သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်လို မြန်မာ ဘာကြောင့် မတိုးတက်သလဲ


ကွယ်လွန်သွားခဲ့တဲ့ ဗီယက်နမ် ဝန်ကြီးချုပ်ဟောင်း ဘိုဗန်ကီယက်က ဗီယက်နမ်ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်နေချိန် မြန်မာနိုင်ငံမှာလည်း လွတ်လပ်တဲ့ စီးပွားရေး ဈေးကွက်စနစ်ကို စတင်ခဲ့တာပါ။ ဗီယက်နမ်မှာကျတော့ မြန်မြန်ဆန်ဆန် တိုးတက်လာပေမယ့် မြန်မာနိုင်ငံမှာတော့ ဘာကြောင့် မတိုးတက်သလဲနဲ့ ပတ်သက်ပြီး ဦးကျော်ဇံသာက သုံးသပ်ပြထားပါတယ်။

ပထမဦးဆုံးကတော့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဗီယက်နမ် လူမျိုးတွေဟာ သိပ်ကို ရန်ညိုးဖွဲ့ပြီးတော့ စွဲမြဲထားတတ်တဲ့ သူတွေ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် နယ်ချဲ့ ဗြိတိသျှအုပ်စိုးခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်လောက်ကတည်းက ကုန်ဆုံးသွားခဲ့ပါပြီ။ အခုထိ နယ်ချဲ့ ဗြိတိသျှကို ဗမာ အာဏာပိုင်တွေ အထူးသဖြင့် ရန်ညိုးဖွဲ့ပြီး တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဗီယက်နမ်မှာ နှစ်ပေါင်းလေးဆယ်လောက်တွင်းက သူတို့ကို ဗုံးကြဲပြီးတော့ တတိုင်းပြည်လုံး ဖွတ်ဖွတ်ညက်ညက် ကြေစေခဲ့တဲ့ အမေရိကန်ကို သူတို့ ရန်သူလို သဘောမထားပါဘူး။ အခု အမေရိကန်နဲ့ပဲ ပြန်လက်တွဲပြီးတော့ စီးပွားရေး လုပ်နေပါတယ်။ အလားတူစွာပဲ တရုတ်နိုင်ငံဆိုရင် ဗီယက်နမ်ကို နှစ်ပေါင်းတထောင်နီးပါး လွှမ်းမိုးဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၀ကျော်ကျော် လောက်မှာလည်း ကျူးကျော်ပြီးတော့ စစ်တိုက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဗီယက်နမ်တွေဟာ တရုတ်ကို ရန်သူလို သဘောမထားဘူး။ စီးပွားရေး လုပ်ဖော်ကိုင်ဘက် အဖြစ် ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။ ဥပမာ ဗမာဆိုရင် ထိုင်းနိုင်ငံကို တကယ်တော့ သူတို့ကပဲ နိုင်နေ ခဲ့တာ။ ဒါပေမဲ့ ထိုင်းကို အခုထိရန်သူလို သဘောထားတယ်။ ထိုင်း ယဉ်ကျေးမှုအရ လက်အုပ်ချီ ပြီးတော့ အပြန်အလှန် ရှိခိုးတာတောင် ထိုင်းဘက်ကသာ ရှိခိုးတယ် ဗမာဘက်က အာဏာပိုင် အသိုင်းအဝိုင်းတွေမှာ တခါမှ ပြန်ရှိခိုးတာ မတွေ့ရပါဘူး။ ဒီလို စိတ်ဓာတ်မျိုး ဗီယက်နမ်မှာ မရှိပါဘူး။

ဒုတိယ အရေးကြီးတဲ့ အချက်တခုကတော့ ဗီယက်နမ် ခေါင်းဆောင်တွေဟာ အရပ်သားတွေ ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီဝင်တွေဟာ စစ်သားတွေ မဟုတ်ပါဘူး။ ဒါကြောင့် ဗမာ စစ်ဗိုလ်တွေ ကြည့်သလို အရာရာကို စစ်ရေး ရှုထောင့်က မကြည့်ပါဘူး။ စစ်ရဟတ်ယာဉ်ပဲလာလာ၊ ဘယ် လေယာဉ်လာလာ၊ စစ်သင်္ဘောလာလာ သူတို့မှာ ကူညီမယ် ဆက်ဆံရေး လုပ်မယ်ဆိုရင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း လက်ခံပါတယ်။

နောက်တခုကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဗီယက်နမ် အကောင်အထည်ဖော်တာ သိပ်အံ့သြဖို့ကောင်းပါတယ်။ အတိုက်အခံ ပါတီမရှိပေမယ့် တောင်ပိုင်းနဲ့ မြောက်ပိုင်းအကြား လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိခဲ့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ တောင်ပိုင်းဟာ အမေရိကန်နဲ့ နီးစပ်တယ်။ မြောက်ပိုင်းက ကွန်မြူနစ်တွေ ဖြစ်တယ်။ နှစ်တော်တော်များများ တောင်ပိုင်းသားတွေကို နေရာမပေးဘူး။ အခုအခါမှာ ပေါ်လစ်ဗျူရို နေရာမျိုးမှာ တောင်ပိုင်းသားတွေကို နေရာပေးတဲ့အတွက် တောင်ပိုင်း၊ မြောက်ပိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြဿနာဟာ ပြေလည်သွားပြီ ဖြစ်ပါတယ်။

နောက်ဆုံးတခုကတော့ လူဦးရေနဲ့ ပတ်သက်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လူဦးရေရဲ့ ၇၀ရာခိုင်နှုန်း ကျော်ကျော်ဟာ အသက်သုံးဆယ်အောက် လူငယ်တွေချည်းပဲ ဖြစ်ပါတယ်။ ဆိုတော့ အစိုးရက စစ်မှန်တဲ့ မူဝါဒလမ်းစဉ်တွေနဲ့ လမ်းဖွင့်ပေးတော့ လူငယ်တွေဟာ အားသစ် မာန်သစ်နဲ့ တက်တက်ကြွကြွ ကြိုးစားတာကို ကြည့်ရပါတယ်။

ဒါတွေဟာ အဓိကအားဖြင့် မြန်မာနိုင်ငံ မဖွံ့ဖြိုး၊ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးတယ် ဆိုပေမယ့် တကယ်ဖွံ့ဖြိုးခြင်း၊ ပြုပြင် ပြောင်းလဲခြင်းမရှိဘဲနဲ့ ဗီယက်နမ်ကျတော့ တကယ် ပြုပြင်ပြောင်းလဲတဲ့အတွက် တိုးတက်သွားတယ်လို့ ဆိုရပါမယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG