ပါကစ္စတန် နိုင်ငံထဲမှာ ပုန်းအောင်းနေတဲ့
တာလီဘန် ခေါင်းဆောင်တွေကို လိုက်လံရှာဖွေဖို့ အာဖဂန်တပ်တွေကို စေလွှတ်မယ်လို့
အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်းက ခြိမ်းခြောက် လိုက်ပါတယ်။ အာဖဂန်နဲ့
ညွှန်ပေါင်းတပ်ဖွဲ့တွေကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်နေတာတွေကို
သည်းညည်းခံတော့မှာ မဟုတ်ဘူးလို့ သူက သတိပေးပြောပါတယ်။
ကဘူးမြို့မှာ မနေ့က
လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း စစ်သွေးကြွတွေနဲ့ ပါကစ္စတန် အစိုးရကို
မစ္စတာကာဇိုင်းက အခုလို သတိပေး ပြောလိုက်တာ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံအနေနဲ့
ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့် ရှိတယ်လို့ မစ္စတာကာဇိုင်းက ပြောပါတယ်။
အယ်ကိုင်းဒါး အနွယ်၊ ကိုယ့်ကိုယ်ကို ပါကစ္စတန် တာလီဘန ်ခေါင်းဆောင်လို့ ပြောနေတဲ့ Baitullah Mehsudနဲ့ မိုလာ အိုမာ
တို့ရဲ့ နာမည်ကို ဖော်ထုတ်ပြီး အာဖဂန် တပ်တွေအနေနဲ့ သူတို့ရှိတဲ့
နေရာပိုင်နက်တွေကို ပစ်မှတ်ထား တိုက်ခိုက် သွားမယ်လို့ အာဖဂန် ခေါင်းဆောင်က
ပြောပါတယ်။ သူတို့ နှစ်ဦးဟာ အာဖဂန် နယ်စပ်က မျိုးနွယ်စု ဒေသတွေမှာ အခြေချ နေတယ်လို့
ယုံကြည်ရပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် ယူဆာဖ် ရာဇာ
ဂီလာနီကတော့ ပါကစ္စတန်ရဲ့ အချုပ်အခြာပိုင်နက် နယ်မြေကို ကျူးကျော် လာသူ ဘယ်သူကိုမဆို
ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ သောကြာနေ့တုန်းက ကန်ဒါဟာမြို့က ထောင်ကို
တာလီဘန် သူပုန်တွေက တိုက်ခိုက်အပြီး မစ္စတာ ကာဇိုင်းက အခုလို သတိပေးချက်
ပြောလိုက်တာဖြစ်ပါတယ်။ ကနေဒါ ကာကွယ်ရေး ဝန်ကြီးကတော့ အာဖဂန်နဲ့ ပါကစ္စတန်အကြား
တင်းမာမှု ပြဿနာတွေကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်း ပါတယ်။