သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီအင်အားစုများ အားထားရာ သာသာနာ့သိပ္ပံကျောင်းတိုက် အပိတ်ခံရ


မကြာသေးခင်ကမှ ဘဝနတ်ထံ ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဘဒ္ဒန္ဒ တေဇိန္နစာရ သီတင်းသုံးနေထိုင်တဲ့ ရန်ကုန်မြို့က သာသနာ့သိပ္ပံကျောင်းတိုက်ကို အာဏာပိုင်တွေက မကြာသေးခင်ကပဲ ချိတ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဘာသာရေးအခမ်းအနားတွေ ဆောင်ရွက်လေ့ရှိတဲ့ ဆရာတော်ရဲ့ကျောင်းကို အခုလို အာဏာပိုင်တွေက သိမ်းယူလိုက်တဲ့အပေါ် ဆရာတော်ကို ကြည်ညိုလေးစားသူတွေက ဘယ်လိုသဘောထားနေကြပါသလဲ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

သိက္ခာတော် ၅၂ ဝါ၊ သက်တော် ၇၂ နှစ်ရှိတဲ့ ဆရာတော် ဘဒ္ဒန္ဒ တေဇိန္နစာရရဲ့ ဗဟန်းမြို့နယ်က သာသနာ့သိပ္ပံကျောင်းတိုက်ကို ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူပြီး ရက်ပိုင်းအတွင်းမှာပဲ အာဏာပိုင်တွေက သိမ်းယူလိုက်တာပါ။ ဆရာတော်ဆုံးပါးပြီး ၁၀ ရက်အကြာမှာပဲ ဆရာတော်နေထိုင်ခဲ့တဲ့ကျောင်းမှာ သီတင်းသုံးနေကြတဲ့ သံဃာတော်တချို့ကို ဖယ်ရှားပြီး အာဏာပိုင်တွေက ချိတ်ပိတ်သိမ်းဆည်းလိုက်တာလို့ ဆရာတော်ကို လေးစားကြည်ညိုသူ ဒကာတယောက်က ပြောပြပါတယ်။

“စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်းက သာသနာရေးလည်းကိုင်တယ်၊ သူက ၁၃-၆-၂၀၀၈၊ ညနေ ၅ နာရီမှာ သာသနာ့သိပ္ပံကျောင်းကို ချိတ်ပိတ်သွားတယ်။ အဲဒီ ချိတ်ပိတ်သွားတဲ့အကြောင်းကို သံဃာ့မဟာနာယကအဖွဲ့ဆီကို ကျောင်းကို ပြန်ရချင်ရင် ပြန်လျှောက်နိုင်တယ်လို့လည်း ပြောတယ်။ အခု ကျောင်းမှာရှိတဲ့သံဃာတွေက အဲဒီအနီးအနား ပတ်ဝန်းကျင်မှာ အာဂန္တုအနေနဲ့ သွားနေနေရတယ်။”

အခုလို ကျောင်းကိုသိမ်းယူခဲ့ပေမယ့်လည်း အာဏာပိုင်တွေဘက်က ဘာအကြောင်းကြောင့်ဆိုတာ အကျိုးအကြောင်း တစုံတရာ ရှင်းလင်းပြောဆိုတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း ဆရာတော်ဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကျင်းပလေ့ရှိတဲ့ ဘာသာရေးအခမ်းအနားတွေကို ပါဝင်ဆောင်ရွက်ပေးလေ့ရှိသလို အခုသိမ်းယူခံရတဲ့ ကျောင်းမှာလည်း အာဏာပိုင်တွေရဲ့ ဟန့်တားမှုတွေကြားက လက်ခံကျင်းပလေ့ရှိတာဖြစ်တာမို့ ဒါတွေဟာ အကြောင်းရင်းခံတွေ ဖြစ်လိမ့်မယ်လို့ ယူဆနေတာလည်း ဖြစ်ပါတယ်။

“ကျနော်တို့ထင်ရတာတော့ ဟိုတုန်းက ၈၈ အခမ်းအနားတို့ ဘာတို့လုပ်တယ်။ နောက် ဆရာတော်ကြီးတွေက အန်န်အယ်လ်ဒီရုံးချုပ်က ဘာသာရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေလုပ်ဖို့ ပင့်ရင် ကြွတယ်။ အဲဒါမျိုးတွေရှိဘူးတဲ့အတွက် ပိတ်တာလို့ ထင်ရတာပေါ့။”

အခုလ ၃ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော်ကြီးရဲ့ အန္တိမဈာပန အခမ်းအနားကို ၇ ရက်နေ့မှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။ ဒီလို ဆရာတော်ကြီး ပျံလွန်တော်မူခဲ့တဲ့နောက် ဒီလို ကျောင်းကို အာဏာပိုင်တွေက သိမ်းယူလိုက်တဲ့အတွက်ကြောင့်မို့လို့လည်း ဆရာတော်ကို လေးစားကြည်ညိုသူတွေအနေနဲ့ ခံပြင်းစိတ်တွေ ဖြစ်နေရတယ်လို့လည်း ဆိုပါတယ်။

“ဆရာတော်ကြီးရဲ့ သြဇာ၊ သူ့ဘုန်းကတော့ ကြီးပါတယ်။ အခု ရက်လည်မှာဆိုရင်လည်း ဒကာ၊ ဒကာမတွေ တော်တော်များများလာတယ်။ အခု ရက်လည်တဲ့အခမ်းအနားအတွက် ဒကာတဦးတည်းက အကုန်အကျခံ လုပ်ပေးတာမျိုးတွေရှိတယ်။ တော်တော်ကြီးကို ဘုန်းကံကြီးပါတယ်၊ ဆရာတော်ကြီးအနေနဲ့။ ဘုန်းကြီးကလည်း တကယ်တော်တဲ့ ဆရာတော်ကြီးဆိုတော့။ အလွန်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့အတွက် ဝမ်းနည်းရတာကတမျိုး၊ အခု ကျောင်းကို ချိတ်ပိတ်ခံရတယ်ဆိုတော့ ဝမ်းလည်းနည်း၊ ဒေါသလည်းထွက်ပေါ့၊ အဲလို ခံစားရပါတယ်။ ကျနော်တင်မကပါဘူး၊ တခြား ဒကာ၊ ဒကာမတွေအကုန်လုံး အဲလိုပဲ ခံစားနေရပါတယ်။ စိတ်မကောင်းဖြစ်တာရော၊ ဒေါသထွက်တာရော တော်တော်လေးကို ဆိုးဆိုးဝါးဝါး ခံစားရပါတယ်။”

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က သာသနာ့သိပ္ပံကျောင်းတိုက်ကို အာဏာပိုင်တွေ သိမ်းယူခဲ့တာနဲ့ပတ်သက်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော် တေဇိန္နစာရကို ကြည်ညိုလေးစားသူ ဒါယိကာတဦး ပြောသွားခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေ ဦးဆောင်ဆန္ဒပြပွဲကာလတွေအတွင်း ရန်ကုန်မြို့က ထင်ရှားတဲ့ မဂ္ဂင်ကျောင်းတိုက်က ဆရာတော် သံဃာတော်ကို ဖမ်းဆီးတာတွေ၊ ဖယ်ရှားတာတွေ လုပ်ခဲ့အပြီး နောက်ဆုံး ကျောင်းတိုက်ကို အာဏာပိုင်တွေက ပိတ်ပစ်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG