မြစ်ဝကျွန်းပေါ်က လေဘေးသင့် ဒုက္ခသည်တွေကို စစ်တပ်နဲ့ ဒေသခံအာဏာပိုင်တွေက အဓမ္မ လုပ်အားပေး ခိုင်းစေနေပြီး သက်ကြီးရွယ်အိုတွေကိုလည်း မခြေမငံ ဆက်ဆံနေတဲ့ အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
အခု အဓမ္မလုပ်အားပေးခိုင်းခံနေရတဲ့ အဓိက နေရာတွေ ကတော့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်မှာ ဖြစ်ပါတယ်။ အခုလို လုပ်အားပေးခိုင်းစေဖို့အတွက် လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက် အတွင်း စစ်တပ်က နေ့တိုင်း တန်းစီခိုင်းခဲ့တဲ့ အကြောင်း ဒီဒေသမှာ ကယ်ဆယ်ရေး လုပ်ပေးသူထံကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်၊ အင်္ဂါနေ့ရက်စွဲနဲ့ အခုလို စာရေးတိုင်ကြားခဲ့တာပါ။
“ ၁၀ ရက်၊ ၆ လ၊ ၂၀၀၈ နံနက်စောစော၊ ၆ နာရီ ၃၀ ရွာသားများကို လုပ်အားပေးရန် တန်းစီ ခိုင်းပါသည်။ တန်းစီခိုင်းသည်မှာ ၁၅၊ ၁၆ ရက်လောက် ရှိပါသည်။ လူမစုံလျင် ဆဲဆို၊ ကြိမ်းမောင်း ပြောဆိုကာ တပ်မ (၅၁)၊ ဒါမှမဟုတ်လည်း တပ်မ (၆၆) လားမသိဘူး၊ နှမချင်း၊ အဖေချင်း မစာနာပဲ ဆိုပါသည်။ ဆယ်အိမ်မှုး၊ ရာအိမ်မှုးများ တန်းစီခိုင်းပြီး စစ်တပ်ကို အပ်ပါသည်။ ထိုမှတဆင့် လုပ်အားပေး များကို စတင်ခိုင်းပါသည်။ မနက် ၆ နာရီ ၃၀ မှ ၁၁ နာရီအထိ ခိုင်းပါသည်။ ယောကျ်ား၊ မိန်းမမှန်သမျှ အကုန်ခိုင်းပါသည်။ နေ့လည် ၁၁ နာရီမှ ကိုယ့်ထမင်းကို စားရပါသည်။”
လတ်တလောအခြေအနေမှာ ဒေသခံအာဏာပိုင်တွေက လေဘေးဒုက္ခသည်တွေကို ဆန်တချို့ဝေပေးနေတာကို ခုတုန်းလုပ်ပြီးတော့မှ အခုလို အဓမ္မခိုင်းစေနေတာဖြစ်ပြီး ရတဝပါ ဒုက္ခသည်တွေနဲ့ အတူ ထွက်ပြေးရတဲ့အကြောင်း အဲဒီ ဒေသခံက အခုလို ဆက်ပြောပြပါ။
“ ဆန်သူတို့ကနေပြီးတော့ ဆန်တွေဘာတွေဖြန့်ပြီးတော့ သူတို့က ကျွေးရတဲ့ပုံစံမျိုးဖြစ်နေတယ်။ ဖြစ်တော့ သူတို့ ကျွေးထားတာပေါ့ဆိုပြီး ရွာသူ ရွာသားတွေကို ဆန်တွေထုတ်ပေးပြီးတော့ ရွာသူ၊ ရွာသားတွေကို သူတို့ ခိုင်းတာပေါ့၊ သူတို့ အလုပ်သမားတွေလို သဘောထားပြီးတော့ ဆဲဆို ကြိမ်းမောင်း ဘာညာလုပ်ပြီးတော့။ အဲဒီတော့ မခံချင်တဲ့ ရွာသားတချို့ မတတ်နိုင်တော့ မြို့ပေါ် တက်ပြေးကြတယ်။ ရဝတတောင် တက်ပြေးရတယ်။ ”