သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားကိစ္စ ဖြေရှင်းရေး ကမ်းလှမ်းချက် ပြန်စဉ်းစားရန် အီရန်ကို သမ္မတ ဘုရှ် တိုက်တွန်း


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတို့က ပြင်ဆင်ပြီး ကမ်းလှမ်းခဲ့တဲ့ မက်လုံးပေး အစီအစဉ်ကို အီရန်က ကန့်ကွက်ခဲ့တာကြောင့် အဲဒီ ကန့်ကွက်ချက်တွေကို ရုတ်သိမ်းပေးဖို့ အမေရိကန် သမ္မတ ဘုရှ်က အီရန် ခေါင်းဆောင်တွေကို နိုးဆော်ခဲ့ပါတယ်။ ပြင်သစ် သမ္မတ နီးကိုးလက်စ် ဆာကိုဇီ (Nicholas Sarkozy) နဲ့ တွေ့ဆုံစဉ်မှာ အီရန် နျူကလီးယားအရေး ပြဿနာနဲ့ အရှေ့အလယ်ပိုင်း ကိစ္စတွေကို အမေရိကန် သမ္မတ ဘုရှ်က အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဗွီအိုအေ အိမ်ဖြူသတင်းထောက် Paula Wolfson သတင်းပေးပို့ထားတဲ့အတိုင်း ဦးထွန်းအောင်က တင်ပြထားပါတယ်။

သမ္မတ က အမေရိကန် အရှေ့အလယ်ပိုင်းပေါ်လာစီတွေမှာ ပိုပြီး ထောက်ခံမှုရဖို့ ကြိုးပမ်းချက်တစ်ရပ်အဖြစ် ဥရောပတခွင် ခရီးထွက်နေပါတယ်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လာစီ အကြီးအကဲ ဟားဗီးယား ဆိုလားနား (Javier Solana) တင်ပြခဲ့တဲ့ မက်လုံးတွေပေးမှု အစီအစဉ်ကို အီရန် အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပယ်ချခဲ့တဲ့အတွက် အီရန်နဲ့ပတ်သက်လို့ စည်းလုံးမှု ရှိဖို့ သမ္မတ က တိုက်တွန်းခဲ့ပါတယ်။

အီရန် ပြောရေးဆိုခွင့်ရှိသူက သူတို့ရဲ့ ယူရေနီယံ သန့်စင်မှုကို မရပ်ဆိုင်းဘူးလို့ ပြောပါတယ်။ ဒီအတွက် သမ္မတက သူ စိတ်ပျက်မိကြောင်း ပြောကြားပါတယ်။

"ဒါဟာ အီရန်ခေါင်းဆောင်ပိုင်းက သူတို့ကို သူတို့ နောက်ထပ် အထီးကျန်ဖြစ်ဖို့ အဆင်သင့်ရှိတယ်ဆိုတာ အီရန်ပြည်သူတွေကို ပြသတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သဘောထားက အီရန်ပြည်သူတွေကို ကြီးပွားစေလိုတာပါ။"

အီရန်ကိစ္စဟာ မစ္စတာ ဘုရှ်နဲ့ ပြင်သစ်သမ္မတ နီကိုးလက် ဆာကိုဇီတို့ အဓိက အာရုံစိုက်ခဲ့တဲ့ နိုင်ငံတကာ ကိစ္စရပ် အများအပြားထဲက တခု ဖြစ်ပါတယ်။ ပဲရစ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ခေါင်းဆောင်နှစ်ဦးက လက်ဘနွန်နိုင်ငံ အချုပ်အချာ ပိုင်ဆိုင်မှုကို အခိုင်အမာ ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားအနေနဲ့ လက်ဘနွန်ကိစ္စတွေမှာ ၀င်ရောက် စွပ်ဖက်မှု ရပ်စဲဖို့သာ မဟုတ်ဘဲ ဆီးရီးယားနဲ့ အီရန်အကြား ဆက်ဆံရေး တင်းမာမှုကို ပြန်လည် စဉ်းစားဖို့ မစ္စတာ ဘုရှ် က ဆော်သြခဲ့ပါတယ်။

"ကျနော် ပြောချင်တာကတော့ အီရန်နဲ့ မယောင်မလည် လုပ်နေမှု ရပ်စဲပြီး အကြမ်းဖက်သမားတွေကို ခိုလုံခွင့်မပြုဖို့ ဖြစ်ပါတယ်။"

လောလောဆယ် ကုလသမဂ္ဂရဲ့ တာဝန်ပေးမှုသက်တမ်း ကုန်ဆုံးပြီးတဲ့နောက် အမေရိကန်တပ်တွေ အီရတ်မှာ ဥပဒေအရ ဆက်လက် ထားရှိခွင့်ပြုမယ့် အမေရိကန်နဲ့ အီရတ် လုံခြုံရေး သဘောတူညီမှု အလားအလာ နဲ့ပတ်သက်လို့လည်း မစ္စတာ ဘုရှ်ကို မေးမြန်းခဲ့ပါတယ်။

အီရတ်ဝန်ကြီးချုပ် နိုရီ အယ်လ်-မလိခိ (Nouri al-Maliki) က ဆွေးနွေးတွေ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သမ္မတက သူ မျှော်လင့်ချက်ရှိတုန်းပဲလို့ ပြောပါတယ်။

"ကျနော်ဟာ လောင်းကစားသမားဖြစ်ရင် ကျနော်တို့ အီရတ်နဲ့ သဘောတူညီမှု ရမယ်လို့ ပြောနိုင်ပါတယ်။"

အီရတ်စစ်ပွဲကြောင့် အမေရိကန်နဲ့ ပြင်သစ်အကြား တင်းမာမှုတွေ ဖန်တီးခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်မှာ နီကိုးလက် ဆာကိုဇီ သမ္မတ ဖြစ်လာခဲ့ပြီးတဲ့နောက် လျော့နည်းသွားခဲ့ပါတယ်။ အမေရိကန်နဲ့ ပြင်သစ် အစိုးရတွေက သဘောထားတွေ ခိုင်မာတယ်လို့ နံမည်ကျော်ခဲ့ပေမယ့် သူတို့ဟာ တဦးနဲ့တဦး နားထောင်နိုင်ပြီး နားလည်နိုင်တယ်လို့ မစ္စတာ ဆာကိုဇီက စကားပြန်ကနေတဆင့် ပြောကြားပါတယ်။

"သဘောမတူတဲ့အချက်တွေ ရှိရင် ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က မဟာမိတ်တွေနဲ့ မိတ်ဆွေတွေအဖြစ် ပြောဆိုရပါမယ်။"

အဲဒီနေ့ နောက်ပိုင်းမှာ သမ္မတ ဘုရှ်က စစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အမေရိကန်နဲ့ ပြင်သစ်စစ်သားတွေကို ဂုဏ်ပြုခဲ့ပါတယ်။ သူက အမေရိကန်စစ်သင်္ချိုင်းနဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း ပြင်သစ်တော်လှန်ရေး စစ်သည်တွေရဲ့ ဗိမာန်ကို သွားရောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG