သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေး ကယ်ဆယ်ရေးလုပ်သူ အယ်ဒီတာ ဇော်သက်ထွေး ဖမ်းဆီးခံရ


လေဘေးဒုက္ခသည်တွေအတွက် စေတနာ့ဝန်ထမ်း တပိုင်တနိုင် ကူညီဆောင်ရွက်ပေးနေသူ တဦးဖြစ်တဲ့၊ အားကစား ဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး ကို အာဏာပိုင်တွေက မကြာသေးခင်ကပဲ ထိန်းသိမ်းလိုက်တယ်လို့ နီးစပ်သူမိတ်ဆွေတွေက ပြောပါတယ်။ အာဏာပိုင်တွေဖက်က ကူညီကယ်ဆယ်ရေး အလုပ်တွေလုပ်နေသူတွေကို အဖမ်းအဆီးတွေ လုပ်နေတဲ့အထဲမှာ ဒါဟာ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးပါမယ်။

လေမုန်တိုင်း ဘေးဒဏ်သင့်သူတွေအတွက် တပိုင်တနိုင်အကူအညီပေးနေတဲ့ အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး ကို အာဏာပိုင်တွေက ဒီတပတ်ထဲမှာပဲ ဖမ်းဆီးလိုက်တာလို့ သူနဲ့ရင်းနှီးသူ စာပေမိတ်ဆွေ အသိုင်းအဝိုင်းက ပြောပြကြတာပါ။ မကွေးမြို့က မိခင်ဖြစ်သူနေအိမ်မှာ ထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက် အခုဆိုရင် ကိုဇော်သက်ထွေး ကို ရန်ကုန်မြို့က စစ်ကြောရေး စခန်းတခုမှာ ထိန်းသိမ်းထားတယ်လို့ သူ့ရဲ့ မိတ်ဆွေတယောက်က ပြောပြပါတယ်။

"ကိုဇော်သက်ထွေးနဲ့ ကိုငှက်ပျောကြော်တို့ လေဘေးကယ်ဆယ်ရေး လုပ်ကြတယ်။ လုပ်ရင်းနဲ့ ၁၂ ရက်နေ့က မကွေးက သူ့အမေအိမ်ကို သွားရင်းနဲ့ မကွေးမှာ ဖမ်းပြီးတော့ သူ့ကို ၁၃ ရက်နေ့က အောင်သပြေကို ပို့လိုက်တယ်။ ဖမ်းတယ်ဆိုတာပဲ သိရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မေးလို့မရဘူး။ ဖမ်းတဲ့အဖွဲ့ကိုယ်တိုင်ကလည်း ဘာကြောင့်ဖမ်းမြန်း မသိဘူး။ ဖမ်းဆိုလို့ ဖမ်းလိုက်တာပဲ။ မကွေးက သူ့အမေအိမ်မှာ အဖမ်းခံရတယ်။"

ဒီလို အာဏာပိုင်တွေဖက်က ဘာအကြောင်းကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်တယ် ဆိုတာ ရှင်းလင်းပြောဆိုတာမျိုး မရှိပေမဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ကိုဇော်သက်ထွေး ရဲ့ လုပ်ရပ်တွေနဲ့ ဆက်စပ် ပတ်သက်လိမ့်မယ်လို့ ယူဆနေကြတာပါ။

"ဒီ လူမှုရေးပေါ့နော်။ ကိုယ်ကျိုးမဟုတ်ဘူးလေ။ ဒါဟာ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီတာပဲ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကူညီတာ။ ကိုယ့်မှာ ရှိသမျှ ခွန်အားရော၊ ငွေအားရော၊ လူအားရော အကုန် စိုက်ထုတ်ပြီးတော့ ဒါကို အများအတွက် ဆောင်ရွက်တာပေါ့ဗျာ။ အဲဒီတော့ ဒီဟာ အနုပညာရှင်တွေနဲ့လည်း သူ လုပ်တယ်။ နောက်တချက်က သူက ၈၈ မျိုးဆက်သစ် ဆိုတော့ သူတို့ ဒီလိုလုပ်တာ မကြိုက်လို့လား။ ထင်ပေါ်သွားလို့လား။ ကျနော်တို့ဖက်က တွေးစရာတွေ အများကြီးပဲလေ။ သူတို့ ဒီလို လှုပ်ရှားမှုက သူတို့အတွက် သိက္ခာကျတယ်လို့ ယူဆပြီး သူတို့ ဖမ်းတာလို့ပဲ ကျနော်တို့ ထင်တယ်ဗျာ။"

ဒါဟာဆိုရင် လေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူတွေ အဖမ်းအဆီးခံနေရတဲ့ အထဲက နောက်ဆုံးကြားရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲတုန်းကလည်း မုန်တိုင်းဘေးသင့်သူတွေကို စေတနာ့ဝန်ထမ်း အကူအညီတွေ ပေးနေတဲ့ နိုင်ငံကျော် လူရွှင်တော် စွယ်စုံအနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ ကို အာဏာပိုင်တွေက ထိန်းသိမ်းထားတာပါ။ အခုဆိုရင် သူ့ကိုလည်းပဲ ရန်ကုန်မြို့က ဒီ အောင်သပြေ စစ်ကြောရေး စခန်းမှာပဲ ထိန်းသိမ်း စစ်ဆေးနေတယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အခုလို လူမှုရေး အကူအညီတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ကိုဇော်သက်ထွေး တို့လို လူတွေကို ထိန်းသိမ်းခံရတာဟာ ဒီလုပ်ငန်းတွေအတွက် ထိခိုက်နစ်နာစေတယ်လို့လည်း ရှုမြင်ကြတာပါ။

"ကိုဇော်သက်ထွေးကတော့ သူ စပြီးတော့ နာဂစ်မုန်တိုင်းဖြစ်ပြီး လူတွေ ဒုက္ခရောက်ပြီ ဆိုကတည်းက သူ အားကျိုးမာန်တက် တနေရာပြီး တနေရာ အဲဒီလို ပစ္စည်းတွေ စုဆောင်းပြီး လိုက်ပို့၊ အဲဒီလိုတွေတော့ သူ အားသွန်ခွန်စိုက် လုပ်နေတယ်ဗျာ။ သူ ရက်နားတာတောင် သိပ်မတွေ့ရဘူး။ ဒီလို လူမျိုးတွေကို ဒီလို လူမှုရေးကို အကျိတ်အနယ် လိုက်လုပ်နေတဲ့သူတွေက ရာခိုင်နှုန်းနဲ့တွက်ရင် အရမ်းနည်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူနည်းတဲ့အချိန်မှာ ဒီလို စိတ်ပါလိုက်ပါနဲ့ ခွန်တိုက်အားတိုက်နဲ့ ကိုယ်ကျိုးမဖက်ဘဲ လုပ်နေတဲ့သူတယောက် ဆုံးရှုံးသွားတာဟာ ကျနော်တို့ လုပ်နေတဲ့သူတွေအတွက်ကတော့ အကြီးအကျယ် ဆုံးရှုံးမှုလို့ ယူဆရပါတယ်။"

ရန်ကုန်မြို့ စာပေအသိုင်းအဝိုင်းက ကိုဇော်သက်ထွေး နဲ့ နီးစပ်သူ မိတ်ဆွေတဦး ဖြစ်ပါတယ်။

ကိုဇော်သက်ထွေး ဟာ မြန်မာနိုင်ငံက အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) ကို တိုင်ကြားမှုအတွက် ၂၀၀၃ ခုနှစ်တုန်းကလည်း တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရဘူးသူ တယောက်ပါ။ ဒါပေမဲ့လည်း နောက်ပိုင်း ILO ရဲ့ ဖိအားပေး ဆောင်ရွက်ချက်တွေ ရှိလာတဲ့နောက် ၂ နှစ်လောက်အကြာမှ အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးရာက ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG