင့်ဒေသ ကိုယ်ဝန် ဆောင်များ အခက်ကြုံ


မုန်တိုင်းဒဏ်ကလွတ်မြောက်လာတဲ့ သောင်းနဲ့ချီ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မွေးဖွားနိုင်ရေးမှာ အခက်အခဲ တွေ ရှိနေတဲ့အကြောင်း UNFPA ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က ပြောလိုက် ပါတယ်။ ဒါ့အပြင် မုန်တိုင်းတိုက်ခတ်ခဲ့တာ သီတင်းငါးပတ်ရှိခဲ့ပြီးဖြစ်ပေမယ့် မြစ်ဝကျွန်းပေါ်ဒေသကို အကူအညီတွေ ပေးပို့ဖို့ရာ အခက်အခဲတွေတွေ့နေရဆဲဖြစ်ပြီး အကူ အညီရပြီးသား ဒုက္ခသည်ဦးရေ ၁ ဒဿမ ၃ သန်းလောက်တို့ ရထားပြီးသားအကူအညီတွေဟာလည်း လုံလောက်မှုမရှိဘူးလို့ ကုလသမဂ္ဂကပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ဦးကျော်ကျော်သိန်းက တင်ပြပါတယ်။

မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် တခြား လိုအပ်ချက်တွေ အများအပြား ရှိနေသေးတဲ့ထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အတွက် လိုအပ်ချက်တွေလည်း ပါဝင်နေတဲ့ အကြောင်း ဒီကနေ့ UNFPA ရဲ့ထုတ်ပြန် ချက်ထဲမှာ ဖော်ပြ ထားတာပါ။ ကျန်းမာရေး ဌာနတွေ၊ ဆေးရုံတွေနဲ့ ဆေးဘက်ဝန်ထမ်း မလုံမလောက် ဖြစ်နေတာတွေကြောင့် သန့်သန့်ရှင်းရှင်း ဘေးကင်းရန်ကင်း မွေးဖွား နိုင်ရေးနဲ့ မမွေးဖွားခင် ပြုစု စောင့်ရှောက်မှုတွေအတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ UNFPA တာဝန်ရှိသူ တဦးဖြစ်တဲ့ မစ္စတာ ဝီလီယမ်မ် ရိုင်ယန် (William Ryan) ကပြောပါတယ်။

“မုန်တိုင်းဒုက္ခသည် ၂ ဒဿမ ၄ သန်းနဲ့ အကူအညီတွေမရသေးတဲ့ သန်းနဲ့ချီဒုက္ခသည်တွေထဲမှာ သောင်းနဲ့ချီတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပါဝင်ပြီး အဲဒီထဲက ၁၀၀ ကျော်ဟာ နေ့စဉ်လို မီးဖွားနေကြပါတယ်။ ဒီအမျိုးသမီးတွေအတွက် မီးမဖွားခင် ပြုစု စောင့်ရှောက်မှုတွေ၊ သန့်ရှင်းပြီး ဘေးကင်းစွာ မွေးဖွားနိုင်ရေးတွေမှာ အရေးတကြီးလိုအပ်မှုတွေရှိနေပါတယ်။” လို့ ဝီလီယမ် ရိုင်ယန်ကပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဟာ မုန်တိုင်း မတိုက်ခတ်ခင်ကတည်းက အတော်လေး နိမ့်ကျနေခဲ့တာပါ။ ကိုယ်ဝန် ဆောင်မှုနဲ့ ကလေးသူငယ်မွေးဖွားမှုတို့ဟာလည်း အရင်ကတည်းကကို အန္တရာယ်ကြီးမားနေခဲ့တဲ့ ကိစ္စတွေပါ။ မုန်တိုင်းကြောင့် ကျန်းမာရေးဌာနတွေ၊ ဆေးရုံဆေးခန်းတွေ ပျက်စီး၊ မီးဖွားပေးတဲ့ သူနာပြုလက်သည်တွေ ဆုံးရှုံးခဲ့ရတာတွေကြောင့် အဲဒီ အန္တရာယ်က ပိုပြီး ကြီးမား လာခဲ့ရပါတယ်။

အမျိုးသမီးတွေ ဘေးကင်းရန်ကင်း မီးဖွားနိုင်ရေးအတွက် UNFPA က ကူညီထောက်ပံ့နေပါတယ်လို့ ဝီလီယမ်မ်က ပြောပါတယ်။ အဲဒီထဲမှာ လက်သည်တွေအတွက် ရာဘာ လက်အိတ်တွေကနေ ဆေးရုံသုံး ပစ္စည်းတွေအထိ ပါဝင်ပါတယ်တဲ့။ မုန်တိုင်းသင့်မြို့ နယ် ဆယ်မြို့နယ်က လူ ၄၅၀,၀၀၀ စာကို ကူညီဖို့ လုံလောက်တဲ့ပစ္စည်းတွေကို မြန်မာ ကျန်းမာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေး ခဲ့ပြီးဖြစ်ပြီး နောက်ထပ် လူ ၅၀၀,၀၀၀ စာအတွက် ပစ္စည်းတွေဟာလည်း ဒီသီတင်းပတ်အတွင်းမှာ ရောက်ပါလိမ့်မယ်လို့ ပြောပါ တယ်။

လက်ရှိမှာ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့နဲ့ မြန်မာ အစိုးရဘက်က တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးတွဲအဖွဲ့တဖွဲ့ဟာ ဧရာဝတီတိုင်းမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မုန်တိုင်းကြောင့် အပျက်အစီး အခြေအနေနဲ့ လိုအပ်ချက်တွေကို တိုင်းတာ စစ်ဆေးကြမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ UNFPA လို ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ ဒီပူးတွဲအဖွဲ့ကနေ စစ်ဆေး တွေ့ရှိမယ့် အပျက်အစီးအခြေအနေနဲ့ လိုအပ်ချက်တွေကို စောင့်ဆိုင်းနေကြပါတယ်။

ဒါပေမယ့်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် လိုအပ်ချက်တွေက အရေးတကြီးကို ဖြစ်နေတာပါ။ မြန်မာနိုင်ငံဆရာဝန်များ အသင်းက ဆရာဝန်တွေကို မုန်တိုင်းသင့်မြို့နယ် နှစ်ခုစီ UNFPA က ပြီးခဲ့တဲ့သီတင်းပတ်မှာ စေလွှတ်ခဲ့ပါတယ်။ ဒီဆရာဝန်တွေ ဟာ ရာနဲ့ချီတဲ့ အမျိုးသမီးတွေ ကို မီးမဖွားခင် စစ်ဆေးမှုတွေနဲ့ တခြားဝန်ဆောင်မှုတွေပေးခဲ့ကြရာမှာ သူတို့ တွေ့ခဲ့တဲ့ အခြေအနေ တခုကို ဝီလီယမ်မ်က ပြောပြခဲ့ပါတယ်။

“ကိုယ်ဝန်ဆောင် အမျိုးသမီး အများအပြားဟာ သူတို့ရဲ့ ခင်ပွန်းသည်တွေနဲ့ သားသမီးတွေကို ဆုံးရှုံးလိုက်ကြရလို့ ကြေကွဲဝမ်း နည်းနေမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အထိတ်တလန့် ဖြစ်နေရမှုတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေး ကုသမှုတွေကိုလည်း လိုအပ်နေပါတယ်။ အမျိုးသမီး အများစုဟာ ဘယ်မှာ မီးဖွားရမယ် ဆိုတာတောင်မှ မသိကြပါဘူး။” လို့ UNFPAရဲ့ တာဝန်ရှိသူ တဦးဖြစ်သူ ဝီလီယမ်မ် ရိုင်ယန်က ဒီကနေ့ ဘန်ကောက်မြို့၊ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

မုန်တိုင်းဒဏ် သင့်ခဲ့ရလို့ ဘေးဒုက္ခရောက်နေသူပေါင်းဟာ ၂ ဒဿမ ၄ သန်းကျော်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး လက်ရှိမှာ အကူအညီတွေ ပေးလိုက်နိုင်ပြီးသား ဒုက္ခသည် အရေအတွက်ဟာ ခန့်မှန်းခြေ ၁ ဒဿမ ၃ သန်းပဲရှိပါသေးတယ်။ ဒါ့အပြင် ဘယ်နေရာက ဒုက္ခသည် တွေကို ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုအကူအညီမျိုးတွေ ပေးခဲ့ပြီးပြီဆိုတဲ့ စာရင်းဇယား အချက်အလက် တိတိကျကျ ခုချိန်ထိ မကောက်ယူနိုင်သေးပါဘူး။ ဒီကြားထဲမှာမှ အကူအညီတွေ ပြတ်လပ်သွားမယ့်အရေးကို လည်း စိုးရိမ်နေကြရပါတယ်။ ကုလသမဂ္ဂ လူသားဘေးဒုက္ခ ကူညီ ကယ်ဆယ်ရေးရုံး OCHA ရဲ့ ဘန်ကောက်ရုံးခွဲက ပြောရေးဆို ခွင့်ရှိသူ မစ္စ အမန်ဒါ ပစ်တ်က -

“အလိုအပ်ဆုံးဖြစ်တဲ့ အမိုးအကာတွေ၊ စားနပ်ရိက္ခာတွေနဲ့ တခြားပစ္စည်းတွေ လာမယ့်သီတင်းပတ်တွေအတွင်း ပြတ်လပ်သွား မယ့်အရေးကို ကုလသမဂ္ဂအဖွဲ့အစည်းတွေကစိုးရိမ်နေတဲ့အကြောင်း ပြောကြပါတယ်။ ဥပမာအားဖြင့် တာပေါ်လင်အမိုးအကာ တွေ သန်းဝက်လောက်ကို လိုအပ်နေပါတယ်။ ဒါ့အပြင် စားနပ်ရိက္ခာတွေ အဆက်မပြတ် ထောက်ပံ့နိုင်ဖို့အတွက်လည်း ရန်ပုံငွေ အရေးတကြီးလိုအပ်နေပါတယ်။” လို့ပြောပါတယ်။

နိုင်ငံတကာက အကူအညီပေးလုပ်သား ၉၀၀ ကျော်ကို နိုင်ငံထဲ ဝင်ခွင့်ပြုပြီးပြီလို့ မြန်မာ အစိုးရ ကဆိုပေမယ့် ကုလသမဂ္ဂကတော့ ဒီအရေအတွက်ကို သီးခြားအတည်ပြုချက် မပေးနိုင်ပါဘူး။ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးက ကျွမ်းကျင်ဝန်ထမ်း ၁၈၀ ကို ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်လို့ပဲ အမန်ဒါ ပစ်တ်က ပြောပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP ကို မြန်မာအာဏာပိုင်တွေက အသုံးပြုခွင့်ပေးထားတဲ့ ရဟတ်ယာဉ် ဆယ်စင်းလုံး မြန်မာနိုင်ငံ ကိုရောက်နေပြီဖြစ်ပြီး အဲဒီထဲကခြောက်စင်းကို အကူအညီတွေပေးပို့ရာမှာ အသုံးပြုနေပြီလို့ WFP ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ္စလေ (Paul Risley) က ပြောပါတယ်။

မုန်တိုင်း ဒုက္ခသည်တွေကို ကူညီရေး လုပ်ငန်းတွေမှာ တိုးတက်မှုတွေ ရှိလာတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးရဲ့ တာဝန်ရှိ သူတွေက ပြောဆိုကြပေမယ့် တဘက်မှာတော့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ် ဝေဖန်တာ တွေကလည်း ထွက်ပေါ်နေ ကြောင်းပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG