သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကုတ်မြို့ မြေပြို၍ လူဆယ်ယောက်ကျော် သေဆုံး


မိုးကုတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ချောင်းရေလျံ မြေပြိုတဲ့အတွက် လူ ၁၀ ဦးကျော် သေဆုံးသွားခဲ့ပါတယ်။ ဒီသေဆုံးသူတွေဟာ အချို့က ချောင်းရေနဲ့ မျောပါခဲ့တာဖြစ်ပြီး တချို့ကတော့ မြေပြိုတာ ပိလို့သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မိုးကုတ်မြို့မှာ အခုလို လူ၁၀ယောက်ကျော်လောက် သေဆုံးခဲ့ရတဲ့အဖြစ်ဟာ မေလ ၂ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီး လူအသေအပျောက်အများဆုံး ဖြစ်ရတဲ့ သဘာဝဘေးဒဏ်ခံရမှု တခုဖြစ်ပါတယ်။

မိုးကုတ်မြို့မှာ မိုးသည်း ရေလျံပြီး မြေပြိုလို့ လူတွေ သေဆုံးခဲ့ရတဲ့ အခြေအနေတွေကိုတော့ ဒေသခံတယောက်က အခုလို ပြောပြပါတယ်။

“၁ ရက်နေ့ညကလေ ၁၀နာရီလောက်ကစပြီး မိုးသည်သည်းမဲမဲရွာလိုက်တာ မနက်လင်းမှပဲ မိုးကနည်းနည်းပါးသွားတယ်။ ညတောင်ကျရေတွေကြီးပြီး မြို့ဖြတ်စီးတဲ့ ချောင်းတွေ လျံကုန်တာပေ့ါ။ ကမားရံတွေဘာတွေမှာ ကပ်ဆောက်ထားတဲ့အိမ်တွေဘာတွေ မြေပြိုပြီး တော့ ပိသွားတာတွေတော့ရှိတယ်။ အဲဒီထာပွဲပန်းခြံဖက်က ရေနီချောင်း ဘေးမှာရှိတဲ့အိမ် တအိမ်လားနှစ်အိမ်လား မျောပါပြီးတော့ မိသားစုပါသွားတယ်လို့ ကြားတယ်။ သုံးယောက် လား လေးယောက်လားမသိဘူးပါသွားတယ်။ မြေပြိုတာကတော့ ပိတ်စွယ်ရပ်ကွက်နားမှာ အဲဒီက တောင်ကပြိုပြီးတော့ အိမ်တွေဘာတွေ ပိတယ်လို့ကြားတာပဲ။ အဲဒီကလည်း လေးငါးခြောက်လောင်းသေတယ်တဲ့။ အုန်းကိုင်းနဲ့ မြိုနယ်ဖက်သွားတဲ့လမ်းမှာ ရွာသစ်ဆိုတဲ့ရွာ ကမားရံကပြိုပြီး အိမ်တလုံးနှစ်လုံးပိပစ်လိုက်တယ် ကြားတယ်။ ”

ဆေးရုံကိုတော့ အလောင်း ၁၁လောင်းရောက်လာတာကြားသိရတယ်လို့ သူက ဆက်ပြောပါတယ်။

အခြားဒေသခံ အမျိုးသမီးတဦးကတော့ ၁၄ယောက်လောက်သေဆုံးတာကို ကြားသိရတယ်လို့ ပြောပါတယ်။

“ချာင်းရေကြီးပြီးတော့ လူ၄ယောက်သေတယ်ရှင့်။ မြေပြိုပြီးတော့ဆို ချောင်းရေကြီး တာကောအပါဆို ၁၄ယောက်လောက်သေတယ်ရှင့်။”

ဆေးရုံကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ တာဝန်ကျသူတွေက တစုံတရာ ဖြေကြားဖို့ ငြင်းဆိုပါတယ်။

ဒီလို ရေလွှမ်းမိုးတာကတော့ တောင်ကျရေဖြစ်တာကြောင့် နေ့ခင်းပိုင်းဖက်မှာ ရေပြန်ကျသွားခဲ့ပါတယ်။

မိုးကုတ်မြို့မှာ မြန်မာ့ဦးပိုင်လီမိတက်နဲ့ အခြားအပစ်ရပ်အဖွဲ့တွေရဲ့ ကုမဏီတွေက စက်ကရိယာတွေ။ ရေစုပ်စက်တွေနဲ့ ကျောက်တူးဖော်မှုတွေရှိတာကြောင့် နှစ်စဉ် မိုးတွင်းအခါဆို မိုးကုတ်မြို့မှာ ရေလွှမ်းလေ့ရှိပါတယ်။ ဒီနှစ်ရေလျံတာကတော့ ခါတိုင်းနှစ်တွေထက် မိုးပိုများတာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG