အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း အိုင်အိုဝါပြည်နယ်က
ရေလွှမ်းမိုးမှု ခံခဲ့ရတဲ့ နေရာတချို့မှာ ဒီကနေ့ ရေပြန်ကျ လာခဲ့ပေမဲ့၊
လာမယ့်ရက်တွေအတွင်း မုန်တိုင်းတွေ ထပ်ပြီး လာနိုင်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက
မျှော်လင့်ထားကြပါတယ်။
ရေလွှမ်းမိုးမှုဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ Cedar Rapids
မြို့က လူပေါင်း ၂ သောင်း ၄ ထောင် ကို ဘေးလွတ်ရာ ဒေသတွေဆီ ရွှေ့ပြောင်းဖို့
အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ပါတယ်။ အခုအချိန်အထိတော့ အဲဒီဒေသက ရပ်ကွက်ပေါင်း ၄
ရာကျော်ဟာ ရေလွှမ်းမိုးမှုဒဏ် ခံနေရဆဲဖြစ်ပါတယ်။ Cedar Rapids မြို့မှာ ရေတွေ ပြန်ကျလာနေချိန်မှာပဲ
အိုင်အိုဝါပြည်နယ် မြို့တော် Des Moines က ရေတွေမြစ်ထဲကို စီးဝင်ရာကတဆင့်
မြို့လည်ခေါင် တဝိုက်ကို ရေလွှမ်းမိုး စေခဲ့ပါတယ်။ အဲဒါကြောင့် မြို့ထဲက
အိမ်ခြေပေါင်း ၂၇၀ ကို အာဏာပိုင်တွေက ရွှေ့ပြောင်း ခဲ့ရပါတယ်။ လျှံကျလာတဲ့ရေတွေဟာ
အိုင်အိုဝါ တက္ကသိုလ်တည်ရှိရာ မြို့ထဲကိုဦးတည်ပြီး စီးဆင်းလာနေပေမယ်လို့ တနင်္လာနဲ့ အင်္ဂါနေ့တွေအထိတော့ ရောက်လာဖွယ်ရာ
မရှိဘူးလို့ ဆိုပါတယ်။
သမ္မတ ဘုရှ် ကတော့ ရေလွှမ်းမိုးမှုဒဏ် ခံရသူတွေအတွက်
ဆုတောင်းမေတ္တာ ပို့သကြောင်း ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ အိုင်အိုဝါမြို့က
ရေလွှမ်းမိုးမှုနဲ့အတူ လေဆင်နှာမောင်း တိုက်ခတ်မှုတွေကြောင့် အနည်းဆုံး လူ (၁၅) ဦး
သေဆုံးခဲ့တာပါ။ ဆိုးရွားလှတဲ့ ရာသီဥတုကြောင့် ပြောင်းစိုက်ပျိုးရေး အဓိက
လုပ်ကိုင်တဲ့ အိုင်အိုဝါ ပြည်နယ်က ကောက်ပဲသီးနှံ ဧကပေါင်း အများအပြားလည်း
ပျက်စီးခဲ့ပါတယ်။