သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အောက်လွှတ်တော်အမတ် မြန်မာစစ်အစိုးရကို ဝေဖန်


မြန်မာနိုင်ငံမှာ စစ်အစိုးရက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဖိအားပေး နှိပ်ကွပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ ကျူးလွန်နေတာကြောင့် မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသင့်တယ်လို့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် လန်ကတ်စ်တာ ချက်စ်တာနဲ့ ဘာ့က်စ်မြို့တွေကို ကိုယ်စားပြုတဲ့ အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဇက် ပစ် (Joseph Pitts) က ဇွန်လ ၁၂ ရက်နေ့က အောက်လွှတ်တော်ရှေ့မှောက်မှာ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရပိုင် သတင်းမီဒီယာတွေထဲမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးလိုက်တဲ့ကိစ္စနဲ့ ဥပဒေနဲ့အညီ လုပ်တာဖြစ်တဲ့အကြောင်း ရေးသားဖော်ပြခဲ့ပြီးတဲ့နောက် အောက်လွှတ်တော်အမတ် ဂျိုးဇက် ပစ်က အောက်လွှတ်တော်မှာ အခုလို ပြောကြားသွားတာပါ။

“မြန်မာပြည်သူတွေက တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လုံခြုံရေးကို နှောင့်ယှက်ဖျက်ဆီးမယ့် ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ အခုလို အရေးယူ ထိန်းသိမ်းရတာလို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေက ဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရသာ အပြစ်ပေး အရေးယူ ခံရသင့်တာပါ။”

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း …

“မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေ အကူအညီ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ နိုင်ငံတကာရဲ့ အကူအညီတွေကို ရက်သတ္တပတ်နဲ့ချီပြီး ကန့်သတ်ပိတ်ပင်ထားတာ၊ မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ၊ တိုင်းရင်းသားလူနည်းစု အမျိုးသမီးတွေကို အဓမ္မပြုကျင့်၊ မျိုးနွယ်ဆက်တုန်းအောင် သွေးနှောမှုတွေလုပ်တာ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်တပ်ထဲအတင်းသွင်းပြီး စစ်သားလုပ်ခိုင်းတာ၊ နောက် နိုင်ငံရဲ့ သဘာ၀ သယံဇာတတွေကို တိုင်းပြည်အတွက်မသုံးဘဲ မိမိ မိသားစု ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာ၊ ဒါတွေကို ကျူးလွန်နေတာက မြန်မာစစ်အစိုးရပါ။ ဒါကြောင့် မြန်မာစစ်အစိုးရကသာ အရေးယူ အပြစ်ပေးတာကို ခံရမှာပါ။”

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် လန်ကတ်စ်တာ ချက်စ်တာနဲ့ ဘာ့က်စ်မြို့တွေကို ကိုယ်စားပြုတဲ့ အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဇက် ပစ် အောက်လွှတ်တော်မှာ ဇွန်လ ၁၂ ရက်နေ့က ပြောကြားသွားခဲ့တာပါ။ အဲဒီနေ့ တရက်တည်းမှာပဲ အထက်လွှတ်တော်မှာလည်း ၂၀၀၃ ခုနှစ် “The Freedom and Democracy Act” လို့ခေါ်တဲ့ မြန်မာစစ်အစိုးရအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှု ဒဏ်ခတ်အက်ဥပဒေကို နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ကန်တာကီပြည်နယ် ရီပတ်ပလီကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနယ်လ် (Mitch McConnell) နဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဒိုင်ယန်း ဖိုင်းစတိန်း (Dianne Feinstein) တို့က ဦးဆောင်ပြီး ကျန်လွှတ်တော်အမတ်တွေကို ဒီအက်ဥပပဒေ သက်တမ်းတိုးရေး ထောက်ခံအတည်ပြုကြဖို့ အထက်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအက်ဥပဒေမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့် ပိတ်ပင်ထားသလို မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကိုလည်း အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှု စတာတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရဘက်က တိုးတက်မှု တစုံတရာ မပြခဲ့သလို မုန်တိုင်းကာလ ဒုက္ခသည်တွေကို ကူညီဖို့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်တွင်းဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တာဟာဆိုရင်လည်း မုန်တိုင်းဘေးဒုက္ခသည်တွေကို ပိုပြီး အတိဒုက္ခရောက်အောင် လုပ်တာကြောင့်မို့လို့ ဒါဟာ သိပ်ကို လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်၊ ဒီလို လုပ်ရပ်တွေကြောင့် မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လုပ်သင့်တဲ့အကြောင်း အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနယ်လ်ရဲ့ ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG