သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်တိုင်းရင်းသား ဒုက္ခသည် နောက်ထပ် ၁,၃၀၀ ကနေဒါ လက်ခံမည်


မြန်မာနိုင်ငံက ကရင်တိုင်းရင်းသား ဒုက္ခသည် ၁,၃၀၀ ကို ကနေဒါနိုင်ငံက လက်ခံမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခုလို မြန်မာနိုင်ငံက ကရင်တိုင်းရင်းသားဒုက္ခသည်တွေကို လက်ခံမယ်ဆိုပြီး ကနေဒါနိုင်ငံ နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဝန်ကြီး ဒိုင်ယန်း ဖင်းလေး (Diane Finley) က ကြေညာလိုက်တာပါ။ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အကြား ကနေဒါနိုင်ငံအနေနဲ့ နောက်ထပ် ကရင်ဒုက္ခသည်တွေကို ထပ်ပြီးလက်ခံမယ်လို့ ပြောဆိုတာပါ။

ကရင်တိုင်းရင်းသား ဒုက္ခသည်တွေဟာ ၁၉၉၅ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး ကေနန်ယူရဲ့ ဌာနချုပ်ကို မြန်မာစစ်အစိုးရတပ်တွေ တိုက်ခိုက်ခဲ့တဲ့အချိန်ကတည်းက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကနေဒါနိုင်ငံ လူဝင်မူကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကရင်တိုင်းရင်းသား ဒုက္ခသည် ၁၄၀,၀၀၀ ဟာ ထိုင်းနိုင်ငံက ကရင်ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်း ၂၀ လောက် နေခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာပေါ်က အဆိုးဝါးဆုံး အခြေအနေအောက်မှာ နေထိုင်ရပ်တည်နေရတဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည်တွေကို ကနေဒါအနေနဲ့ လက်ခံကြိုဆိုမှာ ဖြစ်ပါတယ်။ ဒီလို အကူအညီ အလိုအပ်ဆုံးသူတွေကို အကူအညီပေးခွင့် ရတဲ့အတွက် ကနေဒါနိုင်ငံ ပြည်သူပြည်သားတွေအတွက် ဂုဏ်ယူသင့်တဲ့အကြောင်း ကနေဒါနိုင်ငံ နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒိုင်ယန်း ဖင်းလေးက ပြောဆိုပါတယ်။

ကနေဒါနိုင်ငံအနေနဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည် ၄,၀၀၀ သူ့နိုင်ငံထဲမှာ လက်ခံပြီး အကာအကွယ်ပေးနိုင်လိမ့်မယ်လို့လည်း ပြောဆိုပါတယ်။

ဒီလို ကရင်တိုင်းရင်းသား ဒုက္ခသည်တွေကို လက်ခံတာနဲ့ပတ်သက်လို့ CFOB မြန်မာ့မိတ်ဆွေ ကနေဒါနိုင်ငံသားများအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးတင်မောင်ထူးက အခုလိုပြောပါတယ်။

“ကနေဒါအစိုးရအနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားဒုက္ခသည်တွေကို လက်ခံခဲ့တာဟာ ၂၀၀၆ ခုနှစ်ကတည်းက စတင်လက်ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ လူပေါင်း ၈၀၀ ကိုလက်ခံခဲ့တာပါ။ ပြီးတဲ့နောက် သက္ကရာဇ် ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်တွေမှာ ဒုက္ခသည် ၂,၀၀၀ လောက် လက်ခံခဲ့ပါတယ်။ အခုတခါ ထပ်ပြီးတော့ ၁,၀၀၀ ကျော်ကို လက်ခံမယ်ဆိုတာဟာ အင်မတန်မှ ကောင်းမွန်တဲ့အခြေအနေလို့ ကျနော်တို့က မြင်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။

“ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည် ၁၀၀,၀၀၀ ကျော် ရှိနေပါတယ်။ သူတို့တတွေ နေထိုင်ရတဲ့ဘဝတွေ အထူးသဖြင့် ကလေးတွေရဲ့ အနာဂတ်ဟာ ပျောက်ဆုံးနေတဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကနေဒါအစိုးရရဲ့ မြန်မာပြည်အပေါ် အာရုံစူးစိုက်မှုနဲ့ တကယ့်လက်တွေ့ ဆောင်ရွက်ချက်တွေ ကူညီဆောင်ရွက်မှုကို ပြသရာရောက်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ တချိန်တည်းမှာ ဒုက္ခသည်တွေ တိုင်းရင်းသားတွေရဲ့ အနာဂတ်ကိုလည်း တဖက်ကနေ ပြန်ပြီးတော့ မြှင့်တင်ပေးတယ်လို့ ကျနော်တို့က ယူဆပါတယ်။”

CFOB မြန်မာ့မိတ်ဆွေ ကနေဒါနိုင်ငံသားများအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးတင်မောင်ထူး ပြောပြသွားတာပါ။

ကနေဒါနိုင်ငံက အရာရှိတွေဟာ မကြာသေးခင်ကပဲ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က အခြေအနေတွေကို လေ့လာခဲ့တယ်လို့ ကနေဒါ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကနေဒါကိုရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေအနေနဲ့ ကနေဒါနိုင်ငံတဝန်း အခြေချနေထိုင်နေကြသလို သူတို့ရပ်တည်နေနိုင်အောင် ကနေဒါမှာရှိတဲ့ ဘာသာရေးနဲ့ လူမှုရေး အသင်းအဖွဲ့တွေက ကူညီစောင့်ရှောက်ပေးတဲ့အကြောင်းလည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG