သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိပ္ပံဓာတ်ခွဲခန်း ပစ္စည်းပို့ပြီး အာကာသ လွန်းပျံယာဉ် ကမ္ဘာမြေပြင် ပြန်လည်ရောက်ရှိ


ဂျပန်နိုင်ငံ သိပ္ပံစမ်းသပ်ခန်းက တီထွင်ခဲ့တဲ့ အာကာသစခန်းမှာ တပ်ဆင်မဲ့ ဂျပန်သိပ္ပံ ဓါတ်ခွဲခန်း တပ်ဆင်ရေးပစ္စည်းတွေ သယ်ဆောင်သွားတဲ့ Discovery အာကာသ လွန်းပျံယာဉ် ဟာ(၁၄) ရက်ကြာ ခရီးစဉ်အပြီး ပြန်လည် ဆင်းသက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီၤအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Brian Wagner မိုင်ယာမီ ကနေ သတင်းပေး ပို့ထားတာ ကို ဒေါ်ညိုညိုလွင်က တင်ပြပေးပါတယ်။

အာကာသယာဉ်မှုး (၇) ဦး တင်ဆောင်ထားတဲ့ လွန်းပျံယာဉ်ဟာ စနေနေ့ည သန်းကောင်လောက်က အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါမှာ ရှိတဲ့ မြေပြင် အာကာသစခန်း တခုကို ပြန်လည် ဆင်းသက်ခဲ့တာပါ။ အာကာသယာဉ်မှူး ဂဲရက် ရစ်မန်ဟာလည်း နိုင်ငံတကာ အာကာသ စခန်းမှာ ( ၃) လနီးပါး သွားရောက် နေထိုင်ရာက အခု ကမ္ဘာမြေကြီးကို ပြန်လည်ရောက်ရှိခဲ့ပါပြီ။

အာကာသစခန်းအတွင်း သိပ္ပံနည်းသစ်နဲ့ စမ်းသပ်ပြုလုပ်ထားတဲ့ အစိတ်အပိုင်း အသစ်တခုတပ်ဆင်ဖို့နဲ့ အာကာသထဲမှာ လမ်းလျှောက်တဲ့ စင်္ကြံန် (၃) ခု ပြုလုပ်ဖို့ ဒီလွန်းပျံယဉ်ကို မတ်ခ် ကဲလီ က ဦးဆောင်ခဲ့တာပါ၊

"ဒါဟာ ကျနော်တို့ရဲ့ ကောင်းမွန်ကြီးကျယ်တဲ့ လုပ်ငန်းစဉ်တခုပါပဲ၊ ကျနော်တို့ဘက်က အမြင်နဲ့ ပြောရရင်တော့ အရမ်းကို အောင်မြင်ပါတယ်။ အာကာသစခန်းမှာ ပိုပြီး အဆင်ပြေနိုင်ဘို့ တိုးချဲ့ ဆောက်လုပ်တဲ့နေရာမှာ ပါဝင်နိုင်ခဲ့တဲ့ အတွက် လည်း ဂုဏ်ယူဝမ်းသာမိပါတယ်။"

ဒီအဖွဲ့ဝင်တွေဟာ အာကာသထဲမှာ လူခန္ဓာကိုယ်နဲ့ ပစ္စည်း အသုံးအဆောင်တွေ အပြန်အလှန် ဆက်သွယ်လို့ ရနိုင်မဲ့ ဂျပန် နိုင်ငံက တီထွင်လိုက်တဲ့ ကီဘို လို့ခေါ်တဲ့ သိပ္ပံနည်းပညာဆိုင်ရာ အစိတ်အပိုင်းတခုကို သယ်ဆောင် သွားခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို တီထွင်စမ်းသပ်ချက်တွေဟာ ရှေ့လာမဲ့နှစ် အင်္ဂါဂြိုလ်ကို လူသားတွေသွားရောက်ဖို့ စီမံကိန်းအတွက် အများကြီး အထောက်အကူဖြစ်စေတယ်လို့ နာဆာ အုပ်ချုပ်ရေးအဖွဲ့ဝင် ခရစ် စကိုလ်း(စ်)က ပြောဆိုလိုက်ပါတယ်၊

"အာကာသထဲမှာ ဘယ်လို နေထိုင်လုပ်ကိုင်ကြရမယ်ဆိုတာတွေကို ကျနော်တို့ အနေနဲ့ လေ့လာဖို့ လိုအပ်ပါတယ်။ ဒီလို လေ့လာချက်တွေကနေ အာကာသစခန်းတွေကို ဘယ်လိုဆောက်လုပ်ကြမယ် ဘယ်လို တပ်ဆင်ကြမယ် ဆွဲငင်အားနည်းတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လို လုပ်ဆောင်ကြရမယ်ဆိုတာ သိလာနိုင်မှာပါ။"

သတ္တု အပိုင်းအစတခု ကမ္ဘာပတ်လမ်းကြောင်းထဲ လွင့်ထွက်သွားတာကို အာကာသယာဉ်မှူးတွေ သိရှိလိုက်တဲ့အတွက် ဒစ်ကာဗာရီ လွန်းပျံယဉ်ကို သောကြာနေ့မှာ ကမ္ဘာမြေပြင်ကို ပြန်လည်ဆင်းသက်ဖို့ သတ်မှတ်ခဲ့တာပါ။ ဒီလို သတ္တု အစိတ်အပိုင်း တခု ပြုတ်ထွက်သွားတာကြောင့် အာကာသယာဉ်ပြန်လည် ဆင်းသက်ဖို့အတွက် အန္တာရယ် မရှိပါဘူးလို့ နာဆာ က အင်ဂျင်နီယာတွေက ပြောဆိုခဲ့ကြပါတယ်။

လာမဲ့ အောက်တိုဘာလမှာလဲ ဟပ်ဘဲလ် (Hubble) အဝေးကြည့် မှန်ပြောင်းက မကောင်းတော့တဲ့ အစိတ်အပိုင်းတွေကို ပြင်ဆင်လဲလှယ် တပ်ဆင်ဖို့အတွက် နောက်ထပ် Discovery အာကာသ လွန်းပျံယာဉ်တစင်း ပြစ်လွှတ်ဖို့ စီစဉ်ထား ပါတယ်။ ၂၀၁၀ ခုနှစ်မှာ နာဆာအနေနဲ့ လွန်ပျံလွှတ်တင်ရေး အစီအစဉ်ကနေ အနားမယူမီ နောက်ဆုံး ပြစ်လွှတ်မဲ့ လွန်းပျံယာဉ်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG