သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဝကျွန်းပေါ်လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး ပြည်ပအကူအညီလိုအပ်


မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက လယ်သမား ၅၂,၀၀၀ ဟာ နိုင်ငံတကာရဲ့ အကူအညီတွေသာ မရခဲ့ရင် စပါးပြန်စိုက်နိုင်မှာ မဟုတ်ဘူးလို့ FAO ကုလသမဂ္ဂ စားနပ် ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီလယ်သမားတွေကို ကူညီဖို့ ရေတို ရေရှည် စီမံကိန်းတွေအတွက် အကူအညီငွေ အမေရိကန်ဒေါ်လာ ၈၃ သန်းလိုအပ်နေတယ် လို့လည်းဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ ဝိုင်းတော်သား ဦးကျော်ကျော်သိန်းက တင်ပြပါတယ်။

နာဂစ်မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ နိုင်ငံတကာကျွမ်းကျင်သူတွေ၊ FAO ကျွမ်းကျင်သူတွေနဲ့ မြန်မာ အစိုးရဘက်က ကျွမ်းကျင်သူတွေ သီးခြား လွတ်လွတ်လပ်လပ် တိုင်းတာစစ်ဆေးမှုကနေ တွေ့ရှိခဲ့တာတွေကို ဒီကနေ့ ဘန်ကောက်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ FAO တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားခဲ့တာပါ။

ဆိုင်ကလုံးမုန်တိုင်းဟာ မြန်မာနိုင်ငံရဲ့ အဓိကစားကုန်ဖြစ်တဲ့ ဆန်စပါးထုတ်လုပ်ရာ စပါးကျီဒေသကို မွှေနှောက်ခဲ့တဲ့အတွက် လယ်သမားတွေရဲ့ မျိုးစပါးတွေ၊ ဓာတ်မြေသြဇာတွေ၊ စိုက်ပျိုးရေးကိရိယာတွေပျက်စီးပြီး လယ်ထွန်တဲ့ကျွဲနွားတွေလည်း သေဆုံး ခဲ့ရတယ်လို့ FAO အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြီးအကဲ ဟိရိုယုကိ ကိုနုမ (Hiroyuki Konuma) ကပြောပါတယ်။ ဒါ့ကြောင့်

"ပြည်ပက အထောက်အပံ့တွေမရှိရင် သူတို့တွေဟာ ဆာလောင်ငတ်မွတ်မှုနဲ့ ဆင်းရဲမွဲတေမှုတွေကို ကာလတာရှည် ခံစားကြရပါ လိမ့်မယ်။ ဒါ့အပြင် ပြည်ပကအကူအညီတွေပေါ်မှာ ကာလတာရှည် ဆက်ပြီးတော့ မှီခိုနေကြရပါလိမ့်မယ်။" လို့ ပြောပါတယ်။

ဒီအခြေအနေကနေ ပြန်လည် ရုန်းထနိုင်ရေး ကူညီဖို့အတွက် ရေတို ရေရှည် စီမံကိန်းတွေကို FAO က အစီရင်ခံစာပြုစုပြီး နိုင်ငံတကာ အလှူရှင်တွေ၊ အစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရဆီကို ပေးပို့ထားပါတယ်။ အဲဒီလို အစီရင်ခံစာ ပြုစုနိုင် အောင် လိုအပ်ချက်တွေကို တိုင်းတာ စစ်ဆေးတဲ့ အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး သီတင်းသုံးပတ်ကြာ တိုင်းတာစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါ တယ်။ စစ်ဆေးမှုကနေ တွေ့ရှိတဲ့ အချက်အလက်တွေကနေ တဆင့် ရေတို ရေရှည် စီမံကိန်းတွေအတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၃ သန်း လိုအပ်မယ်လို့ FAO ကဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ တိုင်းတာစစ်ဆေးတဲ့အဖွဲ့ကို ဦးဆောင်ခဲ့သူ FAO ရဲ့ လိုအပ်ချက်တိုင်းတာစစ်ဆေးရေးအဖွဲ့က မစ္စတာ အယ်လ် ဘတ်တ် လိုင်းဘာ့ဂ် (Albert Lieberg) က

"အရေးပေါ်လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်းလိုအပ်မယ့်အကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကို ကျနော်တို့ အဆိုပြုတင်ပြထားပါတယ်။ ဒီထဲမှာ သီးနှံစိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ သစ်တောလုပ်ငန်း တွေအတွက် ပါဝင်ပါတယ်။ ၂၄ လအထိကာလရှိတဲ့ ရေရှည် ပြန်လည်ထူထောင်ရေးအတွက်တော့ စုစုပေါင်းရန်ပုံငွေ လိုအပ်ချက် ၅၁ သန်းရှိမယ်လို့ တင်ပြ ထားပါတယ်။" လို့ အယ်လ်ဘတ် လိုင်းဘာ့ဂ်က ပြောပါတယ်။

FAO အပါအဝင် ကျွမ်းကျင်သူတွေ တိုင်းတာ စစ်ဆေးခဲ့တဲ့ မြို့နယ် ၁၁ မြို့နယ်မှာ လယ်မြေဧကပေါင်း ၁ ဒဿမ ၄ သန်းကျော် ဟာ ရေဖုံးလွှမ်းနေတာကို တွေ့ခဲ့ရတယ်လို့ အယ်လ်ဘတ်တ်က ပြောပါတယ်။ လယ်ယာစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ကိရိယာတွေ၊ ကျွဲနွားတွေ စသည် ဆုံးရှုံးသွားရလို့ လယ်ပြန်စိုက်ဖို့ အခက်အခဲ တွေ့နေရတဲ့ စုစုပေါင်း လယ်သမား အရေအတွက်နဲ့ ပတ်သက်ပြီးတော့ ပြောရာမှာ -

"ဒီမုတ်သုန်ရာသီမှာ စပါးမစိုက်ပျိုးနိုင်တဲ့ လယ်သမားအရေအတွက်ဟာ ၅၂,၀၀၀ ရှိပါတယ်။ သူတို့ကို ထောက်ပံ့ ကူညီ တာတွေ မလုပ်ဘူးဆိုရင်တော့ ၂၀၀၈ ခုနှစ် မုတ်သုန်စပါးစိုက်ရာသီမှာ စပါးစိုက်ပျိုးနိုင်ကြမှာမဟုတ်ပါဘူး။" လို့ အယ်လ်ဘတ်တ်က ပြော ပါတယ်။

ဒီလယ်သမားတွေ စပါးမစိုက်နိုင်တဲ့အတွက် လျော့ကျသွားမယ့်စပါးအထွက်နှုန်းဟာ စပါးမက်ထရစ်တန် သန်းဝက်၊ တန် ၅၀၀,၀၀၀၊ တနိုင်လုံး စပါးထုတ်လုပ်မှုရဲ့ ၂% ပဲရှိပါတယ်။ ဒါပေမယ့် ဒီ ၂% လောက်ကိုပဲ ကြည့်လို့မရဘူးလို့ အယ်လ်ဘတ်တ်က ဆိုပါတယ်။

"ဒီ ၂ ရာခိုင်နှုန်းက နည်းနည်းလေးပဲလို့ ထင်ရပေမယ့် ဒီရာခိုင်နှုန်းပေါ်မှာပဲ ကျနော်တို့ပြောမယ်ဆိုရင် အကြီးအကျယ်ကို မှားယွင်းပါလိမ့်မယ်။ အရေးကြီးတာကဘာလဲဆိုတော့ ဘေးဒုက္ခရောက်ကြမယ့် မိသားစုအရေအတွက်၊ အရေးပေါ် အကူအညီတွေ လိုအပ်တဲ့ မိသားစုအရေအတွက်ပါ။ ဒါဟာ တခုတည်းသော အဓိကကျ အရေးပါတဲ့အချက်ပါပဲ။" လို့ပြောပါတယ်။

မုန်တိုင်းကြောင့် လယ်ထွန်ရာမှာ အဓိကအရေးပါတဲ့ ကျွဲနွားကောင်ရေ ၁၂၀,၀၀၀ ကျော် ဆုံးပါးခဲ့ရပါတယ်။ သူတို့နေရာမှာ လယ်ထွန်စက်တွေကို အစားထိုး အသုံးပြုဖို့ တရုတ်၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေက လယ်ထွန်စက်တွေ ပေးပို့ထားပေမယ့် အခက် အခဲတွေက ရှိနေပါတယ်။ ဒီလယ်ထွန်စက်တွေကို လယ်သမားတွေက ချက်ခြင်း အသုံးမပြုတတ်သလို အသုံးပြု တတ်ပြန်ရင် လည်း ဒီဇယ်လောင်စာဆီ လိုအပ်ချက်က ရှိနေပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာရှ-ပစိဖိတ်ဒေသ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် အမှုဆောင်အတွင်းဝန် ဒေါက်တာ နိုးလင်းန်း ဟေးဇာ (Noeleen Heyzer) က မြန်မာနိုင်ငံအတွက် ဒီဇယ်လောင်စာဆီ ဂါလန် တသန်း ကူညီကြဖို့ အထူးသဖြင့် အရှေ့တောင် အာရှဒေသ နိုင်ငံတွေကို အကူအညီတောင်းခံခဲ့ပါတယ်။

ဒါပေမယ့် FAO ရဲ့ အယ်လ်ဘတ်တ် လိုင်းဘာ့ဂ်ကတော့ သူ့အနေနဲ့ ဒီလိုအပ်ချက်ကို သီးခြား အတည်မပြုနိုင်ကြောင်းနဲ့ ဒီ ဂါလန် တသန်းလုံးဟာ လယ်ယာစိုက်ပျိုးရေးအတွက် မဟုတ်ဘဲ တခြား လိုအပ်ချက်တွေ အတွက်လည်း ပါဝင်နိုင်ကြောင်း ပြောပါတယ်။

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရတဲ့ထဲမှာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍအပြင် နောက်ကဏ္ဍတခုကတော့ ငါးဖမ်းလုပ်ငန်းပါ။ မုန်တိုင်း အတွင်း ငါးဖမ်းလုပ်ငန်းနဲ့ ဆက်စပ်သူပေါင်း ၃၀,၀၀၀ သေဆုံးခဲ့ဖွယ်ရှိကြောင်း FAO ကဆိုပေမယ့် အရေအတွက် အတိအကျက တော့ ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူးလို့ အယ်လ်ဘတ်တ် လိုင်းဘာ့ဂ်က ပြောခဲ့ကြောင်းပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG