သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ နိုင်ငံတကာ ရာဇဝတ် ပြစ်မှု ကျူးလွန်မှုရှိမရှိ အမေရိကန်အစိုးရ စိစစ်ပေးဖို့ တောင်းဆို


သန်းနဲ့ချီတဲ့ နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသူတွေအတွက် နိုင်ငံရပ်ခြားက ကူညီမှုတွေကို မြန်မာစစ်ခေါင်းဆောင်တွေ ကန့်သတ်ပိတ်ပင်တာတွေဟာ နိုင်ငံတကာဥပဒေအရ လူသားချင်းစာနာမှု ရာဇဝတ်မှုမြောက်မမြောက် တရားရေးထင်မြင်ချက်တရပ် နိုင်ငံခြားရေးဌာနက ပေးအပ်ဖို့ နိုင်ငံရေးသြဇာကြီးမားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ (John Kerry) က တောင်းခံလိုက်ပါတယ်။ မစ္စတာကယ်ရီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleeza Rice) ဆီကို စာပေးပို့ တောင်းခံခဲ့တာဖြစ်ပြီး မြန်မာစစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေအတွက် အလွန်စိတ်ပူပန်တယ်လို့လည်း ဖော်ပြထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၀၄ ခုနှစ်တုန်းက သမ္မတဘုရှ်နဲ့ယှဉ်ပြီး သမ္မတလောင်း ဝင်အရွေးခံခဲ့တဲ့ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီက ဇွန်လ ၁၇ ရက် နေ့စွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးဆီကို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့စာတစောင် ပေးပို့ခဲ့တာပါ။ မြန်မာစစ်အာဏာရှင်တွေက နိုင်ငံရပ်ခြားက ကူညီပံ့ပိုးမှုတွေ လက်ခံဖို့ ငြင်းပယ်တာမို့ ဒါဟာ မြန်မာလူထုကို ဆိုးဝါးလှတဲ့ဒုက္ခနဲ့ တွေ့ကြုံစေပြီး ဆုံးရှုံးနစ်နာမှုတွေကို ဖြစ်စေတယ်၊ မြန်မာဒုက္ခသည် တသန်းအတွက် အသက်အန္တရာယ် ထပ်ပြီးမကြုံတွေ့စေဖို့ နိုင်ငံတကာက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ကမ်းလှမ်းခဲ့ပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေက စနစ်တကျ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ခဲ့တာမို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနအနေနဲ့ မြန်မာဒုက္ခသည်တွေဆီ လူသားချင်းစာနာမှု အကူအညီတွေ စစ်အစိုးရဘက်က ပေးခွင့်ပြုလာဖို့အတွက် တတ်နိုင်သမျှနည်းလမ်းနဲ့ ဖိအားပေးဖို့ စဉ်းစားသင့်ပါတယ်လို့လည်း မစ္စတာကယ်ရီက ပြောပါတယ်။

ဆိုင်ကလုံးဒဏ်ခံရပြီးနောက် အငတ်ဘေး၊ ရောဂါဘယဘေးနဲ့ ချို့တဲ့မှုဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်တာ အားလုံးအသိဖြစ်ပေမယ့် ကုလသမဂ္ဂ အဆိုအရ မုန်တိုင်းဒဏ်ခံရသူ ၂.၄ သန်းရှိတဲ့အထဲက တသန်းကျော်ဟာ မုန်တိုင်းဒဏ်ခံခဲ့တာ သီတင်း ၆ ပတ်ကျော်လာတဲ့တိုင် ကယ်ဆယ်ကူညီမှုတွေ မရကြသေးဘူးလို့ သိရတဲ့အတွက် ဒီဒုက္ခသည်တွေအတွက် ကူညီမှုတွေကို USAID ကူညီရေးအဖွဲ့က ထိထိရောက်ရောက် မပေးနိုင်အောင် တားဆီးပိတ်ဆို့မှုတွေလည်း အခုထိ ရှိနေတုန်းပဲလို့ စာထဲမှာ ရေးသားထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံး (OCHA) ကလည်း NGO အစိုးရမဟုတ်တဲ့ စေတနာရှင် ကူညီရေးအဖွဲ့တွေအတွက် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတာ သိပ်ကိုနှေးကွေးလွန်းတာမို့ သွားရောက်နိုင်ရေးတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စမျိုးတွေဟာ လက်ခံနိုင်လောက်တဲ့ အနေအထားတွေ မဟုတ်တဲ့အပြင် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် (Robert Gates) ကလည်း ဒီစစ်အာဏာရှင်တွေဟာ သူ့ပြည်သူလူထုရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံလိုအပ်ချက်တွေတောင် ဖြည့်ဆည်းမပေးနိုင်ဘဲ ရာဇဝတ်မှုသင့်တဲ့ လျစ်လျူရှုမှုတွေ လုပ်နေတာ ထင်ရှားတယ်လို့ ပြောခဲ့ပါတယ်။

ရောမ နိုင်ငံတကာ ရာဇဝတ်ခုံရုံး အက်ဥပဒေ အပိုဒ် ၇ မှာ လူထုအပေါ် တိုက်ရိုက် ထိခိုက်နစ်နာစေမှုရှိအောင် စနစ်တကျပဲလုပ်လုပ်၊ အများနစ်နာစေအောင် လုပ်တဲ့ထဲမှာ တစိတ်တပိုင်းပဲပါပါ၊ ဒီပြစ်မှုမျိုးကို လူသားချင်းစာနာမှုဆိုင်ရာ ရာဇဝတ်မှုအဖြစ်နဲ့ သတ်မှတ်ထားတာမို့ အခု မြန်မာနိုင်ငံတွင်းက နာဂစ်ဆိုင်ကလုံးဒဏ် ခံရသူတွေအတွက် မြန်မာစစ်အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ တရားရေးရှုထောင့်ကနေ ဘယ်လိုရှုမြင်တယ်ဆိုတဲ့အပေါ် တရားရေးထင်မြင်ချက်ကို တောင်းခံထားတာပါ။

အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီက နိုင်ငံခြားရေးဝန်ကြီး မစ္စရိုက်စ်ဆီပို့တဲ့စာကို နိုင်ငံခြားရေးဝန်ကြီးဌာန တရားရေးအကြံပေး ဂျွန်ပီ ဘလင်ကာဆီကိုပါ မိတ္တူတွဲပို့ထားတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG