သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးကယ်ဆယ်ရေး ကူညီလုပ်ကိုင်နေသူများ ထပ်မံဖမ်းဆီးခံနေရ


မြန်မာစစ်အစိုးရ အာဏာပိုင်တွေက လေဘေးကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း လုပ်နေသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေလုပ်နေရာမှာ အခုနောက်ဆုံး ရန်ကုန်မြို့မှာ နောက်ဆက်တွဲ ထိန်းသိမ်းမှုတွေ ရှိခဲ့တယ်လို့ နီးစပ်သူ မိတ်ဆွေတွေက ပြောကြပါတယ်။ တချို့ဆိုရင် ဖမ်းဆီးခံခဲ့ရပေမယ့် သက်ဆိုင်ရာ မိသားစုက အကျိုးအကြောင်း ဘာမှမသိရတဲ့ အတွက် စိုးရိမ်ပူပန်စရာတွေလည်း ဖြစ်နေရတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒီရက်ထဲမှာပဲ ဖမ်းတာဆီးတာတွေ ရှိနေတဲ့အထဲက အခုနောက်ဆုံးသိရတာဆိုရင် လေဘေးကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း လုပ်ကိုင်နေတဲ့ မယဉ်ယဉ်ဝိုင်း၊ မတင်တင်ချို နဲ့ ကိုမြတ်သူ အပါအဝင် လူငယ် တချို့ကို အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့သလို ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကိုလည်း သိမ်းဆည်းသွားခဲ့တယ်လို့ နီးစပ်သူ မိတ်ဆွေတွေက ပြောပါတယ်။ နောက်ဆက်တွဲအဖြစ် နေအိမ်ကိုလည်း ရှာဖွေတာတွေ ရှိခဲ့တယ်လို့ ထိန်းသိမ်း ခံနေရသူ မယဉ်ယဉ်ဝိုင်းရဲ့ မိသားစုမိတ်ဆွေတယောက်က ပြောပါတယ်။

“မနေ့ကတော့ သူတို့လာပြီး ပစ္စည်းတွေ ဘာတွေ ရှာတာရှိတယ်၊ မနေ့က ညနေမှာ။ ၁၃ ရက်နေ့ကလည်း အိမ်ကိုလာသွားတယ်။ လေဘေးအတွက် အလှူငွေပိုက်ဆံ ဘယ်မှာထားလဲဆိုပြီးတော့ မေးတယ်။ စရဖကလို့ ပြောတယ်။ ၆ ယောက် လောက်ရှိတယ်။ လေဘေးအတွက် အလှူငွေကိစ္စလို့ထင်တာပဲ။ အဲဒီအလှူငွေကို ပြန်သွင်းခိုင်းတယ်။ မနေ့ကမှပြောတာ။ ဘာအတွက်လို့တော့ မပြောဘူး။ လေဘေးကိစ္စအတွက်လို့တော့ထင်တာပဲ။ ဘယ်မှာလဲဆိုတာတော့ မပြောဘူး။”

ဒီလို နောက်ထပ်ဖမ်းဆီးခံရတဲ့အထဲမှာ တက်ကြွလှုပ်ရှားသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်တချို့လည်း ပါဝင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း သက်ဆိုင်ရာမိသားစုတွေကို အသိပေး အကြောင်းကြား တာမျိုးလည်းမရှိ၊ အာဏာပိုင်တွေက တရားဝင် ထုတ်ဖော် ပြောဆိုတာမျိုးလည်း မရှိတာမို့ တိတိကျကျ သိဖို့ကတော့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ဖမ်းဆီးခံနေရသူတွေနဲ့ နီးစပ်သူ မိတ်ဆွေတယောက်က ပြောပြပါတယ်။

“ကျနော်တို့အထဲမှာ တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ အမျိုးသမီးဆိုလို့ မနီမိုလှိုင်ပေါ့။ အဲလိုလူမျိုး လူမသိ၊ သူမသိ အဖမ်းခံရတယ်ဆိုတော့ မကောင်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးဖြစ်နေလို့။ ပြီးတော့ တခြားသော ၈၈ လုပ်ဖော်ကိုင်ဘက်တွေလည်း တော်တော်များများ ထိန်းသိမ်းခံရတယ်လို့ပြောတယ်။ သူတို့အတွက်လည်း တရားဝင်အကြောင်းကြားတာမျိုးမရှိဘဲ ဘယ်နေရာမှာ ဖမ်းတယ်ဆိုတာ မသိဘူး။ အဲဒီအတွက် သူတို့အတွက်လည်း တော်တော်စိတ်ပူရတယ်။ သူတို့ကို ဘာကြောင့်ဖမ်းသွားတယ်၊ ဘာပြစ်မှုကျူးလွန်လို့ ဖမ်းတာလည်းဆိုတာ မသိရသေးဘူး။ ဖမ်းဆီးသွားတယ်ဆိုတာ မိသားစုတွေကိုလည်း အကြောင်းမကြား သေးဘူးလို့ သိရတယ်။ ကျနော်တို့ဖြစ်စေချင်တာတော့ ဒီလူတွေကို ဖမ်းတယ်ဆိုရင်လည်း ဘာပြစ်မှုကိုကျူးလွန်လို့ ဖမ်းတယ်ဆိုတာ ဖြစ်စေချင်တယ်။ ပြီးတော့ မိသားစုကလည်း အရမ်း စိုးရိမ်ရတယ်။”

ဒီလူတွေ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်မလာခင် ရက်ပိုင်းလောက်ကပဲ နိုင်ငံကျော် လူရွှင်တော်၊ စွယ်စုံအနုပညာရှင် ဇာဂနာ၊ အားကစားသတင်းဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး စတဲ့ လေဘေး အကူအညီပေးရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်နေသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ်လည်း မိသားစုနေအိမ်တွေကို ရှာဖွေတာတွေ၊ ပစ္စည်းတချို့ကို သိမ်းဆည်းတာတွေ ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီလို စေတနာ့ဝန်ထမ်း တပိုင်တနိုင် ကူညီနေသူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးနေတဲ့အပေါ် ရင်းနှီးသူမိတ်ဆွေတွေက စိုးရိမ်ပူပန်စရာတွေ ဖြစ်နေကြရပါတယ်။

“ကျနော်ပြောချင်တာက အခုလို သဘာဝဘေးဒဏ်ခံရတဲ့ လူတွေကို ဒီလူတွေက တဖက်တလမ်းက ကူညီနေတာပါ။ အဲဒါကြောင့် ဒီလိုမျိုးတော့ မဖြစ်စေချင်ဘူး။ ၈၈ မျိုးဆက် ကျောင်းသားတွေကလည်း တိုင်းပြည်အတွက်ကောင်းဖို့ လုပ်နေကြတာပဲ။ တိုင်းပြည်ကိုဒုက္ခပေးမယ်၊ ဖျက်လိုဖျက်ဆီးလုပ်မယ်ဆိုတဲ့လူတွေ တယောက်မှ မပါပါဘူး။ အဲဒီတော့ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တွေအနေနဲ့လည်း သူတို့အတွက် အမြဲတမ်းစိတ်ပူနေရတယ်။ ပြီးတော့ အမြန်ဆုံးလည်း ပြန်လွှတ်စေချင်ပါတယ်။”

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက လေဘေးကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ဖမ်းတာဆီးတာတွေ လုပ်နေရာမှာ အခုနောက်ဆုံး ရန်ကုန်မြို့မှာ ထိန်းသိမ်းမှုတွေ ရှိနေတဲ့အကြောင်း နီးစပ်သူတွေ၊ လုပ်ဖော်ကိုင်ဘက်တွေက ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG