ဆိုင်ကလုန်းဒဏ်သင့် မြန်မာနိုင်ငံကို ကူညီဖို့ဆိုပြီး ကုလသမဂ္ဂက မေတ္တာရပ် တောင်းခံထားတဲ့ ရန်ပုံငွေဟာ အပြည့် အဝမရ နိုင်သေးပဲ ရှိနေပါတယ်။ မုန်တိုင်း ဒုက္ခသည်တွေအတွက် အမိုးအကာတွေ၊ စားနပ်ရိက္ခာတွေနဲ့ တခြား ပစ္စည်းတွေ ပြတ်လပ်သွားမယ့် အရေးကိုလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို ကူညီဖို့ အမေရိကန် ဒေါ်လာ ၂၀၂ သန်း အကူအညီ ပေးကြဖို့ ကုလသမဂ္ဂကနေ ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးကို မေတ္တာ ရပ်ခံထားခဲ့တာပါ။ ဒါပေမယ့် ခုချိန်ထိ ရရှိပြီးတဲ့ ရံပုံငွေ ပမာဏဟာ အမေရိကန်ဒေါ်လာ ၈၈ ဒဿမ ၅ သန်းပဲ ရှိသေးပြီး ပေးမယ်လို့ ကတိပေးထားတဲ့ ဒေါ်လာ ၅၁ သန်းကိုလည်း ခုထိ လက်ခံမရရှိ သေးပါဘူး။
ဘန်ကောက်အခြေစိုက် လူသားဘေးဒုက္ခ ကူညီကယ်ဆယ်ရေး ဆိုင်ရာ ကုလသမဂ္ဂရုံး OCHA ရဲ့ ပြောရေးဆိုခွင့် ရှိသူအမျိုးသမီး မစ္စ အမန်ဒါ ပစ်တ် (Amanda Pitt) က -
“ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ လူသားဘေးဒုက္ခ ကူညီကယ်ဆယ်ရေး ပူးတွဲ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စီစဉ် ရည်မှန်းထားတဲ့ လုပ်ငန်းတွေအရ အရေးတကြီး မေတ္တာရပ်ခံချက် ကနေတဆင့် တောင်းခံထားတဲ့ ရံပုံငွေဟာ လက်ရှိမှာ ၄၀ % ကျော်ပဲ ရပါသေးတယ်။ ပေးပါမယ်လို့ ကတိပေးထားကြတဲ့ ရန်ပုံငွေ နောက်ထပ် ဒေါ်လာ သန်း ၅၀ လောက်ဟာလည်း ခုချိန်ထိ မရသေးပါဘူး။” - လို့ အမန်ဒါ ပစ်တ်က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မေလ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံကို ကူညီရေး နိုင်ငံတကာ ညီလာခံမှာ တက်ရောက်ခဲ့ကြတဲ့ နိုင်ငံ အသီးသီးက တာဝန်ရှိသူတွေ၊ နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေဟာ ကုလသမဂ္ဂက မေတ္တာ ရပ်ခံထားတဲ့ ရန်ပုံငွေကို ပေးပါမယ်လို့ ကတိမပြုခင်၊ ကတိပြုပြီးတဲ့ နောက်မှာတောင်မှ တကယ် မပေးအပ်ခင် ဒီရန်ပုံငွေတွေကို ဘယ်လို အသုံးပြုမယ်၊ ဘယ်သူက တာဝန်ယူမယ်၊ ဘယ်နေရာတွေမှာ အသုံးပြုမယ် စသည်ဖြင့် ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ယူမှုတွေ ရှင်းရှင်းလင်းလင်း သိချင်ကြပါတယ်။ ဒီအချက်တွေဟာ မြန်မာအစိုးရ အစဉ်အဆက် တောက်လျှောက် အားနည်းခဲ့တဲ့ အချက်တွေ ဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
ဒါ့အပြင် မုန်တိုင်းဒဏ် အပြင်းအထန် သင့်ခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေဆီကို နိုင်ငံတကာက အကူအညီပေး လုပ်သားတွေ သွားခွင့်ပြုမှ အကူအညီတွေ ပေးမယ်ဆိုတဲ့ သဘောမျိုး ပြောကြတဲ့ နိုင်ငံတွေလည်း ရှိခဲ့ပါတယ်။
အမန်ဒါ ပစ်တ်ကတော့ ရန်ပုံငွေ အချိန်မီမရရင် အကူအညီတွေ ပြတ်တောက်သွားမှာကို စိုးရိမ်နေ ကြရပါတယ်တဲ့။
“စားနပ်ရိက္ခာ အထောက်အပံ့တွေ ဆက်ပေးသွားနိုင်ဖို့အတွက် ရံပုံငွေတွေ အရေးတကြီးကို လိုအပ်နေပါတယ်။” - လို့ ပြောပါ တယ်။
အခုလို ကုလသမဂ္ဂက တောင်းခံထားတဲ့ ရံပုံငွေတွေကလည်း အပြည့်အ၀ မရသေးသလို အကူအညီတွေ ပေးချင်တဲ့ နိုင်ငံတွေကိုလည်း မြန်မာဘက်က ဝေဖန်တာတွေ လုပ်နေချိန်မှာပဲ မြန်မာနိုင်ငံမှာ ဒီဇယ်ဆီ ဂါလံ တသန်း အရေးပေါ် လိုအပ်နေတဲ့အတွက် အကူအညီ ပေးကြဖို့ မေတ္တာရပ်ခံချက်တခု ထွက်ပေါ်လာပြန်ပါတယ်။ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် လည်းဖြစ်၊ UNESCAP လို့ခေါ်တဲ့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကော်မရှင်၊ အာရှ-ပစိတ်ဖိတ် ဒေသ အမှုဆောင် အတွင်းရေးမှူး ဒေါက်တာ နိုးလင်းန်း ဟေးဇာ (Dr. Noeleen Heyzer) က အဲဒီလို မေတ္တာရပ်ခံခဲ့တာပါ။
သူဟာ မြန်မာ စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦးနဲ့ ဒီသီတင်းပတ် အစောပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ချိန် ဒီလိုအပ် ချက်ကို သိခဲ့ရတာလို့ ဒီကနေ့ UNESCAP အာရှ-ပစိဖိတ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇွန်၊ ဇူလိုင် စပါးစိုက်ရာသီမှာ အသုံးပြုဖို့ ထိုင်း၊ တရုတ်နဲ့ တခြားနိုင်ငံတွေက လှူဒါန်းထားတဲ့ လယ်ထွန်စက် အစီး ၅,၀၀၀ လောက် လည်ပတ်ဖို့အတွက် ဒီဇယ် ဆီတွေကို လိုအပ်နေတာပါလို့ ဆိုပါတယ်။
မြင်းကောင်ရေ ၁၆ ကောင်၊ ဒါမှမဟုတ် ၂၂ ကောင်အား လယ်ထွန်စက်တစီးဟာ ဧက ၁၀၀ ကို ရက် ၅၀ နဲ့အပြီးထွန်နိုင်ပြီး တဧက အတွက် ဒီဇယ်ဆီ ၂ ဂါလံ လိုအပ်မယ်လို့လည်း UNESCAP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခွင့်အလမ်း ပြတင်းပေါက် ပွင့်တဲ့အချိန်ဟာ အရမ်းကို တိုတောင်းပါတယ်၊ လိုအပ်ချက်က အရမ်းကို အရေးတကြီး အလျင်စလို ဖြစ်နေပါတယ်၊ မြစ်ဝကျွန်းပေါ်ဒေသ စိုက်ပျိုးရေး ရာသီဟာ ဇွန်၊ ဇူလိုင်လတွေ ဖြစ်ပြီး အဲဒီနောက်မှဆိုရင် သိပ်နောက်ကျ သွားမှာပါ၊ မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ စားနပ်ရိက္ခာ မလုံလောက်မှု နောက်ဆက်တွဲ အကျိုးဆက် ဘေးဒုက္ခတွေ ဖြစ်လာပါလိမ့်မယ်လို့ ဒေါက်တာ နိုးလင်းန်း ဟေးဇာက ပြောထားပါတယ်။
သူဟာ မုန်တိုင်းလွန်ကာလ ပြန်လည် နာလံထူရေးနဲ့ ပြန်လည် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံရဲ့ ရေရှည် စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာတွေမှာ ESCAP ရဲ့ အခန်းကဏ္ဍ တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးဖို့ ဇွန်လ ၉ ရက်ကနေ ၁၁ ရက်အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့သူ ဖြစ်ပါတယ်။