သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီ ရှေ့လထဲ မြန်မာနိုင်ငံကို သွားဖို့ရှိ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ (Mr. Gambari) အနေနဲ့ မြန်မာနိုင်ငံကို နောက်လသွားရောက်ဖို့ မျှော်လင့်တယ်လို့ အင်္ဂါနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီးက ထုတ်ဖော်ပြောကြားသွားပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ တာဝန်ပေးခံရသူ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီဟာ မေလက နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်အတွင်း အီရတ်နိုင်ငံအရေးမှာ ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေလို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အသံတိတ်ခဲ့ပေမယ့် နောက်လကျ မြန်မာနိုင်ငံကိုသွားရောက်ဖို့ စီစဉ်ထားတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီး မစ်ရှဲလ် မွန်းတပ်စ် (Michelle Montas) က အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံရေး ပြဿနာ အဖြေရှာရာမှာ ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကို ရှေးရှုဆောင်ရွက်ပေးဖို့ မစ္စတာဂမ်ဘာရီအနေနဲ့ နောက်လ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။ သူ့အနေနဲ့ ပြီးခဲ့တဲ့ ၂ လတာအတွင်း ဘယ်လိုခြေလှမ်းတွေ ဆောင်ရွက်ခဲ့တယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားလို့ မရနိုင်တဲ့အကြောင်း” မစ္စမွန်းတပ်စ်က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

မစ္စတာဂမ်ဘာရီအနေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်တွေ ဦးစီးတဲ့ ဆန္ဒပြမှုကို မြန်မာစစ်အစိုးရက ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့အပြီး မြန်မာနိုင်ငံကို နှစ်ကြိမ်သွားရောက်ခွင့် ရခဲ့ရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာ့နိုင်ငံရေး ပြဿနာ အဖြေရှာရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံအကျိုးကို ရှေးရှုပြီး မြန်မာစစ်အစိုးရနဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ ရည်ညွှန်းထားတဲ့ ကြေညာချက်ကို မစ္စတာဂမ်ဘာရီ ယူဆောင်ခဲ့ပါတယ်။

ဒီနှစ်အတွင်း စောစောပိုင်း ဧပြီလလယ်လောက်မှာ မြန်မာနိုင်ငံကို လာခွင့်ရရှိထားတဲ့ မစ္စတာဂမ်ဘာရီအနေနဲ့ မတ်လစောစောပိုင်းက လေးရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီခရီးစဉ်မတိုင်မီ ဗွီအိုအေမြန်မာပိုင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မျှော်မှန်းချက်ကို အခုလိုပြောကြားခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ ဇွဲ၊ လုံ့လ မလျှော့ဘဲ ကြိုးစားသွားကြရမှာပါ။ အဓိကအချက်တွေကို မျက်ခြည်ပြတ် မခံဖို့ပါပဲ။ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့၊ လူ့အခွင့်အရေးကို ရိုသေလေးစားတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ပါပဲ။ ဒါကို မြန်မာနိုင်ငံသားတွေက လိုလားကြသလို အိမ်နီးချင်းနိုင်ငံတွေကရော၊ အာဆီယံရော၊ နိုင်ငံတကာကရော လိုလားကြတာပါ။ ဒီလိုဖြစ်လာရေးအတွက်လည်း ကျနော်တို့ ဆက်ပြီး အားပေးလုပ်ဆောင်သွားမှာ ဖြစ်သလို မြန်မာစစ်အစိုးရဘက်ကလည်း ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာစစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို မေလမှာ ကျင်းပပေးပြီး သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေးဖော်ဆောင်မှုမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားအုပ်စုအားလုံး ပါဝင်ခွင့်ပြုဖို့ ကုလသမဂ္ဂက တိုက်တွန်းပြောကြားမှုကလည်း သူ့ရဲ့ နောက်ဆုံးခရီးစဉ်အတွင်း ပေါက်မြောက်အောင်မြင်တဲ့ အရိပ်လက္ခဏာ မတွေ့ခဲ့ရဘူးလို့ မြန်မာအကဲခတ် ပုဂ္ဂိုလ်တွေက သုံးသပ်ခဲ့ကြပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး အသစ်ဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံသား တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအကြောင်းကို လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံစာတစောင် အခုလစောစောပိုင်းက တင်သွင်းခဲ့ပါတယ်။ သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားတဲ့အတိုင်း နိုင်ငံတကာက လက်ခံနိုင်တဲ့၊ ယုံကြည်ကိုးစားလောက်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်ဖို့ လိုအပ်တဲ့အတိုင်း သူနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာစစ်အစိုးရအတွက်လည်း အကျိုးရှိမှာမို့ မြန်မာနိုင်ငံကို သွားရောက်ခွင့်ပြုဖို့ မစ္စတာကင်တားနားက တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် နာဂစ်ဆိုင်ကလုံးမုန်တိုင်းဘေး ကယ်ဆယ်ရေးအတွက် မြန်မာစစ်ခေါင်းဆောင်ပိုင်းက အလုပ်ရှုပ်နေတာကြောင့် လာခွင့်ပြုနိုင်မယ်၊ မပြုနိုင်ဘူးဆိုတာကို ချက်ချင်း အဖြေမပေးနိုင်သေးဘူးလို့ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က ထိုစဉ်က ဖြေကြားသွားပါတယ်။

နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ရှေ့တိုးလုပ်ဆောင်ခဲ့တဲ့ မြန်မာစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုများ ရှိနေတာကို စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကိုသွားရောက်ခွင့် စောင့်ဆိုင်းနေချိန်မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီအနေနဲ့ နောက်လ မြန်မာနိုင်ငံကိုသွားရောက်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း ရုတ်တရက် ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဖြစ်ထွန်းတိုးတက်မှုဟာ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေးအတွက် နိုင်ငံတကာရဲ့ အထောက်အကူတွေရရှိအောင် ကြိုးပမ်းပေးရာမှာ ကူညီခဲ့သူ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ သံတမန်ရေး ကြိုးပမ်းချက်တရပ်လို့ ရှုမြင်ပါတယ်။ မစ္စတာဘန်ကီမွန်းအနေနဲ့ မြန်မာစစ်အစိုးရကို ဒီမိုကရေစီ ဖော်ဆောင်ရာမှာ လမ်းပြမြေပုံကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့လည်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ အစီရင်ခံရာမှာ တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG