အမေရိကန် သမ္မတ ဂျော့ဘုရှ် (George Bush) ဟာ ဥရောပခရီး နောက်ဆုံးတစ်ထောက်မှာ အတ္တလန်တိတ်သမုဒ္ဒရာ ရဲ့ တစ်ဘက်တစ်ချက် နိုင်ငံများ ဆက်ဆံရေး ခေတ်သစ်ထူထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။အရှေ့အလယ်ပိုင်းမှာ လွတ်လပ်ခွင့် ပိုမိုထွန်းကားလာအောင် ကူညီရာမှာ အမေရိကန် နဲ့ ဥရောပ ဟာ ပိုလုပ်ကြရမယ်လို့ မစ္စတာဘုရှ် က ပြောခဲ့ပါတယ်။ဗွီအိုအေ ရဲ့ အိမ်ဖြူတော် သတင်းထောက် Paula Wolfson က ပါရီ က သတင်းပေးပို့ထားတာကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။
အတ္တလန်တိတ် သမုဒ္ဒရာ ရဲ့ တစ်ဘက်တစ်ချက် နိုင်ငံများ ဆက်ဆံရေး နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကိစ္စတွေကိုကျော်ပြီး၊ ကမ္ဘာတဝှမ်း အရေးကြီးတဲ့ ကိစ္စတွေကို ပါ ကိုင်တွယ်ကြဖို့ အချိန် ရောက်လာခဲ့ပြီလို့ သမ္မတဘုရှ် က ပြောကြားပါတယ်။
“တကမ္ဘာလုံးရဲ့ ကိစ္စကို ကိုယ်တွယ်နိုင်ဖို့ ကျွန်တော်တို့ ပိုကြည့်ပါတယ်။ ကျွန်တော်တို့ကြား ကွဲပြားခြားနားချက်တွေကို အာရုံစိုက်နေမယ့် အစား၊ ကျွန်တော်တို့ ရဲ့ အကျိုးစီးပွါးတွေ နဲ့ စံထားချက်တွေအတွက်တိုးပြီး ကျွန်တော်တို့ စည်းလုံးနေကြပါပြီ။” စစ်အေးလွန်ကာလမှာတစ်တိုက်လုံး သဘောဆောင်လာပြီး၊ လွတ်လပ်လာတဲ့ ဥရောပဟာ တခြားကမ္ဘာ့ဒေသတွေ ဟာလည်း ငြိမ်းချမ်း ကြွယ်ဝတဲ့ အခြေမှာ နေထိုင်လာအောင် ကြည့်ရှုရပါမယ်လို့ သူ က ဆိုပါတယ်။
“၂၀ ရာစု ငြိမ်းချမ်းရေး မှာ လွတ်လပ်ကြွယ်ဝ လာတဲ့ ဥရောပ ဖြစ်ပေါ်လာတာက မရှိမဖြစ် အရေးကြီးတဲ့ အချက် ဖြစ်သလိုပါပဲ၊၂၁ ရာစု ငြိမ်းချမ်းရေးအတွက် လွတ်လပ်ကြွယ်ဝပြီး ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်း ဖြစ်ပေါ်လာဖို့က မရှိမဖြစ် အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။”
စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ OECD ရဲ့ ပါရီမြို့ ဌာနချုပ် မှာ မိန့်ခွန်းစကားပြောကြားရာမှာ အီရတ်၊ အီရန်၊ လက်ဘနွန်၊ ဆီရီးယား နဲ့ အာဖဂန်နစ္စတန် လို နေရာတွေမှာ တွေ့ရတဲ့ စိမ်ခေါ်ချက်တွေကို မစ္စတာဘုရှ် က ပြောခဲ့ပါတယ်။
သူ့ရဲ့ ဥရောပခရီးစဉ် တလျှောက်မှာ ကဘူး (Kabul) ကို တပ်တွေ နဲ့ အကူအညီတွေ ပို့ဖို့ ကတိပေးထားတာ ကို တိုးမြှင့်ဖို့ ဥရောပ နိုင်ငံတွေ ကို မစ္စတာဘုရှ် က တိုက်တွန်းခဲ့ပါတယ်။ပြင်သစ် သမ္မတ နီကိုလတ်စ် စကိုဇီ (Nicholas Sarkozy) ကို သူ က သီးသန့်ချီးကျူးခဲ့ပါသေးတယ်။
“အဲဒီနိုင်ငံ မှာ အန္တရာယ် ရှိနေတာ က အတ္တလန်တိတ် မဟာမိတ် နဲ့ ကျွန်တော်တို့ တန်ဖိုးတွေ ရဲ့ အနာဂတ် ပါပဲလို့ သမ္မတ စကိုဇီ က ပြောခဲ့ပါတယ်။သူ မှန်ပါတယ်။ အာဖဂန်နစ္စတန် ဟာ အကြမ်းဖက်မှုတွေအတွက် သေချာပေါက် စိတ်ချ ရတဲ့ နေရာ ဘယ်တော့မှ မဖြစ်စေဖို့ ကျွန်တော်တို့ နိုင်ငံတွေ က သေချာအောင် လုပ်ကြရပါမယ်။”
ဒီ မိန့်ခွန်း ဟာ ပါရီ မှာ သမ္မတ ဘုရှ် ရဲ့ အများပြည်သူဆိုင်ရာ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ပြင်သစ်ပြည် ရဲ့ မြို့တော် ကို လာတဲ့ သူ့ ရဲ့ တရားဝင် နောက်ဆုံး ခရီးလည်း ဖြစ်ပါတယ်။
မစ္စတာ ဘုရှ် ဟာ ရောမမြို့ မှာ ရှိစဉ် က ဗက်တီကန် ကို သွားပြီး ပုပ်ရဟန်းမင်းကြီး Benedict နဲ့ တွေ့ဆုံခဲ့ပါတယ်။
ပုပ်ရဟန်း မင်းကြီး က သူ့ရဲ့ သီးသန့်လေ့လာခန်းထဲ မှာ နိုင်ငံခြား ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ ကို နှုတ်ဆက်လေ့ရှိပါတယ်။ဒါပေမဲ့ ဒီ တစ်ကြိမ်မှာတော့ သူ က သမ္မတ ဘုရှ် ကို အပြင်မှာ ထွက်ကြိုပြီး၊ ဗက်တီကန် ဥယာဉ်တလျှောက် လမ်းလျှောက်ခေါ်သွားခဲ့ပါတယ်။
ဒါ ကတော့ ဓမ္မသံစုံတီးဝိုင်း အသံတွေပဲဖြစ်ပါတယ်။မြက်ခင်းပြင် ကုလားထိုင်ပေါ် မှာ သူတို့ က ထိုင်ကြပြီး၊ ဓမ္မသုံစုံတီးဝိုင်း က တီးခတ်သီဆိုတာတာ ကို ကြည့်ခဲ့ကြပါတယ်။ မူလ အတိုင်း ပြန်လည် ပြုပြင် ထားတဲ့ အလယ်ခေတ် မျှော်စင် ကို သွားကြပြီး ဝရန်တာဆောင်ကနေ ရှုခင်း ကို ကြည့်ခဲကြပါသေးတယ်။ ပုပ်ရဟန်း မင်းကြီး မကြာခဏ ဆုတောင်းဝတ်ပြုရာ လှိုဏ်ဂူ ကိုလည်း သွားရောက်ခဲ့ကြပါတယ်။
လူ့အခွင့်အရေး၊ အာဖရိက က အေအိုင်ဒီအက်စ် နဲ့ ကမ္ဘာတဝှမ်း ဆင်းရဲမှုတိုက်ဖျက်ရေးလို ကိစ္စတွေ ကို သူတို့ ဆွေးနွေးခဲ့ကြပါတယ်လု့ိ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ မစ္စ Dana Perino က ပြောပါတယ်။သမ္မတ နဲ့ ပုပ်ရဟန်း မင်းကြီး တို့ ရဲ့ ဆက်ဆံရေး က ကောင်းမွန်ပြီး၊ အကြောင်းအရာတွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ သူမ က ဆိုပါတယ်ခင်ဗျာ။